https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Oct 25, 2012

အားတက်ဖွယ် ဈာပန အခမ်းအနားတစ်ခု

အားတက်ဖွယ် ဈာပန အခမ်းအနားတစ်ခု

ဆရာမ ဒွန်နာ၏ စတုတ္ထတန်းသင်ခန်းစာလေးမှာ မြင်နေကျ အခြားသင်ခန်းစာများနှင့် မခြားလှ။ ကလေးတွေ စာရေးစားပွဲကိုယ်စီနှင့် ထိုင်နေကြသည်။ ခုံတန်း ငါးတန်း၊ တစ်တန်းမှာ ခြောက်ခုံ။ ဆရာမ စားပွဲက အတန်းရှေ့မှာ။ ကျောင်းသားတွေနှင့် မျက်နှာချင်းဆိုင်လျက်။ မှတ်တမ်းဘုတ်မှာ ကလေးတွေ ဆောင်ရွက်နေသည့် ကျောင်းသင်ချန်းစာအမည်ကို ဖော်ပြထားသည်။
ခြုံကြည့်လိုက်လျှင်တော့ သမရိုးကျ မူလတန်းသင်ခန်းစာ တစ်ခန်းလိုပင် ထင်ရသည်။ သို့သော် သည်အခန်းထဲ ၀င်သည်နှင့်ပင် တစ်ခုခုတော့ ထူးခြားသည်ဆိုတာ ကျွန်တော် ခံစားမိလိုက်သည်။ အပေါ်ယံက ငြိမ်သက်နေသော်လည်း ကလေးတွေအားလုံး စိတ်လှုပ်ရှား တက်ကြွနေကြသည်ပဲ။
ဒွန်နာက လုပ်သက်ရင့် ဆရာမကြီးတစ်ယောက် ဖြစ်သည်။ အငြိမ်းစားယူရန် နှစ်နှစ်မျှသာ လိုတော့သည်။ သူက ပုံမှန် သင်ကြားရေးအလုပ်အပြင် ကျွန်တော်စီစဉ်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေး မွမ်းမံ သင်တန်းသို့လည်း ဆန္ဒအလျောက် တက်ရောက်နေသူ ဖြစ်သည်။ သည်သင်တန်း၏ အဓိက ဦးတည်ချက်က ကျောင်းသား၊ ကျောင်းသူလေးများအား ကိုယ့်အားကိုယ်ကိုးစိတ်အပါအ၀င် စိတ်ထား ကောင်းများ ကိန်းအောင်းလာအောင် ပျိုးထောင်လေ့ကျင့်ပေးရေး ဖြစ်သည်။ ဒွန်နာ့အလုပ်က သင်တန်း တက်ရန်နှင့် သင်တန်းက ပို့ချပေးလိုက်သည့် သဘောတရားများကို စာသင်ခန်းတွင်းမှာ လက်တွေ့အသုံးချ ကြည့်ရန်ဖြစ်ပြီး ကျွန်တော်က စာသင်ခန်းတွေ လှည့်လည်ကြည့်ရှုကာ စိတ်ဓာတ်ရေးရာ သင်ခန်းစာများ လက်တွေ့အသုံးချမှု ထိရောက်အောင်မြင်အောင် အားပေးကူညီရန်ဖြစ်သည်။
စာသင်ခန်းနောက်ပိုင်းရှိ ထိုင်ခုံလွတ်တစ်လုံးမှာ ၀င်ထိုင်ကာ အတန်းကို ကျွန်တော် အကဲခတ် ကြည့်နေသည်။ ကောင်းသားအားလုံးပင် ဆရာမပေးထားသောအလုပ်တွင် အာရုံစူးစိုက်နေကြသည်။
သူတို့စိတ်ကူး၍ ရသမျှကို ဗလာစာရွက်တစ်ခုတွင် ချရေးနေကြခြင်းပင်။ ဘာစိတ်ကူးတွေလဲ။
ကျွန်တော့်အနီးရှိ ဆယ်နှစ်အရွယ် ကျောင်းသူလေးက သူမ၏စာရွက်တွင် “ကျွန်မ မလုပ်နိုင်သော အရာများ” ဟူသည်ကို တစ်ခုပြီးတစ်ခု ရေးချနေသည်။
“ဘောလုံးကို အလယ်တန်းကစားသူများထက်ကျော်အောင် ကျွန်မ မကန်နိုင်”
“ဒက်ဘီ ကျွန်မကိုခင်လာအောင် ကျွန်မမလုပ်နိုင်”
သူမ၏ စာရွက်မှာ တစ်ဝက်ခန့် ပြည့်နေပြီ။ သို့သော် ရပ်မည့်အရိပ်လက္ခဏာ လုံးဝမပြ။ ဆက်ပြီးသာ စဉ်းစားလိုက် ချရေးလိုက်နှင့် စိတ်ပါလက်ပါ လုပ်ကိုင်နေသည်။
ကျွန်တော် ခုံတန်းတွေကြား လျှောက်သွားကာ ဟိုသည် ငဲ့စောင်းကြည့်သည်။ အားလုံးပင် သူတို့ မလုပ်နိုင်သော အရာတွေချည်း တစ်ကြောင်းပြီးတစ်ကြောင်း ရေးချနေကြသည်။
“ကျွန်တော် ဆယ်ကြိမ်ပြည့်အောင် ဒိုက်(ဗ)ထိုး၍မရ”
“ဘေ့စဘောကို ဘယ်ဘက်ကွင်းစည်းကျော်အောင် ကျွန်တော်မရိုက်နိုင်”
“ကျွန်တော် ကွတ်ကီစားရလျှင် တစ်ခုတည်းနှင့် ဘယ်တော့မှ မတင်းတိမ်နိုင်”
သည်ဟာတွေ လိုက်ဖတ်ကြည့်ပြီး ကျွန်တော်သိချင်လာသည်။ ဘာအဓိပ္ပာယ်လဲ၊ ဘာအတွက် ဒါတွေ ရေးနေကြသလဲ။ သည်ကိစ္စ ဆရာမကိုမေးကြည့်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။ သို့သော် ဆရာမအနီး ရောက်လာတော့ သူလည်း ဒါတွေပဲ သဲသဲမဲမဲရေးနေတာ တွေ့ရသည်။
အနှောက်အယှက်မပေးတာ ကောင်းပါတယ်ဟု တွေးမိပြီး တစ်စေ့တစ်စောင်းသာ လှမ်းကြည့်မိ သည်။
“ဂျွန်၏မိခင်ကို ဆရာမနှင့်လာတွေ့ရန် ကျွန်မခေါ်၍မရ”
“သမီးအား ကားဓာတ်ဆီဖြည့်ရန် ကျွန်မခိုင်း၍မရ”
“အလန်အား လက်သီးအစား စကားကိုအသုံးပြုရန် ကျွန်မပြော၍မရ”
ဘာကြောင့် ကလေးတွေရော ဆရာမပါ အပြုသဘောဆောင်သည့် “ကျွန်တော်၊ ကျွန်မ လုပ်နိုင်သော အရာများ” ကို မရေးဘဲ အပျက်သဘောဖြစ်သည့် “မလုပ်နိုင်သော အရာများ” ဆိုသည်ကို ရေးနေရသနည်း ဆိုတာ မေးချင်လှသည်။ သို့သော် လတ်တလော အခြအနေ မပေးသည်နှင့် နောက်ဘက်ပိုင်းရှိ စောစောက ခုံမှပင် အသာပြန်ထိုင်ကာ ဆက်၍ အကဲခတ်နေမိသည်။
နောက်ထပ် ဆယ်မိနစ်ခန့် သူတို့ ရေးနေကြသည်။ အတော်များများပင် စာတစ်မျက်နှာ ပြည့်သွား ကြသည်။ အချို့က နောက်တစ်မျက်နှာ ဆက်ရေးနေသည်။
“အခုရေးနေတဲ့ တစ်ခုပြီးရင် တော်ပြီ၊ နောက်ဆက်မရေးနဲ့တော့၊ ဒွန်နာက ကလေးတွေကို ရပ်နားခိုင်းလိုက်သည်။ ပြီးလျှင် မိမိတို့ ရေးပြီးသား စာရွက်များကို ခေါက်ပြီး ယူလာကြရန် ညွှန်ကြားသည်။ အဲသည်နောက် ကလေးများအားလုံး “ကျွန်တော်၊ ကျွန်မ မလုပ်နိုင်သော အရာများ ရေးမှတ်ထားသည့် စာရွက်ခေါက် အသီးသီးကို ဆရာမအနီးရှိ ဖိနပ်ဘူးခွံထဲသို့ ထည့်ကြသည်။
ကလေးများ၏ စာရွက်တွေ စုံပြီးသည့်နောက် ဒွန်နာက သူမ၏မှတ်တမ်းစာအုပ်ကို ထည့်သည်။ ထို့နောက် ဘူးခွံကို အဖုံးပိတ်လိုက်ပြီး ချိုင်းကြားမှာညှပ်ကာ အခန်းပြင်ဘက် ထွက်လာသည်။ အပြင်ခန်းမ အတိုင်း လျှောက်ထွက်သွားရာ တပည့်တွေ သူ့နောက်က တန်းစီ၍ လိုက်ကြသည်။ ကျွန်တော်လည်း သူတို့နောက်က။
ခန်းမကြီး အလယ်ပိုင်းနားလောက်တွင် စတိုခန်းရှိသည်။ ဒွန်နာက စတိုခန်းထဲ ၀င်ရောက်ရှာဖွေပြီး ဂေါ်ပြားတစ်လက်နှင့် ပြန်ထွက်လာသည်။ ဂေါ်ပြားကို လက်တစ်ဖက်က ကိုင်၊ ဖိနပ်ဘူးကို နောက် တစ်ဖက်က ကိုင်ကာ တပည့်များကို ဦးဆောင်လျက် ကျောင်းကစားကွင်း၏ ဟိုအဝေးဆုံး ထောင့်ဘက် ဆီသို့ ဒွန်နာ ချီတက်သွားသည်။
အဲသည်နားမှာ သူတို့ တွင်းတူးကြသည်။
လက်စသက်တော့ သူတို့ “မလုပ်နိုင်သော အရာများ” ကို မြေမြှုပ်သင်္ဂြိုဟ်ရန် စီမံနေကြခြင်းပဲကိုး။
ကလေးတိုင်းလိုလိုက တစ်ချက်လောက်တော့ ၀င်တူးချင်ကြသဖြင့် သူတို့ကို အလှည့်ပေးနေရ သည်ဖြစ်ရာ တွင်းတူးချိန် ဆယ်မိနစ်လောက် ကြာသွားသည်။ သုံးပေအနက်လောက်မှာ တွင်းတူးရပ်သည်။ “ကျွန်တော်၊ ကျွန်မ မလုပ်နိုင်သော အရာများ” ကို တွင်းအောက်ခြေမှာ နေရာချပြီးနောက်တွင် အလျင်အမြန် မြေပြန်ဖို့ကြသည်။
၁၀ နှစ်၊ ၁၁ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ သုံးဆယ့်တစ်ဦး လတ်တလတ်ဆတ်ဆတ် သင်္ချိုင်းမြေပုံ နံဘေးမှာ ရပ်ကြသည်။ သူတို့အသီးသီး၏ စာတစ်မျက်နှာ အပြည့်မျှစီရှိသည့် “မလုပ်နိုင်သောအရာ” တွေသည် မြေကြီးအောက်ရှိ ဖိနပ်ဘူးထဲတွင် ရောက်ရှိနေပြီ။ သူတို့သာမဟုတ်၊ ဆရာမ၏ မလုပ်နိုင်သော အရာများလည်း အဲသည်အထဲမှာ ပါသည်။
သည်အချိန် ဆရာမက ကြေငြာသည်။
“သားတို့ သမီးတို့ …. တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ကြ၊ အားလုံး ဦးညွှတ်ကြ”
ချက်ချင်းပင် ကလေးများအားလုံး သင်္ချိုင်းမြေပုံကို ပတ်ဝိုင်းကာ လက်ချင်း ချိတ်တွဲလိုက်ကြသည်။ သည်နောက် ခေါင်းတွေငုံ့ကာ ဆရာမအသံကို နားစွင့်နေကြသည်။ ဆရာမဒွန်နာက သေဆုံးသူအတွက် နှုတ်ဆက်စကား ပြောကြားသည်။
မိတ်ဆွေများ… သည်ကနေ့ ကျွန်ုပ်တို့ဟာ “ကျွန်တော်/ကျွန်မ မလုပ်နိုင်သော အရာများ” အတွက် နောက်ဆုံး နှုတ်ဆက်စကားဆိုဖို့ စုဝေးရောက်ရှိနေကြခြင်း ဖြစ်ပါတယ်။ သူဟာ ဒီကမ္ဘာမြေမှာ ကျွန်ုပ် တို့နဲ့အတူ အသက်ထင်ရှားရှိစဉ်က ကျွန်ုပ်တို့ရဲ့ ဘ၀များအပေါ် ရိုက်ခတ်လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ တချို့ လူများ အပေါ်မှာဆိုရင် ပိုလို့တောင် လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ သူ့ရဲ့ အမည်နာမကို စာသင်ကျောင်းတွေ၊ မြို့တော်ခန်းမတွေ၊ ပြည်နယ် လွှတ်တော်ရုံးတွေသာမက သမ္မတအိမ်တော် အပါအ၀င်ဖြစ်တဲ့ အများပြည်သူ ဆိုင်ရာ နေရာဌာနတိုင်းမှာ ပြောဆိုနေခဲ့ကြရကြောင်း ၀မ်းနည်းစွာ ပြောကြားလိုပါတယ်။
“… ယခု သည်ကနေ့မှာတော့ ကျွန်ုပ်တို့ဟာ “ကျွန်တော်/ကျွန်မ မလုပ်နိုင်သော အရာများ” အတွက် နောက်ဆုံး လဲလျောင်းရာ နေရာကို သတ်မှတ်ပေးလိုက်ပါပြီ။ သူ့အတွက် ကမ္ပည်းကျောက်စာတိုင် တစ်တိုင်လည်း အဆင်သင့် ရှိနေပါပြီ။ သူကွယ်လွန်သွားပြီးတဲ့နောက်မှာ သူ့ရဲ့ မောင်၊ညီ၊ညီမ များဖြစ်တဲ့ “ကျွန်တော်/ကျွန်မ လုပ်နိုင်ပါတယ်” “ကျွန်တော်/ကျွန်မ လုပ်ပါ့မယ်” “အခု ချက်ချင်း ကျွန်တော်/ကျွန်မ ထ လုပ်မယ်” တို့ ကျန်ရစ်ခဲ့ပါတယ်။ သူတို့ကတော့ ကွယ်လွန်သူလောက် လူသိမများ မထင်ရှားကြပါဘူး။ သူ့လောက်လည်း တန်ခိုးစွမ်းအား မကြီးမားကြပါဘူး။ သို့သော် တစ်နေ့မှာတော့ သူတို့ဟာ မိတ်ဆွေတို့ရဲ့ အကူအညီနဲ့ တန်ခိုးစွမ်းအား တက်လာပါလိမ့်မယ်။ သူတို့ရဲ့ ကွယ်လွန်သူ သားချင်းထက်တောင် ပိုကြီးကျယ်ထင်ရှားတဲ့ လုပ်ရပ်တွေ ဒီကမ္ဘာပေါ်မှာ ထင်ရှားပြသလာပါလိမ့်မယ်။

“… ကျွန်တော်/ ကျွန်မ မလုပ်နိုင်သော အရာများသည် ထာဝရငြိမ်းချမ်းစွာ နားနေအိပ်စက် နိုင်ပါစေသတည်း။ သူမရှိသည့်နောက်၌ လူအားလုံးတို့ပင် မိမိတို့ဘ၀ကို မိမိတို့ထူထောင်ကာ ရှေ့သို့ တက်လှမ်းနိုင်ကြပါစေသတည်း”

ထိုနေ့ ဈာပန အခမ်းအနားတွင် ဆရာမဒွန်နာ ပြောကြားခဲ့သည့် စကားများကို နားထာင်ရင်း သူမ၏တပည့် ကျောင်းသူ၊ ကျောင်းသားလေးများအဖို့ သည်ကနေ့ အတွေ့အကြုံကို ဘယ်သောအခါမျှ မေ့ပျောက်နိုင်ကြလိမ့်မည်မဟုတ်ဟု ကျွန်တော် သဘောပေါက်နေမိခဲ့သည်။ ထိုနေ့က သူတို့လုပ်ရပ်သည် ဘ၀အတွက် အလွန်တန်ဖိုးရှိသည့် အနက်အဓိပ္ပာယ်တွေ အများကြီးပါသော “သင်္ကေတ” လုပ်ရပ်တစ်ခု ဖြစ်သည်။ အဲသည်နေ့ အတွေ့အကြုံသည် သူတို့၏ သိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ ထာဝရစွဲကပ် ကိန်းအောင်းသွားမည့် လက်ယာဦးနှောက်ခြမ်း အတွေ့အကြုံတစ်ရပ်ပင် ဖြစ်သည်။

“မလုပ်နိုင်သော အရာများ” ကို ရေးသားခြင်း၊ ၄င်းတို့ကို မြှုပ်နှံသင်္ဂြိုဟ်ခြင်း၊ ကွယ်လွန်သူအတွက် နှုတ်ဆက်စကား ပြောကြားခြင်း စသည့် လုပ်ရိုးလုပ်စဉ်မဟုတ်သော အလုပ်များကို တမင်တကာ စီစဉ် လုပ်ကိုင်ရသည်မှာ ဆရာမတစ်ဦးအဖို့ လွယ်ကူမည် မဟုတ်ပါ။ သို့သော် ဒွန်နာကတော့ ထိုမျှနှင့်ပင် မကျေနပ်သေး။ နှုတ်ဆက်စကား ပြောကြားပြီးသည့်နောက်တွင် တပည့်များကို စာသင်ခန်းဘက်သို့ ပြန်လည်ချီတက်စေပြီး ဈာပနအထိမ်းအမှတ် စားသောက်ပွဲတစ်ရပ် ကျင်းပသည်။

“မလုပ်နိုင်သော အရာများ” ကွယ်လွန်ခြင်း အထိမ်းအမှတ် ကွတ်ကီ၊ ပြောင်းဖူးပေါက်ပေါက်နှင့် သစ်သီးဖျော်ရည်များ သူတို့စားသောက်ကြသည်။ အထိမ်းအမှတ်ပွဲ၏ အစီအစဉ်တစ်ရပ်အဖြစ် ဒွန်နာက ကတ်ထူစက္ကူချပ်ကြီးတစ်ခုကို ဖြတ်တောက်ကာ ကမ္ပည်းကျောက်စာတိုင်တစ်ခု ပြုလုပ်သည်။ “ကျွန်တော်/ ကျွန်မ မလုပ်နိုင်သော အရာများ” ဟူသော နာမည်စာလုံးကို စာချပ်အထက်ပိုင်းတွင်ရေးပြီး ကွယ်လွန်သော နေ့ရက်ကို အောက်၌ ရေးထိုးသည်။
စက္ကူကမ္ပည်းကျောက်စာတိုင်ကို ဒွန်နာ၏စာသင်ခန်း၌ ထိုနှစ်တစ်နှစ်လုံး ဆက်လက်ချိတ်ဆွဲ ထားသည်။ ရှားရှားပါးပါး တခါတရံ ကျောင်းသားတစ်ယောက်တစ်လေက ကျွန်တော်/ကျွန်မ မလုပ်နိုင်ပါ ဟူသော စကားကို ယောင်မှားပြောဆိုမိပါက ဒွန်နာက အဆိုပါသင်္ချိုင်းကျောက်စာကို လှမ်း၍ ညွှန်ပြလေ့ ရှိသည်။ သည်အခါ တပည့်ဖြစ်သူလည်း “မလုပ်နိုင်သော အရာများ” သေဆုံးသွားခဲ့ပြီဟူသည်ကို ချက်ချင်း ပြန်လည်အမှတ်ရကာ မိမိ၏စကားကို ပြန်ပြင်မိရမြဲဖြစ်သည်။
ကျွန်တော်ကား ဒွန်နာ၏ တပည့်တစ်ဦးမဟုတ်ပါ။ သူမသာလျှင် ကျွန်တော်၏တပည့် ဖြစ်ခဲ့ဖူး ပါသည်။ သို့သော် ထိုနေ့ကမူ တစ်သက်မမေ့နိုင်သည့် သင်ခန်းစာတစ်ခု သူမထံမှ ကျွန်တော် ရရှိခဲ့ပါသည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့် သည်ကနေ့ကာလတိုင်အောင်ပင် “မလုပ်နိုင်ပါ” ဆိုသော စကား တစ်ခွန်းကြားမိတိုင်း စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူလေးများ၏ ဈာပနအခမ်းအနားကို ကျွန်တော် ပြန်လည်မြင်ယောင်မိရမြဲဖြစ်သည်။ ထိုကလေးများနည်းတူပင် “မလုပ်နိုင်သော အရာများ” သေဆုံးခဲ့ပြီးပြီ ဆိုသည်ကို ကျွန်တော် အမှတ်ရနေမိပါသည်။

