ကောင်းဘွိုင်ဇာတ်လမ်း
[မူရင်း ။ ။ Larry Winget ၏ The Cowboy's Story] (ဖေမြင့်ဘာသာပြန်သည် ။)
ကျွန်တော်
ကိုယ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုထူထောင်တော့ တယ်လီဖုန်း တပ်ဆင်လိုသူများ
ရှာဖွေစည်ရုံးပေးမယ့် အရောင်းသမားတွေ လိုလာသည်။ သို့နှင့်ကြွမ်းကျင်သော
အရောင်းသမားများအလိုရှိကြောင်း ကြော်ငြာကာ အလုပ်လျှောက်လာသူများအား
အင်တာဗျူး ပြုလုပ်သည် ။
အလုပ်အတွက်
ကျွန်တော် ရည်မှန်ထားသည်မှာ တယ်လီဖုန်းလုပ်ငန်းဘက်တွင်
အတွေ့အကြုံရှိပြီးသော အရောင်းသမားမျိုးဖြစ်သည် ။ နယ်မြေဈေးကွက်ကို သိရမည် ၊
ဈေးကွက်တွင် ရရှိနေသည့် ဆက်သွယ်ရေးစနစ်အမျိုးအမျိုးအကြောင်း သိရမည် ။
မိမိလုပ်ငန်းကို
ကျွမ်းကျင်ပိုင်နိုင်သည့် အသွင်ပြင်မျိုးရှိပြီး တက်တက်ကြွကြွ
လုပ်ကိုင်တတ်သူလည်း ဖြစ်ရမည် ။ ကျွန်တော့်မှာ သူတို့ကို လေ့ကျင့်ပေးနေဖို့
အချိန်လည်း မရှိရာ ခန့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့အလုပ်သူ
တန်းလုပ်နိုင်သူမျိုး ရရှိဖို့ အရေးကြီးနေသည် ။
အင်တာဗျူးတွေ
လုပ်နေသည့်တစ်နေ့ ကျွန်တော့်ရုံးခန်းသို့ ကောင်းဘွိုင် (နွားကျောင်းသား
တစ်ယောက်) ရောက်လာသည် ။ နွားကျောင်းသာဖြစ်ကြောင်း သူ့အ၀တ်အစား
အဆင်အပြင်ကိုကြည့်၍ ကျွန်တော်သိခြင်းဖြစ်သည် ။ ကော်ဂျူရွိုင်းဘောင်းဘီရှည်
ဝတ်ထားသည် ။ ဂျက်ကက် အင်္ကျီးကလည်း ကော်ဂျူရွိုင်းပဲ ဖြစ်သည်။ သို့သော်
ဘောင်းဘီအရောင်နှင့်တော့ တခြားစီ။ ရှပ်အင်္ကျီလက်တိုက နှိပ်ကြယ်သီးနှင့်။
လည်းစည်းက ရင်ဘက်အလည်လောက်ထိပဲ ရောက်ပြီး လည်စည်းအထုံးက လက်သီးစုပ်မက
ရှိနေသည် ။ ပြီးခြေထောက်မှာ ကောင်းဘွိုင်ဖိနပ်နှင့် ၊ ခေါင်းမှာက
ဘေ့စ်ဘောဦးထုပ်နှင့်။
ကျွန်တော့်စိတ်ထဲ
ဘယ်လိုရှိမလဲ စာဖတ်သူ စဉ်းစားမိပါလိမ့်မည်။ မှန်သည်။ “ ဒီလူကတော့
ငါလိုချင်တဲ့ လူမျိုးမဟုတ်ဘူး ” ပဲပေါ့။ သူက ကျွန်တော့်စားပွဲရှေ့က
ခုံမှာဝင်ထိုင်ကာ ဦးထုပ်ကို ချွတ်လိုက်ပြီး စကားပြောသည် ။
“
မစ္စတာ ... ကျွန်တော်တယ်လီဖုန်း လုပ်ငန်းမှာ ဘင်နက်(စ) အလုပ်လိုချင်လို့
ပါကျေးဇူးတင်ပါတယ်ဗျာ ” တဲ့ ။ သူ့လေသံက ကောင်းဘွိုင်လေသံ အပြည့် ။
ဘစ်ဇနစ်(စ) (လုပ်ငန်း) ကိုဘင်နက်(စ) ဟူ၍ ပဲဆိုသည် ။
ကျွန်တော်
အလိုရှိသည်မှာ သူလိုလူမျိုးမဟုတ်သည့်အကြောင်း သိပ်လည်းရိုင်းရာမကျအောင်
ဘယ်လိုပြောရပါ့မလဲ ။
ကျွန်တော်စဉ်းစားရင်းသူ့နောက်ကြောင်းရာဇ၀င်ကိုမေးမြန်းမိသည် ။ သူက
အိုကလာဟိုးမား ပြည်နယ်တက္ကသိုလ်မှ စိုက်ပျိုးရေးဘွဲ့ ရခဲ့သည့် အကြောင်း ၊
အဲသည်နောက်တွင် ဘာတဲလ်စဗီးမြို့ရှိနွားခြံတစ်ခုတွင် နွားကျောင်းသားအဖြစ်
တစ်နွေလုပ်ကိုင်ခဲ့ကြောင်း ပြောပြသည် ။ ထို့နောက် အဲသည်အပိုင်းတွေက
ပြီးသွားပြီ ဖြစ်ကြောင်း ၊ လောလောဆယ်လုပ်ငန်းတစ်ခုခု
အောင်မြင်စွာလုပ်ဖို့
စိတ်အားထက်သန်နေကြောင်း ၊ လုပ်ကိုင်ဖို့ အခွင့်အရေး ရမည်ဆိုလျှင် သူကျေးဇူးတင်ကြောင်း အလေးအနက် ထပ်မံပြောဆိုသည် ။
အဲသည်နောက်
ကျွန်တော်တို့ စကားဆက်ပြောဖြစ်ကြသည် ။ သူက “ အောင်မြင်မှု ” အကြောင်းနှင့်
“လုပ်ကိုင်ခွင့်ပေးလျှင်ကျေးဇူးတင်မည့် အကြောင်း ” များကို
ပင်ထပ်လောင်းပြောဆိုနေရာ နောက်ဆုံး၌ သူ့အား သူတောင်းသည့်အတိုင်း
အခွင့်အရေးပေးရန် ကျွန်တော် ဆုံးဖြတ်လိုက်ရသည် ။
သည့်နောက်
သူ့အား ကျွန်တော် သူ့အတွက် နှစ်ရက်အချိန်ပေးမည်ဖြစ်ကြောင်း ၊ အဲသည်နှစ်ရက်
အတွင်း အသေးစားတယ်လီဖုန်းစနစ် တစ်မျိုး
ရောင်းချပုံရောင်ချနည်းနှင့်ပတ်သက်၍ သူသိသင့်သိထိုက်သည့် အရာမှန်သမျှ
သင်ကြားပေးမည်ဖြစ်ပြီး ၄င်းနောက်တွင်မူ သူ့တစ်ကိုယ်တည်းပဲဆက်၍
လှုပ်ရှားရမည်ဖြစ်ကြောင်းများ ပြောပြလိုက်သည် ။
ကျွန်တော့် စကားဆုံးတော့ သူကမေးသည် ။ သည်လုပ်ငန်းဖြင့် သူဝင်ငွေဘယ်လောက်ရနိုင်မည်ဟု ကျွန်တော်ယူဆသလဲ ... ဟူ၍ ။
“
အခု ခင်ဗျား ပုံစံရယ် ၊ လောလောဆယ် လုပ်ငန်း ဗဟုသုတနည်းသေးတာရယ်နဲ့
တွက်ပြီး ပြောရရင်တော့ အလွန်ဆုံးတစ်လမှာ ဒေါ်လာ ၁၀၀၀ လောက်ပဲ ရနိုင်လိမ့်မယ်
ထင်တာပဲ ” ဟု ကျွန်တော်ပြောလိုက်ပြီး အသးစားတယ်လီဖုန်းတစ်ခု
တပ်ဆင်ပေးရတိုင်း သူ့အား ဒေါ်လာ ၂၅၀ ကော်မရှင်ပေးမည်ဖြစ်ကြောင်း ၊ တစ်လတွင်.
အလားလာရှိသူ ၁၀၀ ခန့် သူသွားရောက်တွေ့ဆုံက တယ်လီဖုန်းလေးလုံးမျှ
ရောင်းထွက်နိုင်သဖြင့် ကော်မရှင်ငွေ ဒေါ်လာ ၁၀၀၀ သူရလိမ့်မည်
ဖြစ်ကြောင်းများ ရှင်းပြသည် ။
အလုပ်အတွက် သူ့ကို လခမပေးဘဲ ကော်ရှင်ကြေးသက်သက်ဖြင့်သာ ကျွန်တော် ငှားရမ်းလိုက်ခြင်းဖြစ်သည် ။
သူက
သည်အစီစဉ်ကို သိပ်သဘောကျကြောင်း ၊ နွားကျောင်းသားအဖြစ် တစ်လလျှင် ဒေါ်လာ
၄၀၀ မျှသာ သူအများဆုံးရခဲ့ကြောင်း ၊ သည့်ထက်မက ရအောင်ကြိုးစားဖို့
သူအသင့်ရှိကြောင်းများပြန်ပြောသည် ။
နောက်နေ့
နံနက်တွင် တယ်လီဖုန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သမျှ
အချက်အလက်ကို သူ့ခေါင်းထဲသွင်း၍ ရသမျှ ကျွန်တော် ထည့်သွင်းပေးသည် ။ လူက
အသက် ၂၂ နှစ်။ နွားကျောင်းသားအလုပ်မှလွဲ၍ ဘာမှ မလုပ်ခဲ့ဘူးသည့်အပြင်
တယ်လီဖုန်းနှင့်စပ်လျဉ်း၍ ၄င်း ၊ အရောင်းပညာနှင့်စပ်လျဉ်း၍ ၄င်း ၊
ဘာဗဟုသုတမျှ မရရှိခဲ့သည်ဖြစ်ရာ ချက်ချင်းလက်ငင်းများများစားစားကြီးတော့
သင်ပေး၍ မရ ။ ပြီး သူ့ရုပ်က တယ်လီဖုန်းများလိုက်လံတပ်ဆင်ပေးသည့်
ကိုယ်စားလှယ်ရုပ်မျိုးလည်း တစိုးစအစိမျှမပေါက် ။
ခြုံပြောရလျှင်
သူ့ပုံစံက ကျွန်တော် လိုချင် မြင်ယောင်ထားသော ကျွန်တော့်ကုမ္ပဏီ
အရောင်းသမား ရုပ်လက္ခဏာနှင့် တခြားစီဖြစ်နေသည် ။ သို့သော် အရေးကြီးသော
အရည်အချင်းတစ်ခုတော့ သူ၌ ရှိနေသည် ။ယင်းက “ အောင်မြင်လိုစိတ် အလွန်အမင်း
ပြင်းပြထက်သန်နေခြင်း ” ဖြစ်သည် ။
နှစ်ရက်သင်တန်း
ပြီးစီးသည့်နောက်တွင် ကျွန်တော်က “ကောင်းဘွိုင် ” ဟူ၍ ထိုနေ့က
စတင်ခေါ်ဝေါ်လိုက်သော ၄င်းပုဂ္ဂိုလ်လေးသည် သူ့အတွက်သတ်မှတ်ပေးထားသည့်
ရုံးခန်းလေးထဲသွားကာ စာတစ်ရွက်မှာ အချက်လေးချက်ချရေးသည် ။
၁။ လုပ်ငန်းလောက၌ ငါအောင်မြင်ရမည် ။
၂။ တစ်လလျှင် လူတစ်ရာ ငါတွေ့စုံမည် ။
၃။ တစ်လလျှင် တယ်လီဖုန်း လေးလုံးရောင်းချ ရစေမည် ။
၎။ တစ်လလျှင် ဒေါ်လာ ၁၀၀၀ မုချ ရရမည် ။
သည်လိုရေးပြီးနော် စာရွက်ကို ရုံးခန်းနံရံရှိ သူနှင့်မျက်နှာချင်းဆိုင်နေရာတွင် ကပ်ကာ အရောင်းကိုယ်စားလှယ်အလုပ်ကိုတင်သည် ။
တစ်လပြည့်သည့်အချိန်၌
သူရောင်းချတပ်ဆင်ပေးရသည့် တယ်လီဖုန်းအရေအတွက်သည် သူကြွေးကြော်ထားသကဲ့သို့
လေးလုံးမဟုတ် ၊ ပထမ ဆယ်ရက်တည်းမှာပင် ခုနစ်လုံးတိတိဖြစ်နေသည်ကို
တွေ့ရှိရသည် ။ထို့ပြင် အလုပ်ဝင်စဉ်က တစ်နှစ်လျှင် ဒေါ်လာ ၁၂၀၀
ရဖို့မျှော်လင့်ခဲ့သော ၄င်း “ ကောင်းဘွိုင် ” သည် တစ်နှစ်ပြည့်ချိန်၌
ကော်မရှင်ဒေါ်လာခြောက်သောင်းကျော်မျှ ရရှိသွားခဲ့သည် ။
သုံးနှစ်မျှကြာသည့်အခါ၌မူ
သူက ကျွန်တော့် ကုမ္ပဏီတစ်ဝက်ကို ပိုင်ဆိုင်လျှက်ရှိချေပြီ ။ နောက်တစ်နှစ်
အကုန်နောက်ထပ် ကုမ္ပဏီသုံးခု ပိုင်ဆိုင်ခဲ့သည် ။ အဲသည် ကာလလောက်တွင် သူနှင့်
ကျွန်တော် လုပ်ငန်းပါတနာများအဖြစ်မှ ခွဲခွာခဲ့ကြသည် ။ သည်အချိန်သူက
သူကြိုက်သည့် အနက်ရောင် ပစ်ကပ်ထရပ်ကားကို ဒေါ်လာ သုံးသောင်းနှစ်ထောင်ပေးပြီး
ဝယ်စီးနေပြီ ။ ဒေါ်လာ ၆၀၀ တန်ကောင်းဘွိုင်စတိုင်ဝတ်စုံတွေ ၊ ဒေါ်လာ ၅၀၀ တန်
ကောင်းဘွိုင်ဖိနပ်တွေ၊ မြင်းခွာပုံ စိန်လက်စွပ်တွေ ၀ယ်၍ ဆင်ယင်နေပြီ။
လုပ်ငန်းလောကထဲတွင် သူတကယ် အောင်မြင်သွားခဲ့သည် ။
ကောင်းပြီ ။
“ကောင်းဘွိုင်
” အဘယ့်ကြောင့် အောင်မြင်ခဲ့ရသနည်း ။ သူသည် အလုပ်ကြိုးစားသူ
တစ်ယောက်ဖြစ်၍လေ ။ မဟုတ် ။ ယင်းက အထောက်အကူပြုသောအချက်မျှလောက်သာ ဖြစ်သည် ။
သို့ဖြစ်လျှင် သူက သူများထက်သိပ်တော်နေလို့လား ၊ ဒါလည်းမဟုတ် ။
အလုပ်ဝင်စတုန်းကဆိုလျှင်သူသည် တယ်လီဖုန်းလုပ်ငန်းကို နကန်းတစ်လုံးမျှ
သိသူပင်မဟုတ် ၊ ဒါဖြင့်ဘာလဲ ။ ဘာကြောင့် သူအောင်မြင်ခဲ့သလဲ ။
ကျွန်တော်ကတော့ သူ့မှာ “ အောင်မြင်ရမည် ”
ဟူသောစိတ်ဓာတ်စွဲမြဲပြင်းထန်နေခြင်းကြောင့် ပဲဟုတ်ဆိုချင်သည် ။
အသေးစိတ် စိစစ်ကြည့်မည်ဆိုလျှင် ကောင်းဘွိုင်သည်
“ အောင်မြင်ဖို့ ဆိုသောအချက်ကိုပဲ အာရုံစိုက်သည်။
သူဘာလိုချင်သည်ဆိုတာ သူသိသည် ။ အဲသည်အရာ နောက်ကို သူလိုက်သည် ။
“ သူ့မှာတာဝန်ယူတက်သောစိတ် ရှိသည် ” ။
သူ အရင်ကဘာလဲ ၊ ဘာလုပ်ခဲ့သလဲ ၊ ဘယ်ကလာသလဲ ၊ အဲသည်အချက်တွေကောင်းကောင်းသဘောပေါက် သည် ။
နွားခြံလုပ်သားဘ၀နှင့် ကွဲပြားသောဘ၀ကို သူလိုချင်လျှင် ဘာတွေလုပ်ရမည်ဆိုတာ သူသိသည် ။ သိသည့်အတိုင်း လည်းလုပ်သည် ။
“သူ့မှာဆုံးဖြတ်ချက် ခိုင်မာသည် ။”
လုပ်ငန်းလောကမှာ
အောင်မြင်ကြီးပွားအောင်လုပ်ဖို့ သူဆုံးