https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Jul 18, 2012

အချစ်တွေ ဘယ်လောက်မှ လုံလောက်သလဲ...?

တစ်ချိန်က စကားဟတာနဲ့ "+++က အရေးပါတာလား ငါက အရေးပါတာလား?" လို့ ပြောတတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျွန်မ ချစ်ကြိုက်ခဲ့ဖူးတယ်။

သူပြောတဲ့ "+++"က ဘယ်အရာမဆို ဖြစ်နိုင်တယ်။ ဥပမာ-- ကျွန်မရဲ့ချစ်သူဟောင်းဖြစ်မယ်၊ ကျွန်မရဲ့ သူငယ်ချင်းတွေဖြစ်မယ်၊ ရုပ်ရှင်ကားပိုင်းရှည်တစ်ကားလည်း ဖြစ်နိုင်တယ်။

ချစ်သူက သင့်ကို "တီဗီက အရေးပါတာလား? ငါကအရေးပါတာလား?" လို့မေးတဲ့အခါ သင့်စိတ်ထဲမှာ "ဒီ နုံအတဲ့ကလေးသူငယ် ငါ့ရှေ့ကပျောက်သွားတာ အကောင်းဆုံးပဲ" လို့ တွေးကောင်းတွေးလိမ့်မယ်။ အဲဒီနောက် နာရီဝက်ကြည့်ပြီး သူနဲ့ချိန်းတွေ့ဖို့ စိတ်ကူးထားတဲ့ သင့်စိတ်ကူးကိုပြောင်းပြီး တစ်နေကုန် အခွေတွေကို သင်ထိုင်ကြည့်ကောင်း ကြည့်နေလိမ့်မယ်။ အဲဒီမှာ ချစ်သူက "တီဗီကြည့်တာနဲ့" သူ့ကိုယ်သူ နှိုင်းလာတဲ့အခါ သူ့စိတ်ကို သင် ပိုဂလိချင်လာလိမ့်မယ်။ ဒါပေမယ့် သိပ်မကြာပါဘူး... သင့်ကိုယ်သင်လည်း မရင့်ကျက်သူဖြစ်ကြောင်း သင်သတိထားမိပါလိမ့်မယ်။

သူ့ကို သင်ချစ်တယ်။ သူနဲ့လက်ချင်းတွဲပြီး ပျော်ပျော်ပါးပါးလျှောက်လည်ဖို့ကိုလည်း သင်မျှော်လင့်တယ်။ ဒါပေမယ့် အခြေအနေက ဘာဖြစ်လို့ ဒီလိုပုံစံပြောင်းသွားခဲ့ရသလဲ? သင့်စိတ်ထဲမှာ သူစိတ်တိုတာကို ပျော်ရွှင်တာထက် ပိုစေချင်တာလား?

ဒီလိုအခြေအနေမျိုးကို တစ်ချိန်က ကျွန်မဆန်းစစ်ခဲ့ဖူးတယ်။ ဒါဟာ စိတ်နေသဘောထားကြောင့်ဖြစ်မယ်လို့ ကျွန်မထင်တယ်။

တကယ်လို့ သူငယ်ချင်းတွေနဲ့ ကျွန်မထွက်လည်တယ်ဆိုပါစို့။ "သူငယ်ချင်းတွေက အရေးပါတာလား? ငါက အရေးပါတာလား?" လို့ပြောမယ့်အစား "ပျော်ပျော်ကစားခဲ့နော်" လို့ သူပြောခဲ့ရင် ညနေ၀င်မိုးချုပ်ထိ သူ့ဖုန်းမကိုင်ဘဲ သူငယ်ချင်းတွေနဲ့ တစ်နေကုန်လျှောက်လည်မယ့် အစီအစဉ်ကိုဖျက်ပြီး သူ့ဆီ ကျွန်မအမြန်ပြန်လာမိလိမ့်မယ်။

တကယ်လို့ ဇာတ်လမ်းတွဲတွေ ကျွန်မကြည့်ချင်တဲ့အခါ ဖုန်းမချခင် "ဇာတ်လမ်းက အရေးပါတာလား ငါက အရေးပါတာလား?"လို့ ပြောမယ့်အစား "အင်း.. ကြည့်ပြီး စောစောအိပ်နော်"လို့ သူပြောခဲ့ရင် နာရီဝက်လောက်ပဲ အခွေကြည့်ပြီး မအိပ်ခင် သူ့ကိုတမင်မက်ဆေ့မပို့မယ့် စိတ်ကူးကိုဖျက်ပြီး "နင့်ကို ငါလွမ်းတယ်"လို့ သူ့ကို ကျွန်မဖုန်းဆက်မိလိမ့်မယ်။

နောက်ဆုံးမှာ အဲဒီကောင်လေးနဲ့ကျွန်မ လမ်းခွဲလိုက်ကြတယ်။ "နင့်အချစ်တွေ ငါ့အတွက် မလုံလောက်ဘူး" လို့ သူကဆိုပါတယ်။ ဘယ်လိုအခြေအနေမှ "လုံလောက်တယ်"လို့ ခေါ်သလဲလို့ သူ့ကို ကျွန်မ မေးကြည့်ချင်ပါတယ်။ သူကလွဲပြီး အရာရာကို ဥပေက္ခာပြုမှ လုံလောက်တယ်လို့ ဆိုရမလား? ကိုယ်ပိုင်လွတ်လပ်မှုတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေကို လက်လွတ်ပြီး အရာအားလုံး သူ့အတွက်ပေးဆပ်မှ လုံလောက်တယ်လို့ ခေါ်မလား?

သာမန်အားဖြင့် ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ဆန်တဲ့အချစ်ဝတ္ထု၊ အချစ်ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာခဲ့တဲ့ ကျွန်မတို့ဟာ အချစ်အတွက် ပေးဆပ်ရမှာကို လိုလားကြတယ်။ "အချစ်အတွက် အရာရာပေးဆပ်ရဲတယ်" ဆိုတာကို ယုံကြည်ထားကြတယ်။

ဒါပေမယ့် တစ်ခါတလေမှာ အချစ်ဟာ အလှူခံဖြတ်ပိုင်းနဲ့တူတယ်။ ကျွန်မတို့မှာ တစ်ပြားတစ်ချပ်မှမလှူတဲ့ ဆုံးဖြတ်ချက်တွေရှိပေမယ့် အသိစိတ်က ကျွန်မတို့ကို တစ်ကိုယ်ကောင်းမဆန်ဖို့ နှိုးဆော်နေတယ်။ မမြင်ရတဲ့ အသိစိတ်ကို အားနာတာကြောင့် စိတ်မပါတပါနဲ့ ပထအကြိမ် ကျွန်မတို့လှူတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်... နောက်တော့ အလှူခံသူက ကျွန်မတို့လှူတာကို "လှူသင့်လှူထိုက်တယ်"လို့ ထင်ပြီး ကျေးဇူးစကားတစ်ခွန်းမှ မပြောဘဲ လှူသမျှကို ယူသွားတော့တယ်။ ကိုယ့်ဘက်ကချည်းပေးဆပ်ဖို့ ကျွန်မတို့ ပင်ပန်းနွမ်းနယ်လာတဲ့အခါ၊ တစ်ဘက်လူက အကြွေးတောင်းသူတစ်ယောက်လို "အချစ်အတွက် ပေးဆပ်မယ်ဆို" လို့ အတင်းအကျပ် တောင်းဆိုလာတဲ့အခါ၊ ပေးဆပ်ရမှာကို ကျွန်မတို့ ကြောက်တတ်လာတယ်။

ကျွန်မ မဆိုးဘူးလို့ ကျွန်မကိုယ်ကျွန်မထင်တယ်။ ဒါပေမယ့် "ချစ်တာ မလုံလောက်ဘူး" လို့ တခြားသူအပြစ်ဖို့တဲ့အခါ အပြစ်ရှိတဲ့လက်ဝါးကပ်တိုင်ကို ထမ်းထားရတယ်လို့ ကိုယ့်ကိုယ်ထင်မိတယ်။ လမ်းခွဲချိန်မှာလည်း ကျွန်မ မနာကျင်၊ မခံစားရခဲ့ရတာ မဟုတ်ဘူး။ ကျွန်မလည်း သူ့ကိုချစ်လို့ နာကျင်၊ ခံစားခဲ့တာရပါပဲ။

အချစ်ကို မတူတဲ့အတိမ်အနက်နဲ့ သတ်မှတ်ခဲ့လို့၊ သူ့အပေါ် ကျွန်မရဲ့အချစ်တွေ မလုံလောက်လို့၊ သူလိုအင်တွေများလို့ ဒါတွေဟာ ကျွန်မတို့ လမ်းခွဲကြတဲ့ အကြောင်းပြချက်ဖြစ်ခဲ့တယ်။

အင်တာဗျူးတစ်ခုမှာ ဒါရိုက်တာတစ်ဦး ဖြေခဲ့တဲ့အဖြေကို ကျွန်မသွားသတိရတယ်။ သူဖြေခဲ့တာက "အချစ်တွေ မလောက်လို့ လမ်းခွဲလိုက်ကြတယ်"တဲ့။

သူပြောချင်တဲ့ အကြောင်းအရာက ရိုမီယိုနဲ့ ဂျူးလိယက်လို နိုင်ငံအချင်းချင်း ရန်ငြိုးထားပြီး မညားကြတဲ့ဇာတ် အခုခေတ်မှာ မရှိတော့ဘူး။ အခုခေတ်လူတွေ လမ်းခွဲကြတဲ့အကြောင်းက အချစ်တွေ မလောက်လို့ဖြစ်တယ်။

အချစ်တွေမလောက်လည်း အချစ်က ရှိနေဦးမှာဖြစ်တယ်။ ဒါပေမယ့် လူတွေမှာ အချစ်ရှိနေရုံနဲ့ မလုံလောက်သေးဘူး။ သူနဲ့လမ်းခွဲလိုက်တယ်ဆိုတိုင်း သူ့ကိုယ်မချစ်လို့ မဟုတ်ဘူး။ အချစ်တွေ မလောက်လို့ဖြစ်တယ်။ လူ့ဘ၀လမ်းခရီးက ရှည်လျားတယ်။ အဲဒီလမ်းခရီးမှာ သူ့တစ်ယောက်ပဲ ရှိနေရုံနဲ့ မလုံလောက်နိုင်ပါဘူး။

နင့်ကိုငါချစ်တယ်။ ဒါပေမယ့် ငါ့မှာ သူငယ်ချင်း၊ အပေါင်းအသင်းဆိုတာရှိတယ်။ ၀တ်ကောင်းစားလှတွေကို ငါကြိုက်တယ်။ ဇာတ်လမ်းတွဲတွေ ငါကြိုက်တယ်။ ငါ့အချစ်၊ ငါမေတ္တာတွေကို ငါ့အလုပ်၊ ငါ့လွတ်လပ်မှုအတွက် ခွဲဝေပေးရဦးမယ်။ နင့်ကိုချစ်တဲ့ ငါ့အချစ်တွေ ဘယ်လောက်မှ လုံလောက်တယ်လို့ ထင်သလဲ?


နိုင်းနိုင်း စနေ ဘာသာပြန်
မူရင်း...မူရင်း--- google search or 愛,要多少才夠?

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...