[မူရင်း။ ။ Chick Moorman ၏ Rest In Peace: "I Can't" Funeral]  (ဖေမြင့် ဘာသာပြန်သည်။)

သင့်ဘဝသက်တမ်းမှာရော ဘာတွေလုပ်မလဲ

သည်ဘ၀ သက်တမ်းအတွင်းမှာ
သင်ဘာတွေ လုပ်ဆောင်သွားမည်လဲ

လူ့သက်တမ်းတစ်ခုဆိုသည်မှာ ရှည်လျားလှသည်ဟု မဆိုသာ။ လူအတော်များများပင် ဘာမျှရေရေရာရာ လုပ်လိုက်ရသည် မရှိဘဲ တစ်ဘ၀ ကုန်လွန်သွားတက်ကြသည် ။

သို့သော် ရည်မှန်းချက်နှင့် ထက်သန်မှုသာ ပြည့်ပြည့်၀၀ ရှိမည်ဆိုက မရှည်လျားသော ထိုဘ၀သက်တမ်း အတွင်းမှာပင် ကိစ္စရပ် မြောက်များစွာ လုပ်ကိုင် ဆောင်ရွက် သွားနိုင်ကြပါသည်။
အောက်တွင် ဖော်ပြမည့် ဂျွန် ဂေါ့ဒါ့ဒ်၏ လုပ်ဆောင်ချက်များကို ကြည့်လျှင် စာဖတ်သူအနေနှင့် မိမိဘ၀ အတွက် စဉ်းစားဆင်ခြင်စရာ များစွာရရှိလာလိမ့်မည်ဟု ယူဆပါသည် ။

***
ဂျွန်ဂေါ့ဒါ့ဒါဆိုသည်က စာပေ၀ါသနာပါသလောက် စွန့်စားသွားလာမှုကိုလည်း အလွန်နှစ်သက်သော လူငယ်တစ်ဦးဖြစ်သည် ။ရှေးကရှိခဲ့သည့် ရှာဖွေစွန့်စားခရီးသွားသူကြီးများကို သူအားကျသည် ။ National Geographic လိုမဂ္ဂဇင်းမျိုးကို ဖတ်ကာ ကမ္ဘာတစ်လွှားမှ ထူးခြားသည့်နေရာဒေသများသို့ သွားချင်လာချင်သည်။ ကမ္ဘာ့ပညာရှိတွေ၏ သုတရသ စာပေတွေကိုလည်း နှံ့စပ်စုံလင်အောင် သူဖတ်ကြည့်ချင်သည် ။ သည့်ပြင် သည့်ပြင်လည်း သူလုက်ကြည့်ချင်တာတွေ အများကြီး ။
အသက် ၁၅ နှစ်အရွယ်၌ ဂျွန်ဂေါ့ဒေါ့ဒ် မီးဖိုချောင်စားပွဲလေးမှာ ထိုင်ကာ My Life List ဟုခေါင်းစဉ် တပ်လျှက် တစ်သက်တာ အတွင်း သူလုပ်ဆောင်သွားမည့် စာရင်းကို ချရေးသည်။
သည်စာရင်းထဲတွင် သူလုပ်ကိုင်ချင်သည့် အရာသို့မဟုတ် သူ့ရည်မှန်းချက်ပန်းတိုင်ပေါင်း ၁၂၇ ခုတိတိ ပါဝင်သည် ။ သည်ပန်းတိုင်တွေကို တစ်ခုပြီး တစ်ခု အရောက်လှမ်းခဲ့ရာ အသက် ၇၀ အရွယ် (၁၉၉၂ ခုနှစ်) ၌ ၁၁၀ ခုတိတိ အောင်မြင်ပြီးစီးခဲ့သည်။
သူ့စာရင်းကိုလေ့လာကြည့်ပါ ။

(ဖေမြင့်စာအုပ်ထဲတွင် အမှန်ခြစ်တွေနဲ့ သူလုပ်ကိုင်ဆောင်ရွက်ပြီးတာတွေကို ပြပါသည် ကျွန်တော်က ဖိုရမ်မှာ အစဉ်မပြေလို့ လုပ်ကိုင်ဆောင်ရွက်ပြီးတာတွေကို ဒီအရောငအမှတ်သားနှင့်ဖော်ပြပါမည်ခင်ဗျာ မလုပ်ဖြစ်ခဲ့တာတွေကိုတော့ အပြာ နဲ့ပေါ့။ )(ပြုလုပ်ပြီး) (မပြုလုပ်ခဲ့ရ)



စူးစမ်းလေ့လာမည့် မြစ်ကြီးများ
၁။ နိုင်းမြစ် (အီဂျစ်) (အာဖရိက)
၂။ အမေဇုံမြစ် (ဘရာဇီးလ်) (တောင်အမေရိက)
၃။ ကွန်ဂိုမြစ် (အလယ်အာဖရိက )
၎။ ကိုလိုရာဒိုမြစ် (အမေရိကန်ပြည်)
၅။ ယန်စီမြစ် (တရုတ်ပြည်)
၆။ နိုက်ဂျာမြစ် ( အနောက်အာဖရိက)
၇။ အောရိနိုကိုမြစ်
၈။ ရီယိုကိုကိုမြစ် (နီကရာဂွါ) (အလယ်အမေရိက)

ကနဦးယဉ်ကျေးမှုစနစ်များအကြောင်း သွားရောက်လေ့လာမည့် တိုင်းပြည်ဒေသများ

၉။ ကွန်ဂို
၁၀ ။ နယူးဂီနီကျွန်း
၁၁ ။ ဘရာဇီးလ်
၁၂ ။ ဘော်နီယို ကျွန်း
၁၃ ။ ဆူဒန် (ဆူဒန်တွင် သဲမုန်တိုင်းဖုံး၍ သေဆုံးလုနီးပါးဖြစ်ခဲ့သည်။)
၁၄။ ၾသစေၾတးလ်
၁၅ ။ ကင္ညာ
၁၆ ။ ဖိလစ်ပိုင်
၁၇ ။ တန်ဂန်ယိကာ (ယခု တန်ဇန်းနီးယား)
၁၈ ။ အီသီယိုးပီးယား
၁၉ ။ နိုက်ဂျီးရီးယား
၂၀ ။ အလာစက

တက်မည့်တောင်များ

၂၁ ။ ဧ၀ရက် (နီပေါ - တိဘက်နယ်စပ်)
၂၂ ။ အာကွန်ကာဂွါ( အာဂျင်တီးနား)
၂၃ ။ မက္ကင်လေ (အလာစက)(အမေရိကန်ပြည်)
၂၄ ။ ဟွာစကာရန် (ပီရူး)
၂၅ ။ ကီလီမန်ဂျာရိုး (တန်ဇန်းနီးယား)
၂၆ ။ အာရာရတ် (တူရကီ)
၂၇ ။ ကင်ညာ(ကင်ညာ)
၂၈ ။ ကွတ်(ခ)(နယူးဇီလန်)
၂၉ ။ ပိုပိုကတက်ပက်တဲလ် (မက္ကဆီကို)
၃၀ ။ မက်တာဟွန်း (ဆွစ် - အီတလီ နယ်ခြား )(အဲ့လ်ပ်စ်တောင်တန်း)
၃၁ ။ ရိန်နီယာ (အမေရိကန်ပြည်)
၃၂ ။ ဖူဂျီ (ဂျပန်)
၃၃ ။ ဘရိုမို (ဂျာဗားကျွန်း)(အင်ဒိုနီးရှား)
၃၄ ။ ဂရင်းတီတန်း (စ) (အမေရိကန်ပြည်)
၃၅ ။ ဂရင်းတီတန်း(စ) (အမေရိကန်ပြည်)
၃၆ ။ ဘော်လဒီ (ကယ်လီဖိုးနီးယား) (အမေရိကန်ပြည်)

ဓါတ်ပုံသွားရိုက်မည့် နေရာများ

၃၇ ။ အီဂွါကူး ရေတံခွန် (ဘရာဇီးလ်)
၃၈ ။ ၀ိတိုရိယ ရေတံခွန် (ရိုဒေရှား)(တောဝက်အလိုက်ခံရသည်)
၃၉ ။ ဆူသာလန် ရေတံခွန် (နယူးဇီလန်)
၄၀ ။ ယိုဆီမီတီး ရေတံခွန် (ကနေဒါ - အမေရိကန် )
၄၁ ။ နိုင်ယာဂရာ ရေတံခွန် (ကနေဒါ - အမေရိကန်)
၄၂ ။ မာကိုပိုလိုနှင့် အလက်ဇန္ဒား-သ-ဂရိတ်တို့၏ ခရီးစဉ်များ တစ်လျှောက်



ရေအောက်နှင့်ရွှံ့ညွှန်တောများ စူးစမ်းလေ့လာရေး

၄၃ ။ ဖလော်ရီဒါရှိ သန္တာကျောကတန်းများ (အမေရိကန်)
၄၄ ။ ဂရိတ်ဘာရီယာကျောက်တန်း (သြစတြေးလျ) (ပေါင် ၃၀၀ ရှိဂုံးကောင်ကြီး ဓါတ်ပုံရိုက်ခဲ့)
၄၅ ။ ပင်ဘယ်နီ (အာရေဗျ)
၄၆ ။ ဖီဂျီကျွန်းစု (အနောက်တောင်ပစိဖိတ်)
၄၇ ။ ဘဟားမားကျွန်းစု (အနောက်အိန္ဒိယ ကျွန်းစု)
၄၈ ။ အိုကီဖင်နိုကီး ညွှန်အိုင်နှင့် အဲဗားဂလိတ်(စ)ညွှန်တောဒေသ (အမေရိကန်)


အလည်သွားရောက်မည့် နေရာများ

၄၉ ။ တောင်နှင့်မြောက်ဝန်ရိုးစွန်းများ
၅၀ ။ တရုတ်တံတိုင်းကြီး
၅၁ ။ ပနားမားတူးမြောင်း နှင့် စူးအက်တူးမြောင်း
၅၂ ။ အီစတာ ကျွန်း (ပစိဖိတ်)
၅၃ ။ ဂလာပါဂို့စ်ကျွန်းစု (ပစိဖိတ်)
၅၄ ။ ဗက်တီကင်မြို့တော် (ရောမမြို့နယ်နိမိတ်အတွင်း)(ပုပ်ရဟန်းမင်းကြီးကိုဖူးမြော်ရန်)
၅၅ ။ တပ်(ချ) မဟာလ်( အိန္ဒယ)
၅၆ ။ အီဖဲလ်မျှော်စင် (ပြင်သစ်)
၅၇ ။ သဘလူးဂရော့ကို ဥမင်
၅၈ ။ လန်ဒန်မျှော်စင် (အင်္ဂလန်)
၅၉ ။ ပီဆာမြို့ရှိယိမ်းစောင်းမျှော်စင် (အီတလီ)
၆၀ ။ ချီချင်အစ်ဇာရှိ သန့်စင်သော ရေတွင်းတော် (မက္ကဆီကို)
၆၁ ။ သြစတြေးလျတိုက်ရှိ အိုင်ယား(စ) ကျောက်တုံးကြီး (တက်ကြည့်ရန်)
၆၂ ။ ဂျော်ဒန်မြစ်ကို ဂါလီလဲပင်လယ်မှ ပင်လယ်သေထိလိုက်ကြည့်ရန် ။
၆၃ ။ ကမ္ဘာ့နိုင်ငံအားလုံးသို့ သွားရောက်လည်ပတ်ရန် ၊ (နိုင်ငံ ၃၀ သာသွားရန် ကျန်တော့သည်)

ရေဆင်းကူးမည့် ကန်ကြီးများ

၆၄ ။ ၀ိတိုရိယအိုင် (အာဖရိက)
၆၅ ။ ဆူပီးရီးယားအိုင် (မြောက်အမေရိက)
၆၆ ။ တန်ဂန်ယီကာအိုင် (အာဖရိက)
၆၇ ။ တီတိကာကာအိုင် (တောင်အမေရိက)
၆၈ ။ နီကရာဂွါအိုင် (နီကရာဂွါ) (အလယ်အမေရိက)



အခြားစွမ်းဆောင်စရာများ

၆၉ ။ အီးဂဲလ် ကင်းထောက်အဖွဲ့ဝင် ဖြစ်ရန် ။
၇၀ ။ ရေငုပ်သင်္ဘောနှင့်ရေအောက်သို့ လိုက်ပါရန် ။
၇၁ ။ လေယာဉ်တင်သင်္ဘောပေါ်သို့ လေယာဉ်ဖြင့် ဆင်းကြည့်တက်ကြည့်ရန် ။
၇၂ ။ ရေယာဉ်ပျံ ၊မီးပုံးပျံ ၊ ဂလိုက်ဒါတို့ မောင်းနှင်ပျံသန်းကြည့်ရန် ။
၇၃ ။ ဆင် ၊ ကုလားအုတ် ၊ငှက်ကုလားအုတ် နှင့် မြင်းရိုင်းတို့စီးရန် ။
၇၄ ။ ရေအောက်ပေ ၄၀ အထိ ရေငုပ်ဝတ်စုံမပါဘဲ ငုပ်ရန် ၊ နှစ်မိနစ်ခွဲတိတိ ရေအောက်တွင် အသက်အောင့်နေရန် ။
၇၅ ။ ၁၀ ပေါင်အလေးစီးသည့် ပုစွန် ထုပ်နှင့် ၁၀ လက်မ ရှည်သည့် ပင်လယ်ခုရုကြီးများကို ကိုယ်တိုင်ဖမ်းရန် ။
၇၆ ။ ပုလွေမှုတ်နှင့် တယောထိုးသင်ရန် ။
၇၇ ။ တစ်မိနစ်လျှင် စာလုံးရေ ၅၀နှုန်း လက်နှိပ်စက် ရိုက်ရန် ။
၇၈ ။ လေထီးခုန်ကြည့်ရန် ။
၇၉ ။ ရေလွှာလျှောစီး ၊ နှင်းခဲပြင်လျှောစီးများ သင်ရန် ၊
၈၀ ။ သာသနာပြုအဖွဲ့နှင့် ခရီးလိုက်ပါရန် ။
၈၁ ။ သဘာဝဗေဒပညာရှင်ကြီး ဂျွန်မြူအာ သွားခဲ့သည့် လမ်းကြောင်းများအတိုင်း လိုက်ကြည့်ရန် ။
၈၂ ။ တိုင်းရင်းဆေးပညာလေ့လာ ၍ အသုံးဝင်သေးသည့် အချို့ဆေးဝါးနည်းနာများ ပြန်လည်ဖော်ထုတ်ရန် ။
၈၃ ။ လူ အရောက်အပေါက်နည်းသော ဒေသများသို့ သွားရောက်၍ စူးစမ်းလေ့လာခြင်းနှင့် ဆေးဝါးကုသခြင်းများ တွဲဖက်လုပ်ကိုင်ရန် ( ဆေးအကြိုသင်တန်း တက်ခဲ့သည် ။ ရှေးကျသော မျိုးနွယ်စုများ အကြား သွားရောက်ကာဆေးဝါး ကုသမှုများ အကြား သွားရောက်ကာ ဆေးဝါးကုသမှုများ ပြုခဲ့သည် ။ )
၈၄ ။နာဗာဟိုနှင့် ဟိုပီအင်ဒီယန်းများအကြောင်း သွားရောက်လေ့လာရန် ။
၈၅ ။ ဆင် ၊ ခြသေ့င်္၊ ကြံ့ ၊ ကျားသစ် ၊ တောင်အာဖရိက ကျွဲ ၊ ဝေလငါး တို့အား ထူးထူးခြားခြား အမှတ်တရဓါတ်ပုံရိုက်ကူးရန် ။
၈၆ ။ ဓါးသိုင်းသင်ရန် ။
၈၇ ။ ဂျူဂျစ်ဆုသင်ယူရန် ။
၈၈ ။ လေယာဉ်မောင်းသင်ရန် ။
၈၉ ။ ရို့စ်ပရိတ် (ဒ) ပွဲတွင် မြင်းစီးရန် ။
၉၀ ။ ကောလိပ်တွင် သင်တန်းပို့ချရန် ။
၉၁ ။ ဘာလီကျွန်းမှ မီးသဂြိင်္ဟ်ပွဲတစ်ခု သွားကြည့်ရန် ။
၉၂ ။ ရေအောက်အနက်ပိုင်းသို့ စူးစမ်းလေ့လာရန် ။
၉၃ ။ တာဇံရုပ်ရှင်ကားထဲတွင် ပါဝင်သရုပ်ဆောင်ရန် ၊ (သည်ဟာကိုတော့ ကလေးတုန်းက အတွေးဟု သူယခုသတ်မှတ်ထားသည်) ။
၉၄ ။ မြင်း ၊ ချင်ပန်ဇီမျောက် ၊ ချီတာကျားသစ် ၊ အိုစီလော့ တောကြောင်နှင့် ကိုယိုတေးဝံပုလွေတစ်ကောင်စီ ပိုင်ဆိုင်မွေးမြူရန် ၊ (ချင်ပန်ဇီ နှင့် ချီတာ မရသေး)
၉၅ ။ အပျော်တမ်း ရေဒီယို အသံလွှင့်စက် ဖမ်းသမားတစ်ဦးဖြစ်ရန်
၉၆ ။ အဝေးကြည့်မှန်ပြောင်းတစ်လက် ကိုယ်တိုင်လုပ်ရန် ။
၉၇ ။ စာတစ်အုပ်ရေးရန် (နိုင်ငံခြားမြစ် ခရီးစဉ်အကြောင်း ရေးပြီး)
၉၈ ။ National Geographic မဂ္ဂဇင်းတွင် ဆောင်းပါးတစ်ပုဒ်ရေးရန် ။
၉၉ ။ ၅ ပေအမြင့်ခုန်ရန် ။
၁၀၀ ။ ၁၅ ပေအလျားခုန်ရန် ။
၁၀၁ ။ တစ်မိုင်ကို ငါးမိနစ်နှင့် အရောက်ပြေးရန် ။
၁၀၂ ။ ကိုယ်အလေးချိန် ၁၇၅ ပေါင် ပုံမှန်ရှိရန် ၊ (ယခုထိရှိဆဲ)
၁၀၃ ။ အိပ်ထ (sit-up ) 200 ၊ ဆွဲတင် (pull-up) ၂၀ လုပ်ရန် ။
၁၀၄ ။ ပြင်သစ် ၊ စပိန် ၊ အာရဗီ ဘာသာများ သင်ရန် ။
၁၀၅ ။ ကိုမိုဒိုကျွန်း (အင်ဒိုနီးရှား)တွင် ဖွတ်နဂါကြီးများ (dragon lizard) အကြောင်း လေ့လာရန် ။
၁၀၆ ။ ဒိန်းမတ်ရှိ အဘိုး ဆော်ရင်ဆင်မွေးရပ်မြေကို အလည်သွားရန် ။
၁၀၇ ။ အင်္ဂလန်ရှိ အဘိုး ဂေါ့ဒ့ါဒ် မွေးရပ်မြေကို အလည်သွားရန် ။
၁၀၈ ။ ကုန်တင်သင်္ဘောတစ်စင်းတွင် သင်္ဘောသားအဖြစ်လိုက်ပါရန် ။
၁၀၉ ။ ဗြိတိသျှ စွယ်စုံကျမ်းကြီးကို အစအဆုံးဖတ်ရန် ။
၁၁၀ ။ သမ္မာကျမ်းစာကို တစ်လုံးမကျန် ဖတ်ရှု့ရန် ။
၁၁၁ ။ ရှိတ်စပီယား ၊ပလေတို ၊အရစ္စတိုတယ် ၊ ဒစ်ကင်း ၊ သောရိုး ၊ ပိုး ၊ ရူးဆိုး ၊ ဘေကွန် ၊ ဟဲမင်းဝေ ၊ မတ်တွိန်း ၊ ဘာရိုးစ် ၊ ကွန်းရက် ၊ တာလ်မေ့ခ်ျ ၊ တော်သတွိုင်း ၊ လောင်းဖဲလိုး ၊ ကိ(တ)(စ) ၊ ၀ှစ်တီးယား နှင့် အီမာဆင် တို့၏ စာများလေ့လာရန် ။ (စာအုပ်တိုင်း အကုန်စင်မဟုတ်)
၁၁၂ ။ ဂီတဆရာကြီးများဖြစ်သည့် ဘတ်(ခ) ၊ ဘေထိုးဗင် ၊ဒီဘပ်ဆီး ၊ အီဘတ် ၊ မင်ဒဲလ်ဇွန် ၊ လာလို ၊ ရင်(မ)မကီး ကောဆာကော်ဆားကော့ဖ် ၊ ရက်(စ)ပီဂျီ ၊ လစ်(Liszt) ၊ရတ်ခ်ျမင်နီနော့ဖ် ၊ စထရာဗင်စကီး ၊ တော့(ခ) ၊ချိုင်ကော့(ဖ)စကီး ၊ ဗာဒီတို့၏ ဂီတတေးသွားများကို အကျွမ်းဝင်အောင် လေ့လာရန် ။
၁၁၃ ။ လေယာဉ်၊ မော်တော်ဆိုင်ကယ် ၊ ထရက်တာ ၊လှိုင်းစီးဘုတ်ပြား ၊ ရိုင်ဖယ်၊ ပစ္စတို၊ ကနူးလှေ၊ မိုက္ကရိုစကုပ် ၊ ဘောလုံး ၊ဘတ်စကက်ဘော ၊ လေးမြှား ၊ နွားကျောင်းသားကိုင် ကြိုးကွင်းနှင့် ၊ ဘူမာရင်း ၊ လက်ပစ်ဒုတ်ကောက်တို့ကို ၊ ကျွမ်းကျင်စွာကိုင်တွယ်တက်ရန် ။
၁၁၄ ။ ဂီတတေးသွားများကိုလည်း ကိုယ်တိုင်ရေးသားရန် ။
၁၁၅ ။ ကလဲဒ လွန်းတေးသွားကို စန္ဒရားဖြင့် တီးခတ်ရန် ။
၁၁၆ ။ မီးနင်းပွဲကြည့်ရန် ။(ဘာလီနှင့် ဆူရီနမ် တွင်ကြည့်ရှု့ပြီး )။
၁၁၇ ။ အဆပ်ပြင်းသော မြွေတစ်ကောင်ကို အဆိပ်ထုတ်ရန် ။ (ဓါတ်ပုံရိုက်စဉ် ဒိုင်းမွန်းဘက် မြွေတစ်ကောင်အကိုက်ခံရသည်) ။
၁၁၈ ။ ပွိုင့်တူးတူး ရိုင်ဖယ်ဖြင့် မီးခြစ်ဆံမီးညှိရန် ။
၁၁၉ ။ ရုပ်ရှင်စတူတီယို တစ်ခုသို့သွားရောက်ကြည့်ရှု့ရန် ။
၁၂၀ ။ ချီအော့(ပ) ပိရမစ်ကြီးကို တက်ကြည့်ရန် ။
၁၂၁ ။ စူးစမ်းလေ့လာသူများကလပ် ၊ စွန့်စားသူများကလပ်တို့တွင် အသင်းသားတစ်ဦး ဖြစ်လာရန် ။
၁၂၂ ။ ပိုလို ကစားတက်အောင်သင်ရန် ။
၁၂၃ ။ ဂရင်းကင်ညွှန်ချောက်နက်ဒေသအတွင်း ခြေလျင်၎င်း ၊ လှေစီး၍၄င်း ခရီးနှင်ရန် ။
၁၂၄ ။ရေချောင်းခရီးဖြင့် ကမ္ဘာပတ်ရန် ။(လေးကြိမ်တိတိ ပတ်ဖြစ်ခဲ့သည် )။
၁၂၅ ။ လကမ္ဘာကိုအလည်သွားရောက်ရန် ၊ (တစ်နေ့ဖြစ်ကောင်းဖြစ်ကောင်းဖြစ်လိမ့်မည်ဟု မျှော်လင့်ဆဲ) ။
၁၂၆ ။ အိမ်ထောင်ပြုရန် ၊ သား/သမီးမွေးရန် (ကလေးငါးယောက်ရှိသည်) ။
၁၂၇ ။ ၂၁ ရာစုထိ နေထိုင်သွားရန် ။(၂၁ ရာစုအ၀င်တွင် သူ့အသက် ၇၅ နှစ်ရှိလိမ့်မည်)။


[မှတ်ချက် ။ ။ John Goddard ၏ ကိုယ်တိုင်ရေးသားချက်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။] (ဖေမြင့်ဘာသာပြန်သည်)

တန်ခိုးရှိသော ကျောက်စရစ်ခဲများ

တန်ခိုးရှိသော ကျောက်စရစ်ခဲများ

“ဒီဟာတွေ ဘာအသုံးဝင်မှာမို့လို့ ကျွန်တော်တို့ သင်နေရမှာလဲ”

တပည့်တွေထံမှ ကျွန်တော်ကြားရသမျှ မကျေနပ်ချက်တွေ၊ စောဒက တက်မှုတွေထဲမှာ သည်စကားက အကြိမ်အရေအတွက် အများဆုံးဖြစ်၏။

အဲသည်စကား ကြားရတိုင်း ကျွန်တော် ဟောသည် ပုံပြင်လေးကို ပြန်ပြောပြလေ့ရှိသည်။

***

တစ်ခါက ခြေသလုံးအိမ်တိုင် နေထိုင်သူ လူမျိုးတစ်စုဟာ ညဘက် စခန်းချရပ်နားဖို့ ပြင်ဆင်နေတုန်း ရုတ်တရက် သူတို့နေရာကို အလင်းတန်းကြီးတစ်ခု ထိုးကျလာတယ်။ ဒါဟာတော့ ထက်ကောင်းကင်က တန်ခိုးရှင်တစ်ဦးပဲလို့ သူတို့ သဘောပေါက်လိုက်ပြီ။ ဘယ်လိုအရေးကြီးတဲ့ ဗျာဒိတ်တော်များ သူတို့အတွက် အထူးမြွက်ကြွားတော်မူလေမလဲလို့ မျှော်လင့်ကြီးစွာ စောင့်စားနားထောင် ကြတယ်။

အတန်ကြာပြီးနောက် အသံတော် ထွက်ပေါ်လာတယ်။

“ကျောက်စရစ်ခဲတွေ ရနိုင်သလောက် ကောက်ကြ။ ပြီးတော့ ကုန်းနှီးအိပ်တွေထဲမှာ ထည့်။ တစ်နေ့ ခရီးသွားပြီး နောက်နေ့ညမှာ သင်တို့ ပျော်ရွှင်ရလိမ့်မယ်။ စိတ်မချမ်းမသာ ဖြစ်ရလိမ့်မယ်”

သည်လို ပြောပြီးတဲ့နောက် ပျောက်သွားတယ်။

ဒီလူတွေအားလုံး စိတ်ပျက်ဒေါသထွက်ကြတယ်။ အချင်းချင်း ပွစိပွစိ ပြောဆိုကျန်ရစ်တယ်။ သူတို့တစ်တွေ ချမ်းသာသုခ ခံစားရဖို့၊ ကမ္ဘာလောကရဲ့အကျိုးကိုလည်း သယ်ပိုးနိုင်စေဖို့ ကြီးကျယ်တဲ့ ဉာဏ်အမြင်တွေ ဖွင့်ဟမွက်ကြွားမသွားဘဲ အဓိပ္ပာယ်မရှိတဲ့ အသေးအမွှားအလုပ်ကိုသာ ခိုင်းသွားတယ် ဆိုပြီး မကျေမနပ်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ အရောင်အ၀ါ ထိန်လင်းစွာနဲ့လာတဲ့ ထူးခြားသောပုဂ္ဂိုလ် ဖြစ်တာကြောင့် သူ့မိန့်မှာချက်ကို လုံးလုံးလျားလျားတော့ လျစ်လျူမရှုဝံ့ဘူး။ ဗျစ်တောက်ဗျစ်တောက် ပြောဆိုရင်းနဲ့ပဲ ကျောက်စရစ်ခဲတွေ တစ်လုံးနှစ်လုံးစီလောက်တော့ ကောက်ပြီး ကုန်းနှီးအိတ်တွေထဲ ထည့်ကြတယ်။
နောက်နေ့တစ်နေ့လုံး ခရီးနှင်ကြပြီး ညဘက် စခန်းချရပ်နားကြတော့ ကုန်းနှီးအိတ်တွေထဲ နှိုက်မိတဲ့အခါ သူတို့ကောက်ခဲ့တဲ့ ကျောက်စရစ်ခဲတစ်လုံးစီဟာ စိန်တစ်လုံးစီ ဖြစ်နေတာ သွားတွေ့ရတယ်။

စိန်တွေရလာတော့ သူတို့ဝမ်းသာကြတာပေါ့။ ဒါပေမဲ့ များများ မကောက်မိလေခြင်းလို့လည်း အကြီးအကျယ် ၀မ်းနည်းမိရပြန်တယ်။

***

သည်ပုံပြင်၏ အဆိုမှန်ကန်လှပုံအကြောင်းကို စောစောပိုင်းကာလ ကျွန်တော် တွေ့ခဲ့ရသည့် တပည့်တစ်ယောက်၏ ကိုယ်တွေ့ဖြစ်ရပ်က သာဓက ဆောင်ခဲ့သည်။

တပည့်အမည်က အလန်။

ရှစ်တန်းကျောင်းသားဘ၀၌ အလန်၏အဓိက ဘာသာရပ်မှာ “ပြဿနာ” ဖြစ်ပြီး တွဲဖက်အဖြစ် “ပြစ်ဒဏ်စုံ” ဘာသာကို သူယူခဲ့၏။ ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခြင်း၊ ဗိုလ်ကျခြင်း ပညာကို သူစွမ်းစွမ်းတမံ လေ့လာခဲ့ပြီး “အတိုအရှို” ဘာသာ၌ မဟာဝိဇ္ဇာဘွဲ့ ရခဲ့၏။

သည်တုန်းက ကျောင်းမှာ ကျွန်တော်လုပ်သည့် အစီအစဉ် တစ်ခု ရှိသည်။

နေ့စဉ် တပည့်များအား တွေးခေါ်ရှင်ကြီးများ၏ အဆိုအမိန့်စကားတစ်ခွန်းစီကို ကျက်မှတ်စေခြင်း ဖြစ်သည်။ အတန်းထဲတွင် နာမည်ခေါ်သည့်အချိန် ကျွန်တော်က နာမည်နှင့်အတူ အဆိုအမိန့်စကား တစ်ခု၏ အစပိုင်းကို တိုင်ပေးလိုက်လျှင် ကျောင်းသားက အဆုံးပိုင်းကို ဆက်ဆိုပြီးမှ “ရှိပါတယ်ခင်ဗျာ” ဟု ထူးရသည်။

“အဲလစ်အာဒမ်(စ)၊ ' ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး'၊…”

“ 'လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင် လုံးဝ ရှုံးပေပြီ'၊ ရှိပါတယ် ဆရာ ”

အဲသည်လို။

တစ်နေ့ တစ်ပုဒ်ဆိုတော့ တစ်နှစ်ကုန်သည့်အခါ အဆိုအမိန့် ၁၅၀ မျှ သူတို့ ကျက်ဖူးသွားကြသည်။

“သင်တတ်နိုင်မည် ထင်မလား၊ မတတ်နိုင်ဘူး ထင်သလား၊ မည်သို့ ထင်သည်ဖြစ်စေ သင့်အထင် မှန်ပါလိမ့်မည်”

“အတားအဆီး မြင်နေသည်ဆိုက ပန်းတိုင်ကို သင်မြင်နိုင်မည်မဟုတ်တော့”

“အဆိုးအပြစ်ဝါဒီ(cynic) ဟူသည် ဈေးနှုန်းတွေ အားလုံးသိပြီး မည်သည့်ပစ္စည်း၏ တန်ဖိုးကိုမျှ မသိသောသူကို ဆိုသည်” စသည်များ။

နပိုလီယန်ဟေးဟ်၏ “သင့်အာရုံထဲတွင် မြင်ယောင်မှန်းဆ၍ ရမည်၊ ဖြစ်ရမည် ဟူ၍လည်း ယုံကြည်မည်ဆိုလျှင် ထမြောက်အောင်မြင်မှာ မုချ ဖြစ်သည်” ဟူသော စကားလည်း ပါသည်ပေါ့။

အဲသည်လို အဆိုအမိန့်တွေ နေ့စဉ် ရွတ်ဆိုရသည့် ကိစ္စကို မကျေမနပ်အဖြစ်ဆုံးက အလန် ဖြစ်သည်။ ကျောင်းထုတ်ခံရ၍ ထွက်သွားသည့်နေ့အထိ အမြဲ ပူညံ ပူညံ။

ပြင်ပရောက်သွားပြီးသည့်နောက် ငါးနှစ်မျှ ကျွန်တော်နှင့် အဆက်အသွယ် ပြတ်သွားသည်။ တစ်နေ့ မှာတော့ သူ ဆက်သွယ်သည်။ လောလောဆယ် သူနှင့် ကျွန်တော်တို့ အနီးအနားရှိ ကောလိပ်ကျောင်း တစ်ကျောင်း၏ အထူးအစီအစဉ်တစ်ခုတွင် ပါဝင်တက်ရောက်လျက် ရှိသည်။ ခံဝန်ချုပ်ဖြင့် နေရသည့် ကာလ ပြီးဆုံးသွားသည်မှာ ဘာမျှမကြာသေး။

ကျောင်းမှ ထွက်သွားပြီးသည့်နောက် သူ၏ ဆိုးသွမ်းမှုများအတွက် သက်ငယ်တရားရုံးသို့ ရောက်သည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ် လူငယ်ပြုပြင်ရေးစခန်းသို့ အပို့ခံရသည်။ တစ်နေ့၌မူ သူ့ဘ၀ကို သူအလွန်အမင်း စက်ဆုပ်သလို ခံစားမိလာကာ လက်ကောက်ဝတ် နှစ်ဖက်လုံးရှိ သွေးကြောများကို ဘလိပ်ဓားနှင့်လှီးပြီး သေကြောင်းကြံစည်သည်။

အဲသည်တုန်းကအဖြစ်ကို သူ ပြန်ပြောပြသည်။

“လက်က စီးကျတဲ့ သွေးတွေနဲ့အတူ ခန္ဓာကိုယ်က ကျွန်တော့်အသက်ဝိညာဉ် ဖြည်းဖြည်းချင်း ထွက်ခွာနေတဲ့အချိန် ကျွန်တော် ဘာသွားသတိရသလဲ သိလား။ တစ်နေ့ အတန်းထဲမှာ ဆရာ ကျွန်တော့်ကို ဒဏ်ပေးပြီး အကြိမ်နှစ်ဆယ်ရေးခိုင်းတဲ့၊ ကျွန်တော် သိပ်အမြင်ကပ်တဲ့ အဆိုအမိန့်တစ်ခု ဆရာ၊ “ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး၊ လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင် လုံးဝ ရှုံးပေပြီ” ဆိုတဲ့စကား၊ ဒီစကားရဲ့ အဓိပ္ပာယ်ကလည်း အဲဒီတော့မှ ချက်ချင်း ခေါင်းထဲ လင်းသွားတယ်။ အသက်ရှင်နေသရွေ့ ငါ မရှုံးသေးဘူး။ အခုနေ သေလိုက်ရင် ငါ အရှုံးသမား တစ်ယောက်အနေနဲ့ သေခဲ့ရတာဖြစ်မယ်။ ဒီလိုတွေးမိပြီး ရှိစုမဲ့စု အားကလေးနဲ့ အကူအညီ လှမ်းခေါ်တယ်။ အဲဒီကနေပြီး ကျွန်တော့်ဘ၀ အသစ် စ ခဲ့တာပဲ ဆရာ”

***

အလန်၏ ကိုယ်တွေ့က ပုံပြင်ထဲမှ လူစု၏ အဖြစ်အပျက်နှင့် ဆင်တူပင် ဖြစ်သည်။

ကျောင်းတွင် သူ စတင် သင်ကြားရစဉ်က ထိုအဆိုအမိန့်သည် ကျောက်စရစ်ခဲ ဖြစ်သည်။ တကယ် ဘေးဒုက္ခကြုံချိန် သူ့အား လမ်းပြကယ်တင်လိုက်နိုင်သည့် အချိန်တွင်ကား ကျောက်စရစ်ခဲသည် စိန်တုံး ဖြစ်သွားခဲ့သည်။

ထို့ကြောင့် သည်ကနေ့ချိန်ခါမှာ ကျောက်စရစ်ခဲတွေ ရနိုင်သမျှ ကောက်ယူစုဆောင်းပါ။ နောက်တစ်နေ့ သင့်ဘ၀ ခရီးလမ်းမှာ စိန်တွေ ပြည့်လျှမ်းနေတာ တွေ့ရပါလိမ့်မည်ဟူ၍ပဲ တိုက်တွန်းချင် ပါသည်။

[မူရင်း။ ။ John Wayne Schlatter ၏ The Magic Pebbles] (ဖေမြင့် ဘာသာပြန်သည်။)

နော် ဖေဖေ နော်

နော် ... ဖေဖေ ... နော်

ဆန်းတော့ဆန်းသည်။ ကိုယ့်ဘ၀မှာ တန်ဖိုးအထားရဆုံး အရာတွေ ပျက်သုဉ်းပျောက်ကွယ်သွားပြီး တစ်ကိုယ်တည်း ကြေကွဲကျန်ရစ်သည့်အခါမျိုးမှာ ကျွန်တော်တို့မြင်ယောင်တမ်းတမိသော အရာတွေသည် ထူးခြားလှပါသည်။ နှစ်ပေါင်းများစွာ စီမံကိန်းချ ဆောင်ရွက်လာခဲ့ သည့်အရာများ ၊ မေတ္တာတွေမျှော်လင့်ချက်တွေဖြင့်အားထုတ်ကြိုးပမ်းခဲ့သည်များ စသည့်ကြီးကျယ်သော ကိစ္စကြီးတွေ ကျွန်တော်တို့ အမှတ်မရ။ သေးသေးမွှားမွှားဟုထင်ရသော အရာတွေ၊ တစ်ချိန်က ဂရုမထားမိခဲ့သောဖြစ်ရပ်ကလေးတွေက ရုတ်တရက်အမှတ်တရဖြစ်လာသည်။ မိမိလက်ကို အသာအယာဆုပ်ကိုင်သွားတာလေးအဲသည်တုန်းက အလုပ်များနေသဖြင့် အမှတ်မဲ့နေလိုက်မိတာ ။ မိမိအားမျှော်လင့်အားထားသံနှင့် ပြောသွားသော စကားတစ်ခွန်း အဲသည်တုန်းက ဂရုတစ်ဆိုက်နားမထောင်လိုက်မိတာ စတာလေးတွေ။

သည်သဘောကို လောလောဆယ် ဂျွန်ကာမိုဒီ တွေ့ရှိနေရသည်။ အင်္ဂါနေ့နေ့လယ်ပိုင်းအချိန်။ သူ့အိမ်ဧည့်ခန်း ပြတင်းမှ လှမ်းမျှော်ကြည့်လျှင် အပြင်မှာ လူတွေပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားနေကြတာမြင်နေရသည့်အချိန် ။ သူက ဆုံးရှုံးသွားခဲ့ပြီဖြစ်သည့် အလွန်အရေးကြီးသော အရာတွေအကြောင်း ခေါင်းထဲထည့်ရန်ကြိုးစားနေသည်။ မျှော်မှန်းချက်တွေ ၊ ချစ်မေတ္တာတွေဖြင့် နှစ်ပေါင်းများစွာ ချမှတ်လာခဲ့သည့် စီမံကိန်းများ သို့သော် ဘယ်လောက်ကြိုးစားသော်လည်း အဲသည်အရာတွေက ခေါင်းထဲတွင် ပီပီပြင်ပြင် ထင်မလာ ၊ သူတို့ဆီ မှာအာရုံစူးစိုက်၍မရ။

သူ့အာရုံထဲ၌ အဲသည်အရာသည် ကြီးမားကျယ်ဝန်သလောက် ပီသခြင်း မရှိသည့် နောက်ခံကားတစ်ချပ်ဖွယ်သာရှိနေသည် ။ လောလောဆယ် သူထူးထူးခြားခြား အမှတ်ရနေသည်က သေးသေးမွှားမွှား အရာတစ်ခု။ သူထားရှိခဲ့သည့် ကြီးမားသောမေတ္တာ၊ နှစ်ပေါင်းများစွာ သူရည်စူးလာခဲ့သည့် သူ့အစီစဉ်များ ၊ သူပြင်ဆင်ထားရှိခဲ့မှုများနှင့် နှိုင်းစာက ဘာမှပြောပလောက်စရာရှိသည့် အရေးကိစ္စလေးတစ်ခု ။
အဲဒါက စကားလေးတစ်ခွန်းဖြစ်သည် ။ လွန်ခဲ့သောရက်သတ္တနှစ်ပတ် သို့ မဟုတ် သုံးပတ်လောက်က တစ်ခုသောညချမ်းမှာ သမီးငယ်လေးသူ့အားပြောခဲ့သည့် စကား။
ဒါသည်လည်း စဉ်းစားကြည့်မည်ဆိုလျှင်တော့ ထူခြားလွန်းလှသည် မဟုတ်။ ကလေးတွေပြောတတ်သည့် စကားလေးတစ်ခွန်းသာပဲဖြစ်သည်။
သို့သော်ယခု အဲသည်စကားလေးသည်သူ့နားထဲက မထွက်နိုင်။
အဲသည်ညကျမှ သူက အစုရှယ်ယာရှင်များသို့ တင်ပြရန်နှစ်ပတ်လည် အစီရင်ခံစာမူကြမ်းကို ရုံးမှအိမ်သို့ ယူလာခဲ့မိသည် ။ သည်အစီရင်ခံစာက အလွန်အရေးကြီးသည် ။ သူ၏အနာဂတ်သည်၎င်း ၊ ဇနီးသည်နှင့် သမီးငယ်လေးတို့၏ အနာဂတ်သည်၎င်း သည် ကုမ္ပဏီပေါ်တွင် အများကြီးမူတည်နေရာ သည်ကိစ္စကို သူအထူးဂရုဆိုက်ဖို့လိုနေသည် ။ ထို့ကြောင့်ညစာမစားမီ အစီရင်ခံစာကို တစ်ကြိမ်ပြန်ဖတ်ရန် သူထိုင်သည်။ သည်စာ၌ အမှားအယွင်း အပြစ်အနာတစ်ခုမျှပါ၍မဖြစ်။
စာတစ်မျက်နှာလှန်ရုံရှိသေး ၊ သမီးငယ်လေး မာ့ခ်ျ ရောက်လာသည်။ ချိုင်းကြားမှာ တစ်အုပ်တစ်အုပ်ညှပ်လျှက်။အဖုံးက အစမ်းရောင် ။ သည်အပေါ်မှာပုံပြင် ဇာတ်လမ်း သရုပ်ဖော်ပုံလေးတစ်ခု ကပ်ထားသည် ။
“ဖေဖေ ၊ဟောဒီမှာ ” သမီးက ဆိုသည် ။
သူလှည့်ကြည့်သည် ။ “ သြော် .. စာအုပ်အသစ်ကလေးလား ၊ လှတယ်နော် ”
“ ဟုတ်တယ်ဖေဖေ ၊ ဖေဖေ သမီးကို ဒီထဲက ပုံပြင်တစ်ပုဒ်ဖတ်ပြမလားဟင် ”
“ခဏနေဦး သမီးရယ် ၊ ဖေဖေ မအားသေးဘူး”
သည်လိုပြောပြီး အစီရင်ခံစာကို သူဆက်ဖတ်နေသည်။ မာ့ခ်ျ ကအနားမှာဆက်၍ ရပ်နေသည်။ အလုပ်ရုံ ၌ အစားထိုးတပ်ဆင်သည့်စက်ယန္တရားသစ် အချို့ နှင့်စပ်လျှဉ်း၍ အစုရှယ်ယာရှင်များအားရှင်းလင်း တင်ပြသည့် အပိုဒ်ကိုဖတ်နေဆဲ မာ့ခ်ျအသံလေး မ၀ံ့တ၀ံ့ ထွက်လာပြန်သည်။ “မေမေက ပြောတော့ ဖေဖေ ဖတ်ချင်ဖတ်ပြမှာတဲ့ ” အဖေ့အားမျှော်လင့်အားထားသံလေးဖြင့် သူပြောနေခြင်းဖြစ်သည်။
သူကလက်နှိပ်စက်ရိုက်ထားသည့် စက္ကူပေါ်မှကျော်၍ ကြည့်သည်။ “အဖေ မအားလို့နော် သမီး ၊ မေမေ့ကိုပြောပါလား ၊ မေမေ ဖတ်ပြလိမ့်မယ်ပေါ့ ၊ဖေဖေ အလုပ်များနေလို့နော် .. ဟုတ်လား ”
“ဟင့်အင်း ဖေဖေ ” မာ့ခ်ျ လေသံပျော့ပျော့ နှင့်ပင်ငြင်းဆန်နေသည်။ “မေမေက အပေါ်ထပ်မှာ ပိုလို့တောင်အလုပ်များနေသေးတယ် ၊ဖေဖေ သမီးကို ဒီတစ်ပုဒ်တည်းလေးပဲ ဖတ်ပြပါနော် ၊ ဟောဒီမှာကြည့် .. ပုံလေး နဲ့ ကြည့်စမ်း .. ပုံလေးကလှတယ်နော် ဖေဖေ”
“ဟာ .. ဟုတ်တယ် ၊သိပ်လှတာပဲ ၊ပုံလေးက အပျံစားပဲနော် သမီး ၊ ဒါပေမဲ့ ဖေဖေ ဒီညအလုပ်လုပ်စရာတွေ ရှိသေးတယ် ၊ နောက်တော့မှ ...”
အဲဒီနောက်အတော်ကြီးကြာအောင်တိတ်ဆိတ်ငြိမ်သက်နေသည်။ မာ့ခ်ျ ဘာမှမပြော။ စာအုပ်ကိုသာအဲသည်ပုံလှလှလေးပါသည့် စာမျက်နှာမှာဖွင့်လျက်သားကိုင်၍ ရပ်နေသည် ။
ကာမိုဒီ နောက်ထက်စာနှစ်မျက်နှာလောက် ဆက်လှန်ဖြစ်သည်။ ပြီးခဲ့သည့် ၁၂ လအတွင်းဈေးကွက်တွေ ရွှေ့ပြောင်းဖြစ်ပေါ်ပုံများ ၊ ယင်းကြောင့်ဖြစ်သည့် ပြဿနာများကို ဖြေရှင်းရန် အရောင်းဌာနကချမှတ်ခဲ့သည့်လုပ်ငန်းအစီအစဉ်၊ မိမိတို့ ကုန်ပစ္စည်းများ ဈေးကွက်တွင် ထိန်းထားနိုင်ရေးပို၍ အရောင်းတက်လာရေးအတွက် ရက်သတ္တပတ်များစွာ မျက်နှာစုံညီ ဆွေးနွေးညှိနှိုင်းပြီးချမှတ်ခဲ့သည့် ကြော်ငြာအစီအစဉ်စသည်တို့အကြောင်း သူညွှန်ကြားသည့်အတိုင်း သေးစိတ်ရှင်းလင်းတင်ပြထားသည့်အတိုင်း အသေးစိတ်ရှင်းလင်းတင်ပြထားသည်ကို စေ့စေ့စပ်စပ် ဖတ်ကြည့်နေသည်။
“ဖေဖေ ... ပုံလေးကလည်းလှတယ် ပုံပြင်ကလဲ သိပ်နားထောင်လို့ ကောင်းမှာဖေဖေရ ” မာ့ခ်ျက ဆိုပြန်သည်။
“ဟုတ်ပါတယ် ၊အင်း .. နောက်တော့မှ သမီးရယ်၊ အခုသွားတော့နော် ”
“ဖေဖေ ဖတ်ကြည့်ရင် ကြိုက်မှာဖေဖေ ရဲ့”
“အင်း .. ကြိုက်မှာပါ ၊ ဒါပေမယ့် နောက်မှာနော်”
“ဟင် .. ဒါဆိုလဲ နောက်ဖတ်ပြနော် ၊ နော် ဖေဖေ နော်၊ နောက်ကျတော့ဖတ်ပြပါနော် ”
“ဖတ်မှာပေါ့ ၊ဖတ်မှာ ..စိတ်ချ သမီး ”
သို့သော် မာ့ခ်ျထွက်မသွားပါ ။ အဲသည်နားမှာ ငြိမ်ငြိမ်လေး ရပ်နေသည် ။အတော်ကြီးကြာမှ စာအုပ်ကိုသူ့အဖေ ခြေထောက်နားက ခွေးခြေလေးပေါ် တင်ပေးပြီး သူဆိုသည် ။
“ဖေဖေ အလုပ်အားတဲ့ အခါကျတော့ ဖေဖေ့ ဘာသာဖတ်ကြည့်နော် ၊ ကိုယ့်ဘာသာ သမီးလဲ ကြားရအောင်ကျယ်ကျယ်လေးဖတ်ပေးနော် ”
“စိတ်ချသမီး .. စိတ်ချ၊ နောက်တော့မှ ....”
ယခုဂျွန်ကာမိုဒီ အမှတ်ရနေတာ အဲဒါလေးပဲဖြစ်သည်။ လာမည့်နှစ်များမှာ ချစ်သမီးလေး အတွက်ဘာတွေလုပ်ကိုင်ပေးမည်ဟု ကြံစည်စိတ်ကူးထားသည့်အစီစဉ်များမဟုတ်။ သူ အမှတ်ရနေတာ လိမ္မာရေးခြားရှိလှသော သမီးငယ်လေး၏ အဲသည်နေ့ညက အပြုအမူလေးများပဲဖြစ်သည်။ အဖေ့လက်ကို သူ့လက်ချောင်းလေးတွေနှင့် မရဲတရဲ ကိုင်ကာတိုးတိုးလျှိုးလျှိုးလေးပြောသွားသည်။ “ ..ကိုယ်ဘာကိုယ်ပဲ ဖတ်နော် ၊ ဖေဖေ ဖတ်ကြည့်တဲ့အခါသာ သမီးလဲကြားရအောင် ကျယ်ကျယ်လေး ဖတ်ပေးနော် ” တဲ့။
ဒါကြောင့်လည်းယခုတော့ အခန်းထောင့် စားပွဲ လေးပေါ်က စာအုပ်ကို သူသွားကိုင်မိခြင်းဖြစ်သည်။ သမီးလေးဆော့ကစားပြီး ဟိုဟိုသည်သည် ချထားခဲ့သောကစားစရာပစ္စည်းတစ်ချို့ ကိုသူတို့ကောက်စုကာသည်စားပွဲပေါ် တင်ထားခဲ့ကြသည်။
စာအုပ်က အရင်လို အသစ်မဟုတ်တော့ ။ အစိမ်းရောင်ကတ်ထူဖုံးက ပဲ့ချင်ရွဲ့ချင်နေပြီး။ အတွင်းစက္ကူတွေလည်းလှန်ထားသဖြင့် တွန့်နေပြီ။
သူက ရုပ်ပုံလှလှလေးရှိသည့် စာမျက်နှာကိုလှန်သည်။ ပုံပြင်ကို သူဖတ်သည်။ ရင်ထဲမှာကြေကွဲဆို့နင့်နေသဖြင့် စကားလုံးတွေ ပီသအောင် ဖတ်၍မရ။ နှုတ်ခမ်းတွေက မလှုပ်ရှားချင် ။ အရေးကြီးသည့်ကိစ္စတွေ၊ စဉ်းစားရမည့် အကြောင်းအရာတွေ သူမစဉ်းစားတော့၊ လာမည့်နှစ်များစွာအတွက် သူကြိုတင်မျှော်မှန်းခဲ့တာအသေးစိတ် စဉ်းစားပြင်ဆင်ခဲ့တာ တွေလည်းသူမတွေးချင်တော့။ သည်အခိုက်အတန့်ဖို့မူလမ်းထဲတရကြမ်းမောင်းဝင်ခဲ့သည့် အရက်မူးသမား ကားမောင်းသူလူရမ်းကားကြောင့် ကြုံတွေ့ခဲ့ရသည့် တုန်လှုပ်ချောက်ချားဖွယ် အဖြစ်ဆိုးကိုပင် သူအမှတ်မရတော့။ လူသေမှုဖြင့်အဖမ်းဆီးခံရကာ အကျဉ်းထောင်ထဲ ရောက်နေပြီဖြစ်သည့် ၄င်း လူဆိုးအပေါ်ထွက်မိသည့် သူ၏ဒေါသများ ၊ ခါးခါးသီးသီး မုန်းတီးမှုများလည်း ဘယ်ဆီရောက်လေသည်မသိ။
စင်စစ်တံခါးဝမှာ တိတ်ဆိတ်စွာ ရပ်နေသည့် ဇနီးသည်ကိုပင် သူမမြင်မိ။ အမျိုးသမီးက မာ့ခ်ျကလေးနှင့် နောက်ဆုံးတွေ့ဆုံရန်အတွက် အ၀တ်အစားလဲထားပြီးဖြစ်သည်။ အမျိုးသမီးမျက်နှာက ဖြူဖပ်ဖြူရော် ။ သို့သော်အသံမတုန်အောင် ကြိုးစားထိန်းပြီး ခင်ပွန်းသည်အား လှမ်းပြောသည် ။ “ မောင် ... ကျွန်မ အဆင်သင့် ဖြစ်ပြီ ၊သွားကြစို့”
ခင်ပွန်းသည်က စာဖတ်နေသည်။
“တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲက သစ်ခုတ်တဲလေး တစ်လုံးမှာ မိန်းမချောကလေး တစ်ယောက်နေတယ် ၊ သူကလေးရဲ့ ရုပ်သွင်ကချောမောလွန်းလို့ ငှက်ကလေးတွေတောင် တေးဆိုဖို့ မေ့ပြီးသူ့ကိုပဲ သစ်ကိုင်းတွေပေါ်က ငေးကြည့်နေမိတက်တယ်၊ တစ်နေ့မှာတော့ ... ”
သူက သူ့ဘာသာတစ်ကိုယ်တည်း ဖတ်နေခြင်းဖြစ်သည်။ သို့သော် မာ့ခ်ျကလေးလည်း ကြားရအောင် ခပ်ကျယ်ကျယ် ဖတ်ပေးနေသည်။ သူတစ်ကယ်ကြားရှာလေမည်လား မသိ။


[မူရင်း ။ ။ Michael Foster ၏ Will You, Daddy? ] (ဖေမြင့် ဘာသာပြန်သည်။)

ကောင်းဘွိုင်ဇာတ်လမ်း

ကောင်းဘွိုင်ဇာတ်လမ်း

ကျွန်တော် ကိုယ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုထူထောင်တော့ တယ်လီဖုန်း တပ်ဆင်လိုသူများ ရှာဖွေစည်ရုံးပေးမယ့် အရောင်းသမားတွေ လိုလာသည်။ သို့နှင့်ကြွမ်းကျင်သော အရောင်းသမားများအလိုရှိကြောင်း ကြော်ငြာကာ အလုပ်လျှောက်လာသူများအား အင်တာဗျူး ပြုလုပ်သည် ။
အလုပ်အတွက် ကျွန်တော် ရည်မှန်ထားသည်မှာ တယ်လီဖုန်းလုပ်ငန်းဘက်တွင် အတွေ့အကြုံရှိပြီးသော အရောင်းသမားမျိုးဖြစ်သည် ။ နယ်မြေဈေးကွက်ကို သိရမည် ၊ ဈေးကွက်တွင် ရရှိနေသည့် ဆက်သွယ်ရေးစနစ်အမျိုးအမျိုးအကြောင်း သိရမည် ။
မိမိလုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်သည့် အသွင်ပြင်မျိုးရှိပြီး တက်တက်ကြွကြွ လုပ်ကိုင်တတ်သူလည်း ဖြစ်ရမည် ။ ကျွန်တော့်မှာ သူတို့ကို လေ့ကျင့်ပေးနေဖို့ အချိန်လည်း မရှိရာ ခန့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့အလုပ်သူ တန်းလုပ်နိုင်သူမျိုး ရရှိဖို့ အရေးကြီးနေသည် ။
အင်တာဗျူးတွေ လုပ်နေသည့်တစ်နေ့ ကျွန်တော့်ရုံးခန်းသို့ ကောင်းဘွိုင် (နွားကျောင်းသား တစ်ယောက်) ရောက်လာသည် ။ နွားကျောင်းသာဖြစ်ကြောင်း သူ့အ၀တ်အစား အဆင်အပြင်ကိုကြည့်၍ ကျွန်တော်သိခြင်းဖြစ်သည် ။ ကော်ဂျူရွိုင်းဘောင်းဘီရှည် ၀တ်ထားသည် ။ ဂျက်ကက် အင်္ကျီးကလည်း ကော်ဂျူရွိုင်းပဲ ဖြစ်သည်။ သို့သော် ဘောင်းဘီအရောင်နှင့်တော့ တခြားစီ။ ရှပ်အင်္ကျီလက်တိုက နှိပ်ကြယ်သီးနှင့်။ လည်းစည်းက ရင်ဘက်အလည်လောက်ထိပဲ ရောက်ပြီး လည်စည်းအထုံးက လက်သီးစုပ်မက ရှိနေသည် ။ ပြီးခြေထောက်မှာ ကောင်းဘွိုင်ဖိနပ်နှင့် ၊ ခေါင်းမှာက ဘေ့စ်ဘောဦးထုပ်နှင့်။
ကျွန်တော့်စိတ်ထဲ ဘယ်လိုရှိမလဲ စာဖတ်သူ စဉ်းစားမိပါလိမ့်မည်။ မှန်သည်။ “ ဒီလူကတော့ ငါလိုချင်တဲ့ လူမျိုးမဟုတ်ဘူး ” ပဲပေါ့။ သူက ကျွန်တော့်စားပွဲရှေ့က ခုံမှာဝင်ထိုင်ကာ ဦးထုပ်ကို ချွတ်လိုက်ပြီး စကားပြောသည် ။
“ မစ္စတာ ... ကျွန်တော်တယ်လီဖုန်း လုပ်ငန်းမှာ ဘင်နက်(စ) အလုပ်လိုချင်လို့ ပါကျေးဇူးတင်ပါတယ်ဗျာ ” တဲ့ ။ သူ့လေသံက ကောင်းဘွိုင်လေသံ အပြည့် ။ ဘစ်ဇနစ်(စ) (လုပ်ငန်း) ကိုဘင်နက်(စ) ဟူ၍ ပဲဆိုသည်  ။
ကျွန်တော် အလိုရှိသည်မှာ သူလိုလူမျိုးမဟုတ်သည့်အကြောင်း သိပ်လည်းရိုင်းရာမကျအောင် ဘယ်လိုပြောရပါ့မလဲ ။ ကျွန်တော်စဉ်းစားရင်းသူ့နောက်ကြောင်းရာဇ၀င်ကိုမေးမြန်းမိသည် ။ သူက အိုကလာဟိုးမား ပြည်နယ်တက္ကသိုလ်မှ စိုက်ပျိုးရေးဘွဲ့ ရခဲ့သည့် အကြောင်း ၊ အဲသည်နောက်တွင် ဘာတဲလ်စဗီးမြို့ရှိနွားခြံတစ်ခုတွင် နွားကျောင်းသားအဖြစ် တစ်နွေလုပ်ကိုင်ခဲ့ကြောင်း ပြောပြသည် ။ ထို့နောက် အဲသည်အပိုင်းတွေက ပြီးသွားပြီ ဖြစ်ကြောင်း  ၊ လောလောဆယ်လုပ်ငန်းတစ်ခုခု အောင်မြင်စွာလုပ်ဖို့

စိတ်အားထက်သန်နေကြောင်း ၊ လုပ်ကိုင်ဖို့ အခွင့်အရေး ရမည်ဆိုလျှင် သူကျေးဇူးတင်ကြောင်း အလေးအနက် ထပ်မံပြောဆိုသည် ။
အဲသည်နောက် ကျွန်တော်တို့ စကားဆက်ပြောဖြစ်ကြသည် ။ သူက “ အောင်မြင်မှု ” အကြောင်းနှင့် “လုပ်ကိုင်ခွင့်ပေးလျှင်ကျေးဇူးတင်မည့် အကြောင်း ” များကို ပင်ထပ်လောင်းပြောဆိုနေရာ နောက်ဆုံး၌ သူ့အား သူတောင်းသည့်အတိုင်း အခွင့်အရေးပေးရန် ကျွန်တော် ဆုံးဖြတ်လိုက်ရသည် ။
သည့်နောက် သူ့အား ကျွန်တော် သူ့အတွက် နှစ်ရက်အချိန်ပေးမည်ဖြစ်ကြောင်း ၊ အဲသည်နှစ်ရက် အတွင်း အသေးစားတယ်လီဖုန်းစနစ် တစ်မျိုး ရောင်းချပုံရောင်ချနည်းနှင့်ပတ်သက်၍ သူသိသင့်သိထိုက်သည့် အရာမှန်သမျှ သင်ကြားပေးမည်ဖြစ်ပြီး ၄င်းနောက်တွင်မူ သူ့တစ်ကိုယ်တည်းပဲဆက်၍ လှုပ်ရှားရမည်ဖြစ်ကြောင်းများ ပြောပြလိုက်သည် ။
ကျွန်တော့် စကားဆုံးတော့ သူကမေးသည် ။ သည်လုပ်ငန်းဖြင့် သူဝင်ငွေဘယ်လောက်ရနိုင်မည်ဟု ကျွန်တော်ယူဆသလဲ ... ဟူ၍ ။
“ အခု ခင်ဗျား ပုံစံရယ် ၊ လောလောဆယ် လုပ်ငန်း ဗဟုသုတနည်းသေးတာရယ်နဲ့ တွက်ပြီး ပြောရရင်တော့ အလွန်ဆုံးတစ်လမှာ ဒေါ်လာ ၁၀၀၀ လောက်ပဲ ရနိုင်လိမ့်မယ် ထင်တာပဲ ” ဟု ကျွန်တော်ပြောလိုက်ပြီး အသးစားတယ်လီဖုန်းတစ်ခု တပ်ဆင်ပေးရတိုင်း သူ့အား ဒေါ်လာ ၂၅၀ ကော်မရှင်ပေးမည်ဖြစ်ကြောင်း ၊ တစ်လတွင်. အလားလာရှိသူ ၁၀၀ ခန့် သူသွားရောက်တွေ့ဆုံက တယ်လီဖုန်းလေးလုံးမျှ ရောင်းထွက်နိုင်သဖြင့် ကော်မရှင်ငွေ ဒေါ်လာ ၁၀၀၀ သူရလိမ့်မည် ဖြစ်ကြောင်းများ ရှင်းပြသည် ။
အလုပ်အတွက် သူ့ကို လခမပေးဘဲ ကော်ရှင်ကြေးသက်သက်ဖြင့်သာ ကျွန်တော် ငှားရမ်းလိုက်ခြင်းဖြစ်သည် ။
သူက သည်အစီစဉ်ကို သိပ်သဘောကျကြောင်း ၊ နွားကျောင်းသားအဖြစ် တစ်လလျှင် ဒေါ်လာ ၄၀၀ မျှသာ သူအများဆုံးရခဲ့ကြောင်း ၊ သည့်ထက်မက ရအောင်ကြိုးစားဖို့ သူအသင့်ရှိကြောင်းများပြန်ပြောသည် ။
နောက်နေ့ နံနက်တွင် တယ်လီဖုန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သမျှ အချက်အလက်ကို သူ့ခေါင်းထဲသွင်း၍ ရသမျှ ကျွန်တော် ထည့်သွင်းပေးသည် ။ လူက အသက် ၂၂ နှစ်။ နွားကျောင်းသားအလုပ်မှလွဲ၍ ဘာမှ မလုပ်ခဲ့ဘူးသည့်အပြင် တယ်လီဖုန်းနှင့်စပ်လျဉ်း၍ ၄င်း ၊ အရောင်းပညာနှင့်စပ်လျဉ်း၍ ၄င်း ၊ ဘာဗဟုသုတမျှ မရရှိခဲ့သည်ဖြစ်ရာ ချက်ချင်းလက်ငင်းများများစားစားကြီးတော့ သင်ပေး၍ မရ ။ ပြီး သူ့ရုပ်က တယ်လီဖုန်းများလိုက်လံတပ်ဆင်ပေးသည့် ကိုယ်စားလှယ်ရုပ်မျိုးလည်း တစိုးစအစိမျှမပေါက် ။
ခြုံပြောရလျှင် သူ့ပုံစံက ကျွန်တော် လိုချင် မြင်ယောင်ထားသော ကျွန်တော့်ကုမ္ပဏီ အရောင်းသမား ရုပ်လက္ခဏာနှင့် တခြားစီဖြစ်နေသည် ။ သို့သော် အရေးကြီးသော အရည်အချင်းတစ်ခုတော့ သူ၌ ရှိနေသည် ။ယင်းက “ အောင်မြင်လိုစိတ် အလွန်အမင်း ပြင်းပြထက်သန်နေခြင်း ” ဖြစ်သည် ။
နှစ်ရက်သင်တန်း ပြီးစီးသည့်နောက်တွင် ကျွန်တော်က “ကောင်းဘွိုင် ” ဟူ၍ ထိုနေ့က စတင်ခေါ်ဝေါ်လိုက်သော ၄င်းပုဂ္ဂိုလ်လေးသည် သူ့အတွက်သတ်မှတ်ပေးထားသည့် ရုံးခန်းလေးထဲသွားကာ စာတစ်ရွက်မှာ အချက်လေးချက်ချရေးသည် ။
၁။ လုပ်ငန်းလောက၌ ငါအောင်မြင်ရမည် ။
၂။ တစ်လလျှင် လူတစ်ရာ ငါတွေ့စုံမည် ။
၃။ တစ်လလျှင် တယ်လီဖုန်း လေးလုံးရောင်းချ ရစေမည် ။
၎။ တစ်လလျှင် ဒေါ်လာ ၁၀၀၀ မုချ ရရမည် ။
သည်လိုရေးပြီးနော် စာရွက်ကို ရုံးခန်းနံရံရှိ သူနှင့်မျက်နှာချင်းဆိုင်နေရာတွင် ကပ်ကာ အရောင်းကိုယ်စားလှယ်အလုပ်ကိုတင်သည် ။
တစ်လပြည့်သည့်အချိန်၌ သူရောင်းချတပ်ဆင်ပေးရသည့် တယ်လီဖုန်းအရေအတွက်သည် သူကြွေးကြော်ထားသကဲ့သို့ လေးလုံးမဟုတ် ၊ ပထမ ဆယ်ရက်တည်းမှာပင် ခုနစ်လုံးတိတိဖြစ်နေသည်ကို တွေ့ရှိရသည် ။ထို့ပြင် အလုပ်ဝင်စဉ်က တစ်နှစ်လျှင် ဒေါ်လာ ၁၂၀၀ ရဖို့မျှော်လင့်ခဲ့သော ၄င်း “ ကောင်းဘွိုင် ” သည် တစ်နှစ်ပြည့်ချိန်၌ ကော်မရှင်ဒေါ်လာခြောက်သောင်းကျော်မျှ ရရှိသွားခဲ့သည် ။
သုံးနှစ်မျှကြာသည့်အခါ၌မူ သူက ကျွန်တော့် ကုမ္ပဏီတစ်ဝက်ကို ပိုင်ဆိုင်လျှက်ရှိချေပြီ ။ နောက်တစ်နှစ် အကုန်နောက်ထပ် ကုမ္ပဏီသုံးခု ပိုင်ဆိုင်ခဲ့သည် ။ အဲသည် ကာလလောက်တွင် သူနှင့် ကျွန်တော် လုပ်ငန်းပါတနာများအဖြစ်မှ ခွဲခွာခဲ့ကြသည် ။ သည်အချိန်သူက သူကြိုက်သည့် အနက်ရောင် ပစ်ကပ်ထရပ်ကားကို ဒေါ်လာ သုံးသောင်းနှစ်ထောင်ပေးပြီး ၀ယ်စီးနေပြီ ။ ဒေါ်လာ ၆၀၀ တန်ကောင်းဘွိုင်စတိုင်ဝတ်စုံတွေ ၊ ဒေါ်လာ ၅၀၀ တန် ကောင်းဘွိုင်ဖိနပ်တွေ၊ မြင်းခွာပုံ စိန်လက်စွပ်တွေ ၀ယ်၍  ဆင်ယင်နေပြီ။ လုပ်ငန်းလောကထဲတွင် သူတကယ် အောင်မြင်သွားခဲ့သည် ။
ကောင်းပြီ ။
“ကောင်းဘွိုင် ” အဘယ့်ကြောင့် အောင်မြင်ခဲ့ရသနည်း ။ သူသည် အလုပ်ကြိုးစားသူ တစ်ယောက်ဖြစ်၍လေ ။ မဟုတ် ။ ယင်းက အထောက်အကူပြုသောအချက်မျှလောက်သာ ဖြစ်သည် ။ သို့ဖြစ်လျှင် သူက သူများထက်သိပ်တော်နေလို့လား ၊ ဒါလည်းမဟုတ် ။ အလုပ်ဝင်စတုန်းကဆိုလျှင်သူသည် တယ်လီဖုန်းလုပ်ငန်းကို နကန်းတစ်လုံးမျှ သိသူပင်မဟုတ် ၊ ဒါဖြင့်ဘာလဲ ။ ဘာကြောင့် သူအောင်မြင်ခဲ့သလဲ ။ ကျွန်တော်ကတော့ သူ့မှာ “ အောင်မြင်ရမည် ” ဟူသောစိတ်ဓာတ်စွဲမြဲပြင်းထန်နေခြင်းကြောင့် ပဲဟုတ်ဆိုချင်သည် ။
အသေးစိတ် စိစစ်ကြည့်မည်ဆိုလျှင် ကောင်းဘွိုင်သည်
“ အောင်မြင်ဖို့ ဆိုသောအချက်ကိုပဲ အာရုံစိုက်သည်။
သူဘာလိုချင်သည်ဆိုတာ သူသိသည် ။ အဲသည်အရာ နောက်ကို သူလိုက်သည် ။
“ သူ့မှာတာဝန်ယူတက်သောစိတ် ရှိသည် ” ။
သူ အရင်ကဘာလဲ ၊ ဘာလုပ်ခဲ့သလဲ ၊ ဘယ်ကလာသလဲ ၊ အဲသည်အချက်တွေကောင်းကောင်းသဘောပေါက် သည် ။
နွားခြံလုပ်သားဘ၀နှင့် ကွဲပြားသောဘ၀ကို သူလိုချင်လျှင် ဘာတွေလုပ်ရမည်ဆိုတာ သူသိသည် ။ သိသည့်အတိုင်း လည်းလုပ်သည် ။
“သူ့မှာဆုံးဖြတ်ချက် ခိုင်မာသည် ။”
လုပ်ငန်းလောကမှာ အောင်မြင်ကြီးပွားအောင်လုပ်ဖို့ သူဆုံးဖြတ်ခဲ့သည် ။ ဆုံးဖြတ်သည့်အတိုင်း နွားခြံ လုပ်သားဘ၀မှ သူထွက်ခဲ့သည်။ အောင်မြင်ရန် အခွင့်အလမ်းရှိသည့် နေရာသို့ သူလာခဲ့သည် ။
“သူ့ကိုယ်သူ ပြောင်းလည်းပစ်သည် ”
ယခင်ပုံစံအတိုင်း ဆက်နေ၍ မကြီးပွားနိုင်တာ သူသိသည် ။ ထို့ကြောင့် နေရာပြောင်းသည် ။ အလုပ်ပြောင်းသည် ။ အောင်မြင်ဖို့ အတွက် လုပ်ရန်လိုအပ်သည့် အရာမှန်သမျှ “ ပြောင်းလဲ ” လုပ်ကိုင်သည် ။
“ သူ့မှာ အနာဂတ် မျှော်မှန်း ချက်ရှိသည် ၊ ပန်းတိုင်ရှိသည် ” ။
သူ့ကိုယ်သူအောင်မြင်သည့် သူတစ်ဦးအဖြစ် သူကြိုတင်မှန်းဆမြင်ယောင်ထားသည် ။ သူ့မှာတိကျသောပန်းတိုင်တွေ စာရွက်ပေါ်မှာ ချရေးထားတာရှိသည် ။ ရေးပြီးသိမ်းမထား ၊ နေ့စဉ်မြင်နေရသည့်နေရာမှာ ကပ်ထားသည် ။ အဲသည်ပန်းတိုင်တွေက သူ့အာရုံထဲစွဲမြဲခဲ့သည် ။
“ ပန်းတိုင်ရောက်အောင် အားထုတ်စရာရှိသမျှ သူအားထုတ်ကြိုးပန်သည် ။ အခက်အခဲ ကြီးမားချိန်မှာလည်း သူနောက်မဆုတ်၊ ဇွဲမလျှော့ ။ ” တယ်လီဖုန်းတပ်မလားဟု လိုက်လံစပ်ဟပ် ရောင်းချသော အလုပ်သည် လွယ်ကူသော အလုပ်တစ်ခုမဟုတ် ။ အခြားအရောင်းသမားများနည်းတူ သူ့မှာလည်းတစ်ခါတစ်ရံ ပစ္စည်းတွေဘယ်လိုမှ ရောင်းမထွက်သည့် အခါမျိုး ကြုံရတက်သည် ။ သို့သော် သူတကာထက်ပိုကြိုးစာသည် ။ အခက်အခဲတွေ ပိုရင်ဆိုင်သည် ။ အရောင်းသမားမှန်း သိသည် နှင့်တံခါးတွေ ဗြောင်းခနဲ ပိတ်သွားတာ ၊ တယ်လီဖုန်း ဂွမ်းခနဲ ချသွားတာတွေ သူများထက် ပို၍ သူတွေ့ရသည် ။သို့သော် သူလက်လျှော့မသွား ။
“ ပြီးတော့ သူမေးသည် ။ တောင်းသင့် တောင်းထိုက်တာတွေ တောင်းသည် ။” ဒါလည်းအရေးကြီးသည် ။ ကျွန်တော့်ထံမှာ သူ“ကြိုစားခွင့်” တောင်းခဲ့သည် ။ တောင်းသဖြင့်သူရသည် ။ သည်လိုပဲ တွေ့သမျှ လူတကာကို တယ်လီဖုန်းအကြောင်း စကားစပ်ကြည့်သည် ။ တယ်လီဖုန်းမရှိသူကို တပ်ပါလားဟုတ်ပြောသည် ။ ရှိပြီးသားသူကို သူ့ ကုမ္ပဏီက တယ်လီဖုန်း ပြောင်းတပ်ကြည့်မလား သူမေးသည် ။ မေးတာ ပြောတာ တောင်းခံတာတွေက အကျိုး ရလဒ်တစ်စုံတစ်ရာတော့ ထွက်စမြဲဖြစ်သည် ။
“ ပြီးတော့ သူ့မှာ တစ်ဖတ်လူကို ဂရုဆိုက်တက်သော စိတ်ရှိသည် ။ ” အလုပ်ရှင်ဖြစ်သော ကျွန်တော့်ကို သူဂရုဆိုက်သည် ။ ကျွန်တော့်အတွက်စဉ်းစားသည် ။ တယ်လီဖုန်းတပ်ဆင်မည့်သူများကို သူဂရုစိုက်သည် ။ သူတို့ကိစ္စတွေအဆင်ပြေအောင် ကူညီသည် ။ မိမိအရေးထက် ၀ယ်သူ့အရေးကို အလေးထားဆောင်ရွက်သည့်အခါဝယ် သူတို့စေတနာက တစ်ကျော့ပြန်လာကာ သူ့အရေးကိစ္စအောင်မြင်ဖို့ ဖြစ်လာသည် ။
“ နောက်ထက် အရေးကြီးသော အချက်က ကောင်းဘွိုင်နှလုံးသားသည် နေ့စဉ်နံနက်တိုင်း ငါအောင်မြင်ရမည်ဟူသော စိတ်ဓါတ်ဖြင့် လုပ်ငန်းစတင်တက်ခြင်းဖြစ်သည် ။ နေ့စဉ်အိမ်ရှေ့တံခါး ဖွင့်သည်နှင့် သည်ကနေ့သည်ငါ့အတွက်ကောင်းသော အခြင်းအရာတွေ သယ်ဆောင်လာမည့်နေ့ဖြစ်သည်ဟု သူယုံကြည်သည် ။ အရှုံးကို သူဘယ်တော့မှ မတွေး ၊ အောင်မြင်မည့်အရေးသာ သူတွေးသည် ။ အောင်မြင်မည်ကိုသာတွေးကာ အောင်စိတ် အပြည့်နှင့် အလုပ်လုပ်သောသူသည် လူတကာထက်ပို၍အောင်မြင်မှုရတက်တာ သဘာဝဖြစ်သည် ။
ထိုအကြောင်းများ ကြောင့် ကောင်းဘွိုင်အောင်မြင်ခဲ့၏ ။
သူသည်ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာခဲ့သည် ။ သည်ငွေတွေ အားလုံးလည်း ဆုံးရှုံးသွားခဲ့ဖူးသည် ။ သို့သော် နောက်၌ သည်လောက်အမြောက်အများပင် သူပြန်လည်ရရှိခဲ့သည် ။ သို့သော် အောင်မြင်မှု ဥပဒေ သများကို သိနားလည်ခဲ့သူ ၊ လက်တွေ့ကျင့်သုံးတက်ခဲ့သူများအဖို့ အကြောင်းကြောင်းကြောင့် အရှုံးနှင့်ကြုံသော်လည်း စိုးရိမ်စရာ မရှိပါ ။ သည်နည်းလမ်းတွေ သည်အကြိမ်ကြိမ် အထပ်ထပ် ကျင့်သုံးအောင်မြင်နိုင် သောနည်းလမ်းများသာဖြစ်သည် ။
“ ကောင်းဘွိုင် ” ၏ ဇာတ်ကြောင်းသည် လူတကာ အတွက်အားတက်ဖွယ် တစ်ခုဖြစ်သည် ။
လူတစ်ယောက်အောင်မြင်ကြီးပွားရန်အတွက် ကျောထောက်နောက်ခံ ကောင်းစရာမလို ၊ ပညာအရည်အချင်း ကြီးကြီးမားမားမလို ၊ လုပ်ငန်းအတက်ပညာတွေ ၊ ကျွမ်းကျင်မှု အရည်အသွေးတွေလည်း ပါလာစရာ မလို ၊ အောင်မြင်ကြီးပွားလိုစိတ်သာ ကြီးမားပြင်းထန်နေဖို့ လိုကြောင်း ကောင်းဘွိုင် က သက်သေထူလျှက်ရှိပေသည်  ။ ။

[မူရင်း ။ ။ Larry Winget ၏ The Cowboy's Story] (ဖေမြင့်ဘာသာပြန်သည် ။)

စိုက်သော အပင်၏အသီးကို

စိုက်သော အပင်၏အသီးကို

ကျွန်တော်အလယ်တန်းကျောင်းသားဘ၀တုန်းက ရှစ်တန်းမှာ ဗိုလ်ကျနေသည့် ကောင်တစ်ကောင်က ဗိုက်ကို လက်သီးနှင့် ထိုးသည်။ အထိုးခံရသဖြင့် နာသည်၊ ဒေါသလည်းထွက်သည်။ သည့်ထက်အခံရခက်သည်က သူတစ်ပါးစော်ကားတာခံရလေခြင်းဟုတ် တနုံ့နုံ့တွေးကာ အရှက်ကြီးရှက်နေမိခြင်းဖြစ်သည်။
သည်ကောင့်ကို ကလဲ့စားချေလိုစိတ်တွေ အလွန်အမင်းပြင်းထန်ထကြွနေသည်။ မနက်ဖြန် စက်ဘီးတွေထားသည့်နေရာနားမှာ သည့်ကောင့်ကိုစောင့်မည်၊ ပြီးလျှင် အကြောင်းသိစေရမည်ဟုတ် ကျွန်တော်ကြံစည်သည်။
သို့သော် ဘာကြောင့်မှန်းမသိ၊ သည်အကြံအစည် ကိုအဘွား “ နာနာ” အားကျွန်တော်ဖွင့်ပြောမိသည် ။ ဧရာမ အမှားပင်။ ထုံးစံအတိုင်း တစ်နာရီလောက် ကြာအောင်သြ၀ါဒစကားမြွတ်ကြားတော့သည်။ အဘွားက တစ်ကယ်ပင် စကားကြောရှည်လှသည့် အမျိုးသမီးကြီးတစ်ယောက်ဖြစ်သည်။ သူ့သြ၀ါဒမှာ စိတ်ညစ်စရာကောင်းလောက်အောင် ရှည်လျားသည်။ သူပြောသည့်အထဲမှာ သည်ကောင့်ကိစ္စကို စိတ်ထဲသည်လောက်ထည့်ထားစရာ မလိုဘူးဟူသောအချက်တစ်ခု ပါတာတော့ ကျွန်တော် အမှတ်ရသည်။ “ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးခံစားရမယ် ” ဟူ၍ သူဆိုသည်။ အဘွားအမြဲသည်စကားပဲ ပြောသည့်အကြောင်းကျွန်တော် ပြန်ပြောမိသည်။ သို့သော်တက်နိုင်သမျှ ယဉ်ယဉ်ကျေးကျေး ကျွန်တော်ပြောခြင်းဖြစ်သည်။ ကျွန်တော် အမြဲတမ်းကောင်းတာတွေချည်း လုပ်သည့်အကြောင်း၊ သို့သော် ဖြစ်လာတာတွေက “အလကား ဖွတ်ကျား” တွေချည်းဖြစ်သည့်အကြောင်းလည်းပြောလိုက်သည်။ (ကျွန်တော် တကယ်ပြောစဉ်က “အလကားဖွတ်ကျား” ဆိုသော စကားကိုတော့ မသုံးပါ။)
ကျွန်တော်ဘာပြောပြော အဘွားသဘောထားက ပြောင်းလဲ မသွား။ “မင်း လုပ်တဲ့ ကောင်းမှုတိုင်းဟာ တစ်နေ့ကျရင် မင်းဆီကို ကောင်းတဲ့ အကျိုးသယ်ဆောင်လာလိမ့်မယ် ၊ လုပ်သမျှမကောင်းမှုဟာလဲ မကောင်းတဲ့ အကျိုးမင်းဆီပြန်သယ်လာမှာပဲ” ဟူ၍ပဲ သူကဆိုသည်။
သည်စကားလုံးတွေ၏ အဓိပ္ပါယ်အနှစ်သာရကို ကျွန်တော် ပီပီပြင်ပြင် သိမြင်ဖို့နှစ်ပေါင်း ၃၀ မျှ အချိန်ယူခဲ့ရသည်။ သည်အချိန် နာနာက ကယ်လီဖိုးနီးယား ပြည်နယ် လာဇူးနာဟေးလ်(စ) ရှိသက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာမှာရောက်နေသည် ။ အင်္ဂါနေ့တိုင်း ကျွန်တော် သူ့ဆီသွားလျှင် နာနာ့ကို ရှေ့ဘက်တံခါးဝက ကုလားထိုင်တစ်လုံးမှာ သပ်သပ်ရပ်ရပ် ၀တ်စားပြီး အသင့်ထိုင်နေတာတွေ့ရမြဲဖြစ်သည်။
အဘွားကို လူအိုဆေးရုံသို့မပို့ရသေးမီ နောက်ဆုံးအခေါက် ညစာစားထွက်စဉ်က အတွေ့အကြုံကို ကျွန်တော်ကောင်းစွာ အမှတ်ရနေသည်။ အဲသည်နေ့ကကျွန်တော်တို့ သွားကြသည်မှာ ဂေဟာနှင့်မဝေးလှသည့် မိသားစုစားသောက်ဆိုင်လေးတစ်ခု ဖြစ်၏ ။ နာနာ့ အတွက်အသားပြုတ်ကြော်နှင့် ကျွန်တော် အတွက်ဟန်ဘာဂါ တစ်ခု မှာလိုက်သည်။ ဟင်းပွဲတွေရောက်လာ၍ ကျွန်တော်နည်းနည်းပါးပါး စားပြီးနာနာ့ ကိုကြည့်လိုက်တော့ သူဘာမှ မစားသေးတာ သတိပြုမိသည် ။
ပန်းကန်ထဲမှ စားစရာတွေကို သူငေး၍ ကြည့်နေသည်။ ကျွန်တော် ကိုယ့်ပန်းကန် ကိုဘေးရွှေ့လိုက်ပြီး နာနာ့ပန်းကန်ကိုလှမ်းယူလိုက်သည် ။ အသားတုန်းကိုသေးသေးလေးတွေ ဖဲ့ပေးလိုက်ပြီးနောက် ပန်းကန်ကို သူ့ရှေ့ ပြန်ချပေးသည် ။ အသားတုံးလေးတွေကို ခက်ရင်းနှင့် တုန်တုန်ရီရီ ထိုးပြီး ပါးစမ်ထဲ ခက်ခက်ခဲခဲ ထည့်နေရှာသောအဘွားကိုကြည့်ရင်း ဟိုးအတိတ်က ဖြစ်ရပ်တစ်ခုကို ကျွန်တော်ပြေးသတိရကာ မျက်ရည်လည်လာသည် ။
လွန်ခဲ့သောနှစ်ပေါင်းလေးဆယ် ။
အဲသည်တုန်းက ကျွန်တော်စားပွဲမှာ ထိုင်တတ်စ ။ ချာတိတ်ကလေး ။ ထမင်းစားတိုင်း အဘွားက ကျွန်တော့် ပန်းကန်ကိုယူကာ အသားကို ကျွန်တော် စားနိုင်လောက်သည့် အတုံးသေးသေးလေးတွေ ဖြစ်အောင်ဖျင်ပေးဖဲ့ပေးသည်။
အဲသည်တုန်းက လုပ်ခဲ့သည့် အဘွား၏ သူတစ်ပါးအပေါ်ကောင်းခဲ့သော အမှုက နှစ်ပေါင်းလေးဆယ် အကြာမှာ တူညီစွာ တုံ့ပြန်လာခဲ့ပါပြီ ။ နာနာ ပြောတာ အမှန်ပင်။ စိုက်သောအပင်၏ အသီးကိုသာ ကျွန်တော်တို့ခူးဆွတ်ရစမြဲ ဖြစ်သည် ။
သင်ပြုသည့် ကောင်းသောအမှုတိုင်းသည် ကောင်းသောအကျိုးရလဒ်များအဖြစ် တစ်နေ့သင့်ထံပြန်လာပါလိမ့်မည်။ ရှစ်တန်းတုန်းက ဗိုလ်ကျခဲ့သူကော ဘာဖြစ်သွားပါသနည်း။ ကိုးတန်းမှာ ဗိုလ်ကျသူနှင့် တွေ့သွားခဲ့ပါသည် ။

[မူရင်း။ ။ Mike Buetelle ၏ As a Man Soweth] (ဖေမြင့် ဘာသာပြန်သည်။)

အဖေ

အဖေ

ကျနော် ............
၎ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။
၅နှစ်... ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး ။
၆နှစ်... ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ ။
၈နှစ်... တို.အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး ။
၁၀နှစ်... အဖေတို. ငယ်ငယ်တုန်းကနဲ. အခုနဲ.က တခြားစီပဲ ။
၁၂ နှစ်... အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး ။
၁၄နှစ်... အဖေတော့ ထည့်ပြောမနေနဲ. ၊ သူက ရှေးရိုးသမားကြီး ။
၂၁နှစ်... အဘိုးကြီးလား...ထားပါ ၊ အောက်နေပြီ ၊ လုံးဝအောက်နေပြီ ။
၂၅နှစ်... အဖေလည်း နည်းနည်းပါးပါးတော့ သိတယ် ၊ မသိလို.လည်း မဖြစ်ဘူးလေ ၊ လူကြီးပဲဟာ ။
၃၀နှစ်... အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဘာပဲပြောပြော သူက အတွေ.အကြုံ အများကြီး ရှိတယ် ။
၃၅နှစ်... အဖေနဲ. တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါ တစ်ခုခုလုပ်နိုင်မယ် ။
၄၀နှစ်...အဖေသာဆိုရင် ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲ မသိဘူး ၊ အဖေက အတွေ.အကြုံ စုံတယ် ၊ အမြော်အမြင်လည်း ရှိတယ် ။
၅၀နှစ်... ဒီကိစ္စ အခုနေသာ အဖေနဲ. တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ် ။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို.ကောင်းတယ် ။
*********************************
အဖေဆိုတာ......အဖေပါပဲ

[ မူရင်း ။ ။ Ann Landers ၏ My Father When I ] (ဖေမြင့်)

ကမ္ဘာလောကကြီးရေ

ကမ္ဘာလောကကြီးရေ

ကျွန်မသား စကော့ နေသည့် ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အရေးကြီးသောကိစ္စတစ်ခုပြောလို ၍ အိမ်သို့ လာရောက်လိုကြောင်းနှင့် တွေ့ဆုံနိုင်မည့် အချိန်ကို ပြန်ကြားပေးပါရန် ဖုန်းဆက်ပြောဆိုသည် ။
စကော့၏ ကျောင်းဆင်းပွဲကလည်း ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ကျောင်အုပ်ကြီး ဆက်သွယ်ခြင်းမှာ ယင်းကိစ္စနှင့် ဆက်စပ်ပတ်သက်လိမ့်မည်ဟု ကျွန်မ ယူဆမိသည်။ သို့သော် စကော့တစ်ယောက်ကျောင်းမှာ မဟုတ်တရုတ် တစ်ခုခုများ လုပ်ခဲ့လေသလားဟူ၍လည်း စိတ်ထဲတွေးပူမိသေး၏ ။ သို့နှင့် သတင်းကောင်းပဲကြားရပါစေဟု ကျိတ်ဆုတောင်းကာ ဆရာကြီး အလာကိုစောင့်မျှော်နေခဲ့သည်။
သတင်းက သတင်းကောင်း အစစ်ဖြစ်သည်။ကျောင်းဆင်းပွဲတွင် ကျောင်းသားများကိုယ်စား နူတ်ဆက်စကားပြောကြားရန် အတွက် စကော့အား ရွေးချယ် အပ်နှင်းကြောင်း ကြားသိရသည်။ ထို့နောက် ဆရာကြီးက သား၏ အောင်မြင်မှုကိုဂုဏ်ပြုသောအားဖြင့်ကျောင်းဆင်းပွဲနှင့်စပ်လျဉ်းသည့် အမှတ်တရ စာတစ်ပုဒ် ရေးသားပေးပါရန် ကျွန်မအား မေတ္တာရပ်ခံသည်။ ကျွန်မကလည်း ၀မ်းမြောက်ဝမ်းသာဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်၍ပြောလိုက်သည် ။သားအတွက် ကျွန်မ တစ်ကယ်ပင် ၀မ်းမြောင်ဂုဏ်ယူခဲ့ခြင်းဖြစ်သည် ။
လက်နှပ်စက်ရှေ့မှာ ထိုင်ကာ စကော့ဖြတ်သန်းခဲ့ရသည့် ဘ၀ခရီး အကြောင်းပြန်ပြောင်းတွေးတောရင်း သူ့ဘ၀ အတွက် သည်ကျောင်းဆင်းပွဲ၏ ထူးခြားအရေးပါလှပုံကို ကျွန်မ ထင်လင်းစွာ မြင်လာသည် ။ စကော့နှင့် သူ၏အတန်းဖော်သူငယ်ချင်းများသည် သူတို့ အတွက်လုံးဝ စိမ်းနေသေးသည့် လက်တွေ့လူလောကကြီး အတွင်းသို့ ၀င်ရောက်ကြရတော့မည် ဖြစ်သည် ။သူတို့ကို ကျွန်မတို့ နေ့စဉ်ပုံမှန် လိုက်လံထိန်းကျောင်းပေးနေနိုင်ပြီ မဟုတ်တော့  အကြံပေးခြင်း ဖေမကူညီခြင်းများလည်း မပြတ်လုပ်နေနိုင်မည် မဟုတ်တော့ ။
သို့နှင့် သူတို့ နှဖူးတွေ့ဒူးတွေ့တွေ့ကြရတော့မည် ကမ္ဘာလောကကြီးထံ ကျွန်တော်မစာတစ်ဆောင် ယခုလိုရေးဖြစ်ခဲ့သည် ။
..............
ကမ္ဘာလောကကြီးရေ ...
တို့ကလေးတွေ ဒီနေ့ ကျောင်းဆင်းကြတော့မယ် ကာလအတန်ကြာတဲ့အထိ မင်းကိုသူတို့ နားလည်နိုင်ကြအုံးမှာ မဟုတ်ဘူး မင်းသူတို့ ကိုကြင်ကြင်နာနာဆက်ဆံပေးပါလို့ မေတ္တာရပ်ခံချင်တယ် မင်းသိတဲ့ အတိုင်း သူတို့ကလောလောဆယ် အချိန်အထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေကြတယ် သူတို့ ခံစားချက်တွေ ဝေဒနာတွေ မှန်သမျှ မိဘက မပြတ် အကဲခတ်ပြီး ဖြေဖျောက်ပေးကုစားပေးနေခဲ့တာ ၊ နက်ဖြန်သဘက်ခါစပြီး အခြေနေတွေက လုံးဝခြားနားသွားတော့မှာ ။ ဒီစွန့်စားခန်းခရီးမှာ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ် သူနိုင်ငါနိုင်ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတွေလည်း ဆင်နွဲရလိမ့်မယ် ဒီလမ်းခရီးကိုလျှောက်လှမ်းနိုင်ဖို့ အတွက် သူတို့မှာယုံကြည်မှုတွေ မေတ္တာတရားတွေ ခံနိုင်ရည်တွေ သိနားလည်မှုတွေ အများကြီးလိုအပ်လိမ့်မယ် ဒါကြောင့်မို့ သူတို့လေးတွေကို ကြည့်ရှု့စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ ။
သူတို့ သိသင့်သိထိုက်တဲ့ အရာတွေ သိအောင်တက်အောင် သင်ပြပေးစမ်းပါ ဒါပေမယ့် ကျေးဇူးပြုပြီး တက်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော် ။
လောကကြီးမှာလူတိုင်း သမာသမတ်ရှိတာ မဟုတ်ဘူး တရားသဖြင့်လုပ်နေတာမဟုတ်ဘူး မမှန်မကန်တဲ့သူတွေလည်းရှိတယ် ဆိုတာသူတို့သိဖို့လိုသေးတယ် ဒါပေမယ့်လူဆိုးတစ်ယောက်ရှိတိုင်း ဇာတ်လိုက်လူစွမ်းကောင်းတစ်ယောက်တော့ရှိတယ် လိမ်ညာကောက်ကျစ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ် ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမဲ့ မိတ်ဆွေတစ်ယောက်တော့ရှိတယ် ဆိုတာလည်း သင်ကြားပေးစေချင်ပါတယ် ။
အချိန်တော့ပေးရမှာပေါ့လောကကြီးရယ် ဒါပေမယ့် ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာထက် တန်ဖိုးရှိတယ်ဆိုတဲ့ အကြောင်း အရှုံးကို အပြုံးမပျက် ခံယူတက်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ်ဆိုတဲ့ အကြောင်းတွေလည်း သူတို့ သိနားလည်အောင်ဆောင်ရွက်ပေးစေချင်ပါတယ် ။
ဖြစ်နိုင်ရင်သူတို့မှာ ၀န်တိုမစ္ဆေရစိတ် ကင်းဆင်အောင် သူတစ်ပါးရဲ့ အဆင်ပြေမှု အောင်မြင်မှု အတွက်လည်း မုတိတာပွားတက်အောင် သင်ကြားပေးစေချင်တယ် မအောင်မြင်မှုနဲ့ ကြုံရတဲ့ အခါမျိုးမှာ အရှုံးဒဏ်ကို ကြံ့ကြံ့ခံ နိုင်တဲ့ဇွဲသတ္တိရှိဖို့နဲ့ အောင်မြင်တဲ့ အထိ ဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတက်ဖို့လည်း သင်ကြားပေးပါ။ ပြီး သိမ်မွေ့သူကို သိမ်မွေ့စွာဆက်ဆံတက်ဖို့ မာကျောသူနဲ့ တွေ့တဲ့ အခါကိုယ်လည်းမာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ ။
အများနောက် ရောယောက်မလိုက်ပဲ ကိုယ့် အသိဥာဏ်ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တက်ဖို့ ဘယ်သူ့စကားကို မှ နားပိတ်မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့ စကာနဲ့ စစ်ပြီးမှ လက်ခံမှတ်သားတက်ဖို့ ၀မ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက်နေတက်ဖို့ သို့သော် မျက်ရည်ကျခြင်ကိုလည်း ရှက်စရာလို့ မယူဆဖို့။ ပြီး တစ်ခါတစ်ရံရှုံးနိမ့်ခြင်းမှာလည်း ဂုဏ်ကျက်သရည်ရှိနေတက်ပြီး အောင်မြင်လျှက် စိတ်ပျက်ရခြင်းဆိုတာမျိုးလည်းရှိကြောင်း သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ် ။
အမြဲမကောင်းပြောတက်တဲ့သုတွေကို ဂရုမဆိုက်ဖို့ စကားချိုလွန်းတဲ့သူကိုသတိထားဖို့ ။
ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံ ရောင်းချတက်ဖို့ ဒါပေမယ့် နှလုံးသားနဲ့ ၀ိညာဉ်ကိုတော့  ဘယ်တော့ မှဈေးနှုန်းမသက်မှတ်ဖို့ တွေကိုလည်းသင်ပေးဖို့လိုလိမ့်မယ် ။
အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါး နှိုင်းယှဉ်တာမျိုးမလုပ်ဖို့လည်း သင်ပြပေးစေချင်တယ် ဘာကြောင့်လည်းဆိုတော့ လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့လူတွေ ကိုယ့်ထက်နိမ့်ပါးတဲ့လူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား ကိုယ့်စံချိန်နှိမ်အောင် ကိုယ့်ယခင်ဆောင်ရွက်ချက်တွေထက်ထူးခြားသာလွန်အောင် ပြိုင်ဆို ကြိုးစားဖို့သာ သူတို့ကို သင်ကြားပေးစေချင်တယ် ။.
ပြီးတော့ လောကကြီးမှာတစ်ခါတစ်ရံ အလောင်းအစားလုပ်ရတဲ့ အခါမျိုးရှိသလို အံစာတုန်းကို လက်လွှဲပေးလိုက်ရတဲ့ အခါမျိုးလည်း ရှိတယ်ဆိုတာ သူတို့သိဖို့ လိုလိမ့်မယ် ။
လောကကြီးရေ ....သူတို့ကိုကြင်ကြင်နာနာဆက်ဆံပါကွာ ဒါပေမယ့် အလိုတော့ မလိုက်နဲ့ သိပ်ပြီးလည်း မျက်နှာသာမပေးနဲ့ ဘာကြောင့်လည်းဆိုတော့ မီးဒဏ်ကို နာနာခံပြီးမှ အသားကောင်းတဲ့ သံမဏိဖြစ်မှာကိုး ။ ဒီအတွက် သူတို့ မှာ မိမိကိုယ်ယုံကြည်တဲ့စိတ် ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ်ယုံကြည်တဲ့စိတ် သူတို့မှာ ကိန်းအောင်းလာလိမ့်မယ် ။
မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီရေ .. ဒါပေမယ့် မင်းတက်နိုင်သမျှတော့ လုပ်ပေးနော် သူတို့က နုနယ်သေးတဲ့ ကလေးတွေ .... ငါတို့ရဲ့ ကလေးတွေပါ ။

[မူရင်း ။  ။ Avril Johannes ၏ Dear World] (ဖေမြင့် ဘာသာပြန်သည်။)

နပိုလီယန်နှင့် သားမွေးဆိုင်ရှင်

နပိုလီယန် နှင့် သားမွေးဆိုင်ရှင်

ဒါသဖြင့်လည်း နောက်ကြောင်းပြန်လှည့်မကြည့်နှင့် ၊
ကြောက်စိတ်ဖြစ်လည်း ရှေ့ရေးမတွေးနှင့် ၊
ပညာသတိဖြင့်သာ
ဝန်းကျင်ကို ရှု့မြင်ပါ ။
(ဂျိမ်းစ်သာဗာ)

ရုရှားပြည်ကြီးကို နပိုလီယန် တိုက်ခိုက်ကျူးကျော်စဉ်ကာလ။ မြို့ကလေးတစ်မြို့ တွင်းစစ်ခင်းကြစဉ် နပိုလီယန် နှင့်သူ့နောက်လိုက်နောက်ပါတွေ အမှတ်မထင်လူစုကွဲသွားကြသည် ။
ရုရှား ကော့ဆက်စစ်သားတစ်စုက သူ့ကိုမြင်သွားပြီးနောက်က တရကြမ်းလိုက်သည် ။ ကွေ့ကောက်သော လမ်းသေးလမ်းသွယ်များကြား အသက်ကိုလု၍ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည်အရောင်းဆိုင် တစ်ဆိုင်တွင် အလစ်ဝင်ခိုသည် ။
ဆိုင်ရှင်ကိုမြင်တော့ “ ကယ်စမ်းပါဦးဗျာ ၊ ကယ်စမ်းပါဦး ၊ ကျွန်တော်ဘယ်မှာ ပုန်းရမလဲ” ၊တောင်းပန် တိုးလျှိုးသောလေသံဖြင့် နပိုလီယန် အမောတကောမေးသည် ။
ဆိုင်ရှင်က “ အဲဒီထောင့်က သားမွေးပုံကြီးအောက် အမြန်ဝင် ” ဟုတ်ဆိုပြီးနောက် နပိုလီယန်အား အပေါ်မှသားမွေးတွေ တစ်ထပ်ကြီးဖုံးဖိပေးထားသည်။
ဖုံးမိယုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ်ပြေးဝင်လာကြသည် ။“ ဘယ်မလဲဟေ့ ၊ ဒီဆိုင်ထဲဝင်သွားတာ ငါတို့ မြင်လိုက်တယ် ”
ဆိုင်ရှင်က ငြင်းသည် ။ သို့သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေတစ်ဆိုင်လုံးဆွဲလွဲ မွှေနောက်ကာ နပိုလီယန်ကိုရှာကြသည် ။ သားမွေးပုံကြီးကို ဓါးတွေနှင့် တစွပ်စွပ်ထိုးကြည့်ကြသည်၊ မတွေ့။ နောက်ဆုံးသူတို့လက်လျှော့ပြီး ထွက်သွားကြသည် ။
အတော်လေးကြာမှ နပိုလီယန် သားမွေးပုံအောက်မှ တွား၍ထွက်လာသည် ။ သူဘာဒဏ်ရာမှ မရခဲ့ ။ သည်အခိုက်မှာပင် သူ့ကိုယ်ရံတော် ဆိုင်ဝရောက်လာသည်။
သည်အချန် သားမွေးဆိုင်ရှင်က နပိုလီယန်အား ကြည့်ကာ မရဲ့ တရဲ့နှင့်မေးသည် ။
“ ဒီလောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာ ပါးမနာ မေးတယ်လို့တော့ သဘောမထားပါနဲ့ခင်ဗျာ ၊ သားမွေးပုံအောက် ရောက်နေတဲ့ အချိန်ဓ နောက်တစ်ခဏမှာ အဆုံးစီရင်ခံရနိုင်တယ်လို့ သိနေရတဲ့အချိန်က ဘယ်လိုခံစားရပါသလဲခင်ဗျာ ”
နပိုလီယန် ဆက်ခနဲ မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့်ပြောသည်။
“ နပိုလီယန် ဧကရာဇ်တစ်ယောက်လုံးကို အထီလေးစား မေးရသလား ၊ ရိုင်းပျတဲ့ ဒီသတ္တ၀ါကိုဖမ်း ၊ မျက်နှာကိုပ၀ါစည်းပြီး ချက်ချင်းသုတ်သင်စမ်း ၊ ငါကိုယ်မြတ် ကိုယ်တိုင်ဒီကောင့်ကို ပြစ်မိန့်ပေးမယ် ”
ကိုယ်ရံတော်စစ်သည်တွေက သားမွေးဆိုင်ရှင်အား ၀ိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲခေါ်သွားကြသည်။ သူ့ကို နံရံမှာ ရပ်စေကာ မျက်နှာကို ပ၀ါစည်းသည်။
သားမွေးဆိုင်ရှင်သည် ဘာကိုမှ မမြင်ရ။ သို့သော် စစ်သားတွေ တန်းစီသံ၊ ပစ်ခတ်ရန်အတွက် ရိုင်ဖယ်သနက်များ ပြင်ဆင်ကြသံတွေ သူကြားနေရသည် ။ လေတိုးသဖြင့် သူ့ကိုယ်ပေါ်က အ၀တ်အစားတွေ လှုပ်ခတ်သွားတာ ၊ပါးပြင်က အေးစက်သွားတာ ၊ ပြီးတော့ သူ့ဒူးတွေ တဆတ်ဆတ် တုန်နေတာတွေလည်း သူသတိပြုမိနေသည်။
ထို့နောက်နပိုလီလန် လည်ချောင်းရှင်းလိုက်ပြီး တစ်ဆင့်ခြင်းအမိန့်ပေးသံသူကြားရသည်။
“ အသင့်ပြင် .... ချိန် .... ”
လောလောဆယ်သူသိမှတ်နေရသည့် အကြားအရုံ၊ အထိအတွေ့ အာရုံကလေးသည်ပင် အချိန်အနည်းအငယ်အတွင်း သူ့ထံမှ ထာဝရနူတ်ပယ်ခံရတော့မည်ဟူသည်ကို တွေးမိကာ အမျိုးအမည် မဖော်နိုင်သည့် ဝေဒနာတစ်ခု သူ့ကိုလွမ်းမိုးလာပြီး ပါးပြင်ပေါ်သို့မျက်ရည်တွေ စီးကျလာသည် ။
အတော်ကြီးကြာအောင်တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သူ့အနီးသို့ ချဉ်းကပ်လာသည့် ခြေသံများသားမွေးဆိုင်ရှင်ကြားရသည် ။ ထို့နောက် သူ့မျက်နှာစည်းထားသည့် အ၀တ်ကို ဖြည်ပေးသည် ။ ရုတ်တရက်တိုးဝင်လာသည့် နေရောက်ကြောင့် သူ့အမြင်အာရုံတွေ မသဲကွဲသေး သို့သော်မှုန်ရီဝိုးဝါးဖြစ်နေသေးသည့် ကြားကပင် သူ့အားဖောက်ထွင်းမတတ် စူးဆိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်နေရသည် ။ သည်မျက်လုံးများကား သူ့တစ်ကိုယ်လုံးကို တစ်ထောင့်တစ်ဌာန မကျန် အသေးစိတ်ဖော်ထုတ် သိမြင်သွားသည့်ဟန်ပင်။
သည့်နောက်နပိုလီယန်၏ လေသံအေးအေးနှင့် ပြောလိုက်သည်က။
“ ကဲ ... အခုတော့ မင်းသိပြီ မဟုတ်လား ” တဲ့ ။

[မူရင်း ။ ။ Steve Andreas ၏ Napoleon and the Furrier] (ဖေမြင့် ဘာသာပြန်သည်)

အခက်ခဲ ဆိုတာဘာလဲ စဉ်းစာကြည့်စမ်းပါ

အခက်ခဲ ဆိုတာဘာလဲ စဉ်းစာကြည့်စမ်းပါ

ကြီးမားသည့် အစည်းအတားဟူသည်
သင့်မျက်စိကို ပန်းတိုင်မှလွှဲဖယ်လိုမိစဉ်
မြင်ရတက်သည့် ကြောက်မက်ဖွယ်ရာတို့ကို ဆိုပေသည် ။
(ဟင်နရီဖို့ဒ်)

စဉ်းစားပါ ။
သည်ပုဂ္ဂိုလ်တွေ အကြောင်းစဉ်းစားကြည့်စမ်းပါ ။
*ဖရက်(ဒ်)အက်စတယ် ရုပ်ရှင်ရိုက်ရန်အတွက် စမ်းသပ်ခံသည့်အခါ MGM ရုပ်ရှင် ကုမ္ပဏီမှစစ်ဆေးသူက“ သရုပ်မဆောင်တက် ထိပ်နည်းနည်းပြောင်သည် အနည်းအကျဉ်းသာကတက်သည်” ဟူ၍ မှတ်ချက်ပေးသည် အဲသည့် မှတ်ချက်ပေးတုန်းက ၁၉၉၃ ခုနှစ် ။ အဲသည်နှစ်မှာပဲ သူနာမည်စရသည် သည့်နောက်တော့ ဟောလိဝုဒ် မှာ အကြော်အကြားဆုံးရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လာသည်၊ ကမ္ဘာမှာ အကအကောင်းဆုံးပုဂ္ဂိုလ်ဟုချီးမွန်းပြောဆိုခြင်းခံရသည် ။ အက်စတယ် က MGM မှ မှတ်ချက်ကို သူ့အိမ်ရှိမီးလင်ဖိုထိပ်တွင် အမှတ်တရချိတ်ဆွဲထားခဲ့သည် ။
*ကျွမ်းကျင်သူဆိုသော ပုဂ္ဂိုလ်တစ်ယောက်က ဗင်းဆင့်လွန်ဘာဒီ ဘောလုံးပညာမယ်မယ်ရရ မတက် စိတ်အားထက်သန်မှုလည်းမရှိဟုတ် မှတ်ချက်ချခံခဲ့သည် ။
လွန်ဘာဒီ သည်အမေရိကန်ဘောလုံး (ရပ်ဂဘီ) လောကတွင်ထူးချွန်ထင်ရှားသေားအားကစားသမား တစ်ယောက်ဖြစ်သကဲ့ နည်းပြတစ်ဦးအဖြစ်လည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ် ။
*ဆော့ခရတီး (စ) အား လူငယ်များကို စာရိတ္တပျက်စေသူဟူ၍ မလိုလားသူတွေက စွပ်စွဲခဲ့ဘူးသည် ။
ဆော့ခရတီး (စ) ကိုယ်ကျင့်တရားဆိုင်ရာ သြ၀ါဒများကို ယနေ့တိုင်ကမ္ဘာက ဆည်းပူးရဆဲဖြစ်သည် ။ပလေတိုး ၊ အရစ္စတိုတယ် ၊ စသည့် ဆော့ခရတီး(စ) တပည့်စဉ်ဆက်တို့သည် ဥရောပနှင့်တကွ ကမ္ဘာကိုပါ အသိပညာဖြန်ဖြူးပေးဝေသည့် ပညာရေးသမားကြီးများဖြစ်ခဲ့သည် ။
*ပီတာဂျေဒင်နီယယ် စတုတ္ထတန်းမှာ ရှိစဉ်က သူ့ဆရာမ မစ္စစ်ဖိလစ်(ပ)(စ) က ...
“ပီတာဂျေဒင်နီယယ် ၊ မင်းဟာအလကားအသုံးမကျတဲ့ ပန်းသီးပုပ်ပဲ၊ ဘယ်တော့မှ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး” ဟူ၍ အမြဲပြောလေ့ရှိခဲ့သည် ။
ပီတာသည် အသက်နှစ်ဆယ့်ခြောက်နှစ်ထိ စာလုံးဝ မတက်သလောက်ဖြစ်ခဲ့သည် ။ သို့သော်သူ့အား သူငယ်ချင်းတစ်ယောက်က နပိုလီယန်ဟေးလ် ၏ အကြံဥာဏ်ဖြင့် စီးပွားရေးစာအုပ်ကို ညလုံးပေါက်ဖတ်ပြပြီးသည့်နောက်တွင် သူ့ဘ၀ ပြောင်းလည်းသွားခဲ့သည် ယခုအခါ၌သူသည် ယခင်သူအမြဲရန်ဖြစ်လေ့ရှိခဲ့သည့် လမ်းစုံလမ်းခွ များကို ပိုင်ဆိုင်လျှက်ရှိသည် ။ စာလည်းကောင်းစွာ တက်မြောက်ခဲ့ယုံမက စာအုပ်စာတမ်းများပင်ရေးသားထုတ်ဝေ နိုင်ခဲ့သည် ။ သူ၏ နောက်ဆုံးထုတ်စာအုပ်မှာ Mrs.Phillips, You Were Wrong! (ဆရာမပြောတာမှားသွားပြီ ) ဟူ၍ဖြစ်သည် ။
*လူဝီဆာမေ အယ်လကော့ (တ) အား သူမ၏ မိသားစုက အပ်ချုပ်သမ အလုပ် ၊ အိမ်ဖော်အလုပ်များလုပ်ရန်တိုက်တွန်းခဲ့ကြဘူးသည် ။
လူဝီဆာသည် Little Women ၀တ္တုအပါ အ၀င် လူငယ်စာပေအများအပြား ရေးသားပြုစုခြင်းဖြင့် ထင်ရှားသောစာရေးဆရာ တစ်ဦး ဖြစ်လာသည် ။
*ဘေထိုးဗင် သည် တယောကို အချိုးတစ်ကျမကိုင်တက်ခဲ့ ၊ ထို့ပြင်တေးဂီတ နည်းစနစ်များကို ကျွမ်းကျင်အောင်လုပ်ဖို့ထက် ကိုယ်ပိုင်သံစဉ်ရေးဖွဲ့ရန်သာ အားသာနေတက်သည် ။ ပြီး . သူ့ဆရာကလည်း သူ့အားတေးဂီတ ရေးဖွဲသီကုံးသူ (Composer) တစ်ဦးဖြစ်ဖို့ မျှော်လင့်ချက်မရှိဟု ဆိုခဲ့သည် ။
သို့သော် နောင်တစ်နေ့၌  ဘေထိုးဗင် သည် ကမ္ဘာတေးဂီတ သမိုင်းတွင် အထင်အရှားဆုံးပါရမီရှင် ပညာရှင်ကြီး တစ်ဦးဖြစ်လာခဲ့သည် ။
*အင်နရီကို ကာရူဆို အား မိဘများက အင်ဂျင်နီယာ ဖြစ်စေချင်ကြသည် သူ့ဆရာကလည်း သူ့မှာ အသံ မရှိ သီချင်းဆိုသမားမဖြစ်နိုင်ဟု မှတ်ချက်ချသည်
ကာရူဆိုသည် နှစ်ဆယ်ရာစုနှစ်၏ အထင်ရှားဆုံး အဆိုတော်တစ်ဦးဖြစ်လာခဲ့သည် ။
အလားတူပင် .....
*အီဗော်လူးရှင်း သီဝရီ၏ ဖခင်ကြီး ချားလ်(စ) ဒါဝင်သည် သူ့ဆရာများနှင့်သူ့ဖခင်ကိုယ်တိုင်က ဥာဏ်ရည်နိမ့်သူတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသည် ။
*ဖန်တီးမှု အနုပညာလောကတွင် ထိပ်သီးတစ်ဦးဖြစ်လာသော ဝေါ့ဒစ္စနေ စိတ်ကူးဥာဏ်ခေါင်းပါးသည်ဟူသော မှတ်ချက်ဖြင့် သတင်းစာအလုပ်မှ ထုတ်ပယ်ခြင်းခံရဘူးသည် ။ ထို့အပြင် ကလေး လူကြီးတကာတို့ လာရောက်လည်ပတ်ကြသော ဒစ္စနေ အံ့ဖွယ်ကမ္ဘာလုပ်ငန်းကြီး အောင်မြင်စွာ မတည်ထောင်နိုင်မီ စီးပွားအကြိမ်ကြိမ်ပျက်ခဲ့ဖူးသည် ။
*ဓာတ်စက် ၊ လျှပ်စစ်မီးသီး စသည်တို့အပါ အ၀င်တီထွင်မှုပေါင်း ၁၃၀၀မျှ ပြုလုပ်ခဲ့သည့် သိပံ္ပပညာရှင်ကြီး အက်ဒီဆင် အား သူ့ဆရာများက အလွန်ထုံထိုင်းသူ ၊ ဘာစာမျှသင်၍ မရသူဟူ၍ မှတ်ချက်ချခဲ့ဖူးသည်။
*နှစ်ဆယ်ရာစု၏ အကြီးကျယ်ဆုံး သိပံ္ပကညာကျော် အယ်လဘတ် အိုင်စတိုင်း သည် အသက် ၄ နှစ်အရွယ်ထိ စကားမပြောတတ်ခဲ့ ။ အသက်၇ နှစ်သားအထိစာမဖတ်တက်ခဲ့။ သူ့ဆရာကလည်း သူ့အား ဦးနှောက်လေးသူ ၊ ပေါင်းသင်းဆက်ဆံရေးချို့တဲ့သူ ၊ ရူးတူးကြောင်တောင်အတွေးများဖြင့် နစ်မျောနေတတ်သူဟူ၍ မှတ်ချက်ခဲ့သည် ။
၎င်းတို့သာမဟုတ်
*ဓာတုဗေဒ နှင့် ပိုးမွှားဗေဒ ပညာရှင်ကြီး လူဝီပါစတာ သည်လည်း ကျောင်းနေစဉ်က သာမန်မျှသာ ဖြစ်ပြီး နောင်တွင် ပါရဂူတစ်ဆူဖြစ်လာမည့် ဓာတုဗေဒ ဘာသာရပ်၌ပင် ကျောင်းသား ၂၂ ယောက်ထဲတွင် အဆင့် ၁၅ ရှိခဲ့သည် ။
*ရူပဗေဒ ပညာနယ်ပယ်၌ ကြီးကျယ်လှသောသဘောတရားသစ်များကို ဖော်ထုတ်ခဲ့သူ ၁၈ ရာစု အင်္ဂလိပ်အတွေအခေါ်ပညာရှင် သိပံ္ပပညာရှင်ကြီး အိုက်ဇက်နယူတန် သည်လည်း အခြေခံပညာအဆင့်တွင် အလွန်စာညံ့သူတစ်ဦးဖြစ်သည် ။
*“တွေးတောသူ” ပန်းပုရုပ်ဖြင့် ကမ္ဘာသိထင်ရှားသူ ပန်းပုဆရာကြီး ရိုဒင် အားသူ့ဖခင်က ငါ့မှာ ကျပ်မပြည့်တဲ့ သားတစ်ယောက် မွေးထားရတယ်ဟု ပြောဖူးသည်။ ရိုဒင်သည် နုပညာကျောင်းသို့ ၀င်ခွင့်လျှောက်ထားရာ သုံးကြိမ်တိတိ အပယ်ခံရသည်။ သူ့ဦးလေးကမူ ဒီကောင်က ဘာပညာမှသင်လို့မရဘူးဟူ၍ မှတ်ချက်ချသည် ။
*“စစ်နှင့် ငြိမ်းချမ်းရေး ” ၀တ္ထုကြီးဖြင့် ကမ္ဘာကလေးစားရသော ရုရှားစာရေးဆရာကြီး တော်စတွိုင်း သည်ကောလိပ်ကျောင်းမှ တစ်ဝက်တစ်ပျက်နှင့် ထွက်ခဲ့ရသူဖြစ်သည် ။ သူ့အားစာသင်၍မရ ၊ စာသင်ချင်စိတ်လည်း သူ့မှာမရှိဟူ၍ မှတ်ချက်ချခြင်းခံရသည် ။
*မော်တော်ကား ပညာရှင် အမေရိကန် စက်မှု လုပ်ငန်းရှင်သူဌေးကြီး ဟင်နရီဖို့ဒ် သည်အကြီးအကျယ် ချမ်းသာကြွယ်ဝသည့်အဆင့် မရောက်မီက ငါးကြိမ်တိတိ စီးပွားပျက်ခဲ့ဖူးသည် ။
*နှစ်ဆယ်ရာစု ပထမပိုင်း ကာလ၏ အထင်ရှားဆုံးလူသားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသူ ဆာဝင်စတန်ချာချီ သည်ခြောက်တန်းတွင် စာမေးပွဲကျခဲ့သည်။ ဘ၀သက်တမ်း တစ်လျှောက်လုံးလည်း နိုင်ငံရေး နယ်ပယ်တွင် ရှုံးပွဲတွေ အလီလီ ဆင်နွှဲခဲ့ရပြီး အသက် ၆၂ နှစ်တွင် ဗြိတိလျှဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။
*ယောနသံစင်ရော်” ၀တ္ထုဖြင့် ကမ္ဘာကျော်ခဲ့သည့် စာရေးဆရာ ရစ်ချက်ဘတ်(ခ) သည် အစပိုင်းက သည်ဝတ္ထုလေးတစ်ပိုက်ပိုက်နှင့် စာအုပ်တိုက်တကာလည်ခဲ့ရသည် ။ ထုတ်ဝေသူ ၁၈ ဦးတိတိက သူ့စာအုပ်ကိုငြင်းပယ်ခဲ့သည် ။ ၁၉၇၀ ခုနှစ်တွင်မှ မက္ကမီလန် စာအုပ်တိုက်မှ လက်ခံထုတ်ဝေခဲ့ရာ အကြီးအကျယ် အောင်မြင်ကျော်ကြားသွားခဲ့ပြီး နောက်ငါးနှစ်အတွင်း အမေရိကန် တစ်ပြည်တည်းမှာပင် စောင်ရေ ၇သန်းကျော်ရောင်းချခဲ့ရသည်။
*အလားတူ အလားတူ အဲသည်လို ပုဂ္ဂိုလ်မျိုးဖြစ်ရပ်တွေ အများအပြားပင်ရှိပါသည် ။
ထို့ကြောင့် အကယ်၍ သင့်မှာလောလောဆယ်မအောင်မြင်မှု ၊ ဆုံးရှုံးမှု များ ကြုံနေရသည်ဆိုငြားအံ့ ၊ ထို့အတွက် စိတ်ပျက်လက်လျှော့လိုစိတ်များ လည်းဖြစ်ပေါ်မည်ဆိုငြားအံ့ ၊ သည်ပုဂ္ဂိုလ်တွေ အကြောင်း တွေးကာ၊ ထို့နောက်သူတို့ အကြောင်းတွေ အသေးစိတ် လိုက်လံလေ့လာကာ ၊ စိတ်သစ် အားသစ်တွေ မွေးပြီး ကြိုးစားစမ်းပါဟု အကြံပေးလိုက်ချင်ပါသည် ။

[မူရင်း ။ ။ Jack Canfield နှင့် Mark V.Hansen တို့၏ Consider This] (ဖေမြင့် ဘာသာပြန်သည်)

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

တစ်နေ့ ကျွန်တော် နယူးယောက်မှာ မိတ်ဆွေတစ်ယောက်နှင့်အတူ တက္ကစီစီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကို ပြောသည်။ “ကျေးဇူးပါပဲဗျာ၊ ခင်ဗျား ကားမောင်းပုံ သိပ်ကောင်းတာပဲ”
တက္ကစီဒရိုင်ဘာက ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ “ဘာလဲဗျ၊ နောက်တာလား” ဟု ပြန်ပြောသည်။
“မဟုတ်ဘူးဗျ၊ မနောက်ပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ကားတွေ ရှုပ်ယှက်ခတ်နေတဲ့ နေရာမှာ ခင်ဗျားတည်တည် ငြိမ်ငြိမ်အလုပ်လုပ်တာ သဘောကျလို့ပါ”
“အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။
“နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ” ကိုယ့်ချည်း ရှိတော့မှ ကျွန်တော် မေးမိသည်။
“နယူးယောက်မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားအောင် ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတယ်” မိတ်ဆွေက ဆိုသည်။
“ခင်ဗျားတစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာ ကယ်နိုင်ပါ့မလဲဗျ”
“တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ တစိမ့်စိမ့်တွေးပြီး ကျေနပ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်၊ အကယ်၍ ဒီနေ့မှာ သူ ခရီးသည် ၂၀ မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ် ကျွန်တော်တစ်ယောက် ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီ လူ ၂၀ အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ၊ အဲဒီလူတွေကတစ်ခါ ဆင့်ပွားပြီး သူတို့နဲ့ ဆက်ဆံရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို ပျူပျူငှာငှာ ဆက်ဆံမယ်၊ ကိုယ့်မိသားစုတွေအပေါ်မှာလည်း ပိုကြင်နာသွားမယ်ဆိုရင် ဒီ တစ်ဦးအပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးမှုဟာ အနည်းဆုံး လူ ၁၀၀၀ လောက်ဆီအထိ ပြန့်သွားလိမ့်မယ်ဗျ၊ အဲဒါဆို ဘယ်ဆိုးမလဲ၊ မဟုတ်ဘူးလား”
“ဒါပေမဲ့ ခင်ဗျားရဲ့ ချစ်ကြည်ရေးစိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီ တက္ကစီဒရိုင်ဘာပေါ်မှာ လုံးလုံးလျားလျား မူတည်မနေပေဘူးလားခင်ဗျာ”
“ဟာ…ဘယ်ဟုတ်မလဲ၊ သူတစ်ဦးတည်းအပေါ်တော့လည်း ကျွန်တော် ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါ့မလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ လူ ဆယ်ယောက်နဲ့ အဲဒီလို မေတ္တာ ဖြန့်ကျက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ်၊ ဆယ်ယောက်ထဲက သုံးယောက်ဆီကို ပြန့်ပွားသွားရင် သူတို့ ကနေ ဆင့်ပွားပြီး လူ ၃၀၀၀ မှာ စိတ်သဘောကောင်းတွေ ၀င်သွားမယ်”
“စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ၊ ဒါပေမဲ့ လက်တွေ့မှာ ခင်ဗျားတွက်ထားတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး”
“မဖြစ်တော့လည်း ဘာနစ်နာသွားတာမှတ်လို့ဗျာ၊ လူတစ်ယောက်ကို ခင်ဗျားလုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့အတွက် ကျွန်တော့်မှာလည်း ဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး ဘောက်ဆူးပိုပေးစရာလည်း မလို၊ လျှော့ပေးစရာလည်း မလို၊ ကိုယ့်စကား သူ့ရင်ထဲ ၀င်မသွား တော့လည်း ဘာဖြစ်လဲ၊ နောက်နေ့ နောက်ထပ် တက္ကစီသမားတစ်ယောက်နဲ့ တွေ့တော့ သူဝမ်းသာ သွားအောင်၊ စိတ်ချမ်းသာကြည်နူးသွားအောင် ကျွန်တော် ထပ်ပြောရုံပေါ့”
“အင်း…ခင်ဗျားလည်း တစ်နည်းတစ်ဖုံ ကြောင်တဲ့ပုဂ္ဂိုလ်ပဲကိုး” ကျွန်တော် မှတ်ချက်ချမိသည်။
“ဟာ အဲဒါပဲ ခင်ဗျားနှလုံးသားတွေ ဘယ်လောက်မာကျောနေပြီဆိုတာ ဒီမှာပေါ်တယ်၊ ကျွန်တော် ဒီကိစ္စ အတော်လေ့လာထားပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန ၀န်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင် အသိအမှတ်ပြုစကားဗျ၊ ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ…ဟုတ်လား၊ သူတို့ အသိအမှတ်ပြု မခံရဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့ လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ် မပြောကြဘူး”
“ဟ၊ ခင်ဗျားလူတွေကလည်း ကောင်းကောင်းမှ မလုပ်ကြဘဲဗျ”
“ခင်ဗျားပြောတာ မှန်တယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ ကောင်းကောင်း လုပ်လုပ် မလုပ်လုပ် အကြောင်းမထူးဘူး၊ ဘယ်သူမှလည်း အရေးမစိုက်ဘူး၊ အသိအမှတ်မပြုဘူး ဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့အပေါ် ကြင်နာတဲ့စကား အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့် ဘူးလားဗျ”
စကားပြောရင်း လျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦတစ်ခု အနီးသို့ ရောက်လာ သည်။ သည်မှာ အလုပ်သမား ၅ ယောက် နေ့လည်စာ စားနေကြတာ တွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီး စကားပြောသည်။
“ခင်ဗျားတို့ အဆောက်အဦကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ၊ အန္တရာယ်လည်း များမယ့်ပုံ”
အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။
“ဘယ်တော့ ပြီးမလဲဗျ” မိတ်ဆွေက ဆက်မေးသည်။
“ဇွန်လ” တစ်ယောက်က တိုတို ပြတ်ပြတ် ဖြေသည်။
“ဟာ…ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ”
ကျွန်တော်တို့ ထွက်လာခဲ့သည်။ “အင်း…ခင်ဗျားလို ပုဂ္ဂိုလ်မျိုးတော့ ရှားမှရှားပဲဗျို့” ကျွန်တော် သြဘာ ပေးမိသည်။
သူက အေးအေးဆေးဆေး။
“ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်း စိမ့်ဝင်သွား လိမ့်မယ်၊ အဲဒီအခါကျတော့ ၀မ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊ သူတို့ စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ကြီးထဲက တခြားလူတွေ ခံစားရလိမ့်မယ်”
“ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူးဗျာ” ကျွန်တော်က ငြင်းနေသည်။
“ဘယ် ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံးအချက်က အားမလျှော့ဖို့ပဲ၊ မြို့ကြီးတစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ကိစ္စဗျာ၊ ဒါပေမဲ့ ကျွန်တော့် စစ်ဆင်ရေးထဲမှာ တခြားလူတွေ လည်း ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်…”
“ကြည့်စမ်း ဟေ့လူ ခင်ဗျား ခုနက အရုပ်ဆိုးဆိုးမိန်းမကို မျက်စပစ်ပြလိုက်တယ် မဟုတ်လား” ကျွန်တော် ကြားဖြတ်မေးသည်။
“ဟုတ်တယ်လေဗျာ၊ ဒါလောက်အရုပ်ဆိုးတဲ့မိန်းမ ကျွန်တော်မျက်စပစ်ပြလိုက်တော့ သူ့ကိုလည်း သဘောကျတဲ့လူ ရှိသေးတာပဲတွေးပြီး ကြည်နူးသွားမယ်၊ အကယ်၍ သူသာ ကျောင်းဆရာမတစ်ယောက် ဖြစ်မယ်ဆိုပါတော့၊ အတန်းထဲက ကလေးတွေအဖို့တော့ ဒီနေ့ဟာ ပျော်စရာ နေ့ထူးနေ့မြတ်ကြီးပေါ့” တဲ့။
ကျွန်တော့် မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေလေသည်။

[မူရင်း။ ။ Art Buchwald ၏ Love And The Cabbie] (ဖေမြင့် ဘာသာပြန်သည် ။)

လက်ဆောင်

လက်ဆောင်

ဘတ်စကား တစ်စီးပေါ်မှာ…
အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စီးကိုင်လျက် လိုက်ပါလာသည်။ သူနှင့် လူသွားလမ်း ခြားလျက် တစ်ဖက်ထိုင်ခုံမှာ မိန်းကလေးတစ်ယောက် ထိုင်နေသည်။
ကောင်မလေး မျက်လုံးတွေ ပန်းတွေဆီပဲ တရစ်ဝဲ၀ဲ ဖြစ်နေသည်။
ခဏနေတော့ မှတ်တိုင်တစ်တိုင်မှာ ဘတ်စကားရပ်သည်။
အဘိုးကြီးက အလျင်စလိုထ,ကာ ပန်းစည်းကို ကောင်မလေးလက်ထဲ ထိုးထည့်သည်။ “ယူပါကွာ၊ မင်းကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်၊ မင်းကို ပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလည်း ၀မ်းသာမှာပါ၊ အဘ သူ့ကို ပြောပြလိုက်ပါ့မယ်”
ကောင်မလေး ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်ဆင်းသည်ကို လိုက်ကြည့်နေသည်။ ဘတ်စကား ရပ်သည့်နေရာက သုသာန်တံခါးဝအနီးမှာ ဖြစ်သည်။ သုသာန်ထဲသို့ အဘိုးကြီး ၀င်သွားတာ သူမြင်လိုက်ရသည်။


[မူရင်း။ ။ Bennet Cerf ၏ The Gift] (ဖေမြင့် ဘာသာပြန်သည်။)

ဘာတွေပဲ ဖြစ်နေနေ၊ အဖေလာမယ် စိတ်ချ

ဘာတွေပဲ ဖြစ်နေနေ၊ အဖေလာမယ် စိတ်ချ

၁၉၈၉ ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချတာစကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး ၄ မိနစ်ပင် မပြည့်သည့်အချိန် အတောအတွင်း လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့သည်။

အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကို အိမ်မှာ ဘေးမသီ ရန်မခ ထားခဲ့ကာ သူ့သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပေးလာသည်။ သို့သော် ကျောင်းဆီရောက်တော့ ကျောင်းက မြေမှာ ပြားချပ်နေပြီ။

ရုတ်တရက် သူ့ရင်ထဲ ဆို့နင့်ကာ ကယောင်ချောက်ချား ဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထားသည့် ကတိစကားကို ပြန်၍ သတိရသည်။ “ဘယ်ကိစ္စမျိုးကြုံကြုံ သား ဘာမှမစိုးရိမ်နဲ့၊ အဖေရောက်လာမယ် စိတ်ချ” ဆိုသောစကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေ အိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်က စာသင်ကျောင်းရှိခဲ့သောနေရာ၌ အုတ်ပုံအစုအဝေးတစ်ခု ရှိနေသည်။ ဘယ်လိုမှ မျှော်လင့်နိုင်စရာ မရှိအောင် ပိပြားနေသည့် အုတ်ပုံကြီးတစ်ခု။ သို့သော် သားထံပေးခဲ့သည့် ကတိစကားကို သူ ထပ်တလဲလဲ ပြန်ကြားနေသည်။

စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းကာ သူ နေ့စဉ် နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်၏ စာသင်ခန်းရှိရာ နေရာကို မှန်းဆရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦ၏ လက်ယာဘက်အပိုင်း နောက်ဘက်ခြမ်းမှာ။

သည်နေရာသို့ သူ ပြေးသွားသည်။ ပြီး အုတ်ကျိုးအုတ်ပဲ့တွေကို စတင်တူးဆွ ဖယ်ရှားခြင်း ပြုလေသည်။

သူဖယ်ရှားနေဆဲ တခြားမိဘတွေပါ ရောက်လာကြသည်။ “ငါ့သားလေး သေပါပြီ” ။ “င့ါသမီးလေး မရှိတော့ပါဘူး” စသဖြင့် သောကမီး၊ ပရိဒေ၀မီးတွေ တောက်လောင်ကာ ငိုကြွေး မြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ်ရှိသည့် တချို့မိဘများကတော့ (သွေးရူးသွေးတန်း လုပ်ကိုင်နေဟန်ရှိသော) သူ့အား ကရုဏာသက်ကာ ကျောင်းပျက် အုတ်ကျိုးပုံမှ ဖျောင်းဖျ ခေါ်ယူကြသည်။

“မရတော့ပါဘူးဗျာ”

“ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ”

“အဲဒီလို လုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာ ပြန်ပါဗျာ”

“စိတ်ထိန်းမှပေါ့၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ဘာလုပ်လို့ ရဦးမှာလဲ” စသဖြင့် ပြောကြသည်။

တချို့ဆိုလျှင် ”ဟေ့လူ…တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦမယ်” ဟု ပြစ်တင်ကြသည်။

သည်လိုလာပြောသည့် မိဘတိုင်းကို သူက စကားတစ်ခွန်းပဲ ပြန်ပြောသည်။ “ဒီမှာ…ခင်ဗျား အခု ကျွန်တော်လုပ်နေတာကို ၀င်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ” ဟူ၍။ သည်နောက် အံသည်လူတွေကို လျစ်လျူရှုကာ သူ့သားကို ဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်လုံးချင်း တစ်ဖဲ့ချင်း ကောက်ယူဖယ်ရှားသည်။

သည်အချိန် မီးသတ်အရာရှိ ရောက်လာပြီး သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားသည်။ “မီးတွေ လောင်နေပြီ၊ ဘယ်နေရာကမဆို အချိန်မရွေး ထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်၊ ကျွန်တော်တို့ လုပ်ပါ့မယ်၊ ကိုယ့်အိမ်ကိုယ် ပြန်ပါ” ဟု ဆိုသည်။ သားကိုချစ်သော အဖေကတော့ “ခင်ဗျား ကျုပ်ကို ကူညီမလား၊ မကူညီဘူးလား၊ ဒါပဲပြောပါ” ဟုပဲ ပြန်ပြောသည်။

ရဲကလည်း ရောက်လာသည်။

“ခင်ဗျား သွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ်၊ အိမ်ပြန်ပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ်”

ရဲကိုလည်း ခင်ဗျား ကျွန်တော့်ကို ကူညီမှာလားပဲ သူပြန်မေးသည်။

မည်သူကမျှ မကူညီ။

သို့သော် ကိစ္စမရှိ။ သူ့ဘာသာ တစ်ကိုယ်တည်း ဇွဲနပဲကြီးစွာ သူတူးဖော်သည်။ သူ့မှာ အရေးကြီးနေတာ တစ်ခုပဲ ရှိသည်။ “ငါ့သားလေး သေပြီလား၊ အသက်ရှင်နေသေးလား” ဒါ သေချာဖို့ လိုသည်။

သူတစ်ယောက်တည်း အုတ်ကျိုးအုတ်ပျက်ပုံကို ဖယ်ရှားသည်။ ၈ နာရီကြာပြီ၊ …၁၂ နာရီ၊ …၂၄ နာရီ၊ …၃၆ နာရီ၊ အဲသည်နောက် ၃၈ နာရီမြောက်၌ အုတ်အင်္ဂတေတုံးကြီး တစ်တုံး သူဆွဲထုတ်လိုက်ပြီးသည့် နောက်တွင် သား၏ အသံကို ကြားလိုက်ရသည်။

ချက်ချင်းပင် သားနာမည်ကို သူ သံကုန် အော်ခေါ်လိုက်သည်။

“အာမန်း…”

ပြန်အော်သံ ကြားရသည်။ “ဖေဖေ…ဖေဖေလား၊ သားပါ ဖေဖေရ၊ သူငယ်ချင်းတွေလည်း သားပြောထားတယ်၊ ‘ဘာမှ မကြောက်နဲ့၊ ငါ့အဖေ မသေသေးရင် ငါ့ကို သေချာပေါက် လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လည်း လွတ်မယ်’ လို့၊ ဖေဖေ သားကို ကတိပေးထားတယ် မဟုတ်လား၊ ‘ဘယ်ကိစ္စမျိုးကြုံကြုံ သား မစိုးရိမ်နဲ့၊ အဖေရောက်လာမယ် စိတ်ချ’ ဆိုတာလေ၊ အခု အဖေပြောထားတဲ့အတိုင်း ရောက်လာပြီပေါ့”

“အဲဒီ အောက်ထဲမှာ ဘယ်လို အခြေအနေရှိလဲ သား” အဖေက မေးသည်။

“သားတို့ ၃၃ ယောက်ထဲမှာ ၁၄ ယောက်ပဲ ကျန်တယ် အဖေ၊ သားတို့ ကြောက်လည်း ကြောက်တယ်၊ ဆာလည်း ဆာတယ်၊ ရေလည်း ငတ်တယ်၊ အဖေရောက်လာတာ အရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေးကွက်ပြီး တြိဂံပုံ အမြှောင့်လေးတစ်မြှောင့် မပိဘဲ ကျန်နေတယ်၊ အဲဒါကြောင့် သားတို့ မသေတာ”

“ကဲ…ထွက်ခဲ့တော့ သားရေ”

“နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊ သားမှာက ဖေဖေ ရှိနေတာပဲ၊ ဘယ်လို ကိစ္စမျိုးကြုံကြုံ သားက မစိုးရိမ်ဘူး၊ အဖေ လာကယ်မယ်ဆိုတာ သိနေတယ်”

[မူရင်း။ ။ Mark V.Hansen ၏ Are You Going To Help Me?] (ဖေမြင့် ဘာသာပြန်သည်။)

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...