https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Oct 25, 2012

တန်ခိုးရှိသော ကျောက်စရစ်ခဲများ

တန်ခိုးရှိသော ကျောက်စရစ်ခဲများ

“ဒီဟာတွေ ဘာအသုံးဝင်မှာမို့လို့ ကျွန်တော်တို့ သင်နေရမှာလဲ”

တပည့်တွေထံမှ ကျွန်တော်ကြားရသမျှ မကျေနပ်ချက်တွေ၊ စောဒက တက်မှုတွေထဲမှာ သည်စကားက အကြိမ်အရေအတွက် အများဆုံးဖြစ်၏။

အဲသည်စကား ကြားရတိုင်း ကျွန်တော် ဟောသည် ပုံပြင်လေးကို ပြန်ပြောပြလေ့ရှိသည်။

***

တစ်ခါက ခြေသလုံးအိမ်တိုင် နေထိုင်သူ လူမျိုးတစ်စုဟာ ညဘက် စခန်းချရပ်နားဖို့ ပြင်ဆင်နေတုန်း ရုတ်တရက် သူတို့နေရာကို အလင်းတန်းကြီးတစ်ခု ထိုးကျလာတယ်။ ဒါဟာတော့ ထက်ကောင်းကင်က တန်ခိုးရှင်တစ်ဦးပဲလို့ သူတို့ သဘောပေါက်လိုက်ပြီ။ ဘယ်လိုအရေးကြီးတဲ့ ဗျာဒိတ်တော်များ သူတို့အတွက် အထူးမြွက်ကြွားတော်မူလေမလဲလို့ မျှော်လင့်ကြီးစွာ စောင့်စားနားထောင် ကြတယ်။

အတန်ကြာပြီးနောက် အသံတော် ထွက်ပေါ်လာတယ်။

“ကျောက်စရစ်ခဲတွေ ရနိုင်သလောက် ကောက်ကြ။ ပြီးတော့ ကုန်းနှီးအိပ်တွေထဲမှာ ထည့်။ တစ်နေ့ ခရီးသွားပြီး နောက်နေ့ညမှာ သင်တို့ ပျော်ရွှင်ရလိမ့်မယ်။ စိတ်မချမ်းမသာ ဖြစ်ရလိမ့်မယ်”

သည်လို ပြောပြီးတဲ့နောက် ပျောက်သွားတယ်။

ဒီလူတွေအားလုံး စိတ်ပျက်ဒေါသထွက်ကြတယ်။ အချင်းချင်း ပွစိပွစိ ပြောဆိုကျန်ရစ်တယ်။ သူတို့တစ်တွေ ချမ်းသာသုခ ခံစားရဖို့၊ ကမ္ဘာလောကရဲ့အကျိုးကိုလည်း သယ်ပိုးနိုင်စေဖို့ ကြီးကျယ်တဲ့ ဉာဏ်အမြင်တွေ ဖွင့်ဟမွက်ကြွားမသွားဘဲ အဓိပ္ပာယ်မရှိတဲ့ အသေးအမွှားအလုပ်ကိုသာ ခိုင်းသွားတယ် ဆိုပြီး မကျေမနပ်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ အရောင်အ၀ါ ထိန်လင်းစွာနဲ့လာတဲ့ ထူးခြားသောပုဂ္ဂိုလ် ဖြစ်တာကြောင့် သူ့မိန့်မှာချက်ကို လုံးလုံးလျားလျားတော့ လျစ်လျူမရှုဝံ့ဘူး။ ဗျစ်တောက်ဗျစ်တောက် ပြောဆိုရင်းနဲ့ပဲ ကျောက်စရစ်ခဲတွေ တစ်လုံးနှစ်လုံးစီလောက်တော့ ကောက်ပြီး ကုန်းနှီးအိတ်တွေထဲ ထည့်ကြတယ်။
နောက်နေ့တစ်နေ့လုံး ခရီးနှင်ကြပြီး ညဘက် စခန်းချရပ်နားကြတော့ ကုန်းနှီးအိတ်တွေထဲ နှိုက်မိတဲ့အခါ သူတို့ကောက်ခဲ့တဲ့ ကျောက်စရစ်ခဲတစ်လုံးစီဟာ စိန်တစ်လုံးစီ ဖြစ်နေတာ သွားတွေ့ရတယ်။

စိန်တွေရလာတော့ သူတို့ဝမ်းသာကြတာပေါ့။ ဒါပေမဲ့ များများ မကောက်မိလေခြင်းလို့လည်း အကြီးအကျယ် ၀မ်းနည်းမိရပြန်တယ်။

***

သည်ပုံပြင်၏ အဆိုမှန်ကန်လှပုံအကြောင်းကို စောစောပိုင်းကာလ ကျွန်တော် တွေ့ခဲ့ရသည့် တပည့်တစ်ယောက်၏ ကိုယ်တွေ့ဖြစ်ရပ်က သာဓက ဆောင်ခဲ့သည်။

တပည့်အမည်က အလန်။

ရှစ်တန်းကျောင်းသားဘ၀၌ အလန်၏အဓိက ဘာသာရပ်မှာ “ပြဿနာ” ဖြစ်ပြီး တွဲဖက်အဖြစ် “ပြစ်ဒဏ်စုံ” ဘာသာကို သူယူခဲ့၏။ ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခြင်း၊ ဗိုလ်ကျခြင်း ပညာကို သူစွမ်းစွမ်းတမံ လေ့လာခဲ့ပြီး “အတိုအရှို” ဘာသာ၌ မဟာဝိဇ္ဇာဘွဲ့ ရခဲ့၏။

သည်တုန်းက ကျောင်းမှာ ကျွန်တော်လုပ်သည့် အစီအစဉ် တစ်ခု ရှိသည်။

နေ့စဉ် တပည့်များအား တွေးခေါ်ရှင်ကြီးများ၏ အဆိုအမိန့်စကားတစ်ခွန်းစီကို ကျက်မှတ်စေခြင်း ဖြစ်သည်။ အတန်းထဲတွင် နာမည်ခေါ်သည့်အချိန် ကျွန်တော်က နာမည်နှင့်အတူ အဆိုအမိန့်စကား တစ်ခု၏ အစပိုင်းကို တိုင်ပေးလိုက်လျှင် ကျောင်းသားက အဆုံးပိုင်းကို ဆက်ဆိုပြီးမှ “ရှိပါတယ်ခင်ဗျာ” ဟု ထူးရသည်။

“အဲလစ်အာဒမ်(စ)၊ ' ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး'၊…”

“ 'လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင် လုံးဝ ရှုံးပေပြီ'၊ ရှိပါတယ် ဆရာ ”

အဲသည်လို။

တစ်နေ့ တစ်ပုဒ်ဆိုတော့ တစ်နှစ်ကုန်သည့်အခါ အဆိုအမိန့် ၁၅၀ မျှ သူတို့ ကျက်ဖူးသွားကြသည်။

“သင်တတ်နိုင်မည် ထင်မလား၊ မတတ်နိုင်ဘူး ထင်သလား၊ မည်သို့ ထင်သည်ဖြစ်စေ သင့်အထင် မှန်ပါလိမ့်မည်”

“အတားအဆီး မြင်နေသည်ဆိုက ပန်းတိုင်ကို သင်မြင်နိုင်မည်မဟုတ်တော့”

“အဆိုးအပြစ်ဝါဒီ(cynic) ဟူသည် ဈေးနှုန်းတွေ အားလုံးသိပြီး မည်သည့်ပစ္စည်း၏ တန်ဖိုးကိုမျှ မသိသောသူကို ဆိုသည်” စသည်များ။

နပိုလီယန်ဟေးဟ်၏ “သင့်အာရုံထဲတွင် မြင်ယောင်မှန်းဆ၍ ရမည်၊ ဖြစ်ရမည် ဟူ၍လည်း ယုံကြည်မည်ဆိုလျှင် ထမြောက်အောင်မြင်မှာ မုချ ဖြစ်သည်” ဟူသော စကားလည်း ပါသည်ပေါ့။

အဲသည်လို အဆိုအမိန့်တွေ နေ့စဉ် ရွတ်ဆိုရသည့် ကိစ္စကို မကျေမနပ်အဖြစ်ဆုံးက အလန် ဖြစ်သည်။ ကျောင်းထုတ်ခံရ၍ ထွက်သွားသည့်နေ့အထိ အမြဲ ပူညံ ပူညံ။

ပြင်ပရောက်သွားပြီးသည့်နောက် ငါးနှစ်မျှ ကျွန်တော်နှင့် အဆက်အသွယ် ပြတ်သွားသည်။ တစ်နေ့ မှာတော့ သူ ဆက်သွယ်သည်။ လောလောဆယ် သူနှင့် ကျွန်တော်တို့ အနီးအနားရှိ ကောလိပ်ကျောင်း တစ်ကျောင်း၏ အထူးအစီအစဉ်တစ်ခုတွင် ပါဝင်တက်ရောက်လျက် ရှိသည်။ ခံဝန်ချုပ်ဖြင့် နေရသည့် ကာလ ပြီးဆုံးသွားသည်မှာ ဘာမျှမကြာသေး။

ကျောင်းမှ ထွက်သွားပြီးသည့်နောက် သူ၏ ဆိုးသွမ်းမှုများအတွက် သက်ငယ်တရားရုံးသို့ ရောက်သည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ် လူငယ်ပြုပြင်ရေးစခန်းသို့ အပို့ခံရသည်။ တစ်နေ့၌မူ သူ့ဘ၀ကို သူအလွန်အမင်း စက်ဆုပ်သလို ခံစားမိလာကာ လက်ကောက်ဝတ် နှစ်ဖက်လုံးရှိ သွေးကြောများကို ဘလိပ်ဓားနှင့်လှီးပြီး သေကြောင်းကြံစည်သည်။

အဲသည်တုန်းကအဖြစ်ကို သူ ပြန်ပြောပြသည်။

“လက်က စီးကျတဲ့ သွေးတွေနဲ့အတူ ခန္ဓာကိုယ်က ကျွန်တော့်အသက်ဝိညာဉ် ဖြည်းဖြည်းချင်း ထွက်ခွာနေတဲ့အချိန် ကျွန်တော် ဘာသွားသတိရသလဲ သိလား။ တစ်နေ့ အတန်းထဲမှာ ဆရာ ကျွန်တော့်ကို ဒဏ်ပေးပြီး အကြိမ်နှစ်ဆယ်ရေးခိုင်းတဲ့၊ ကျွန်တော် သိပ်အမြင်ကပ်တဲ့ အဆိုအမိန့်တစ်ခု ဆရာ၊ “ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး၊ လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင် လုံးဝ ရှုံးပေပြီ” ဆိုတဲ့စကား၊ ဒီစကားရဲ့ အဓိပ္ပာယ်ကလည်း အဲဒီတော့မှ ချက်ချင်း ခေါင်းထဲ လင်းသွားတယ်။ အသက်ရှင်နေသရွေ့ ငါ မရှုံးသေးဘူး။ အခုနေ သေလိုက်ရင် ငါ အရှုံးသမား တစ်ယောက်အနေနဲ့ သေခဲ့ရတာဖြစ်မယ်။ ဒီလိုတွေးမိပြီး ရှိစုမဲ့စု အားကလေးနဲ့ အကူအညီ လှမ်းခေါ်တယ်။ အဲဒီကနေပြီး ကျွန်တော့်ဘ၀ အသစ် စ ခဲ့တာပဲ ဆရာ”

***

အလန်၏ ကိုယ်တွေ့က ပုံပြင်ထဲမှ လူစု၏ အဖြစ်အပျက်နှင့် ဆင်တူပင် ဖြစ်သည်။

ကျောင်းတွင် သူ စတင် သင်ကြားရစဉ်က ထိုအဆိုအမိန့်သည် ကျောက်စရစ်ခဲ ဖြစ်သည်။ တကယ် ဘေးဒုက္ခကြုံချိန် သူ့အား လမ်းပြကယ်တင်လိုက်နိုင်သည့် အချိန်တွင်ကား ကျောက်စရစ်ခဲသည် စိန်တုံး ဖြစ်သွားခဲ့သည်။

ထို့ကြောင့် သည်ကနေ့ချိန်ခါမှာ ကျောက်စရစ်ခဲတွေ ရနိုင်သမျှ ကောက်ယူစုဆောင်းပါ။ နောက်တစ်နေ့ သင့်ဘ၀ ခရီးလမ်းမှာ စိန်တွေ ပြည့်လျှမ်းနေတာ တွေ့ရပါလိမ့်မည်ဟူ၍ပဲ တိုက်တွန်းချင် ပါသည်။

[မူရင်း။ ။ John Wayne Schlatter ၏ The Magic Pebbles] (ဖေမြင့် ဘာသာပြန်သည်။)

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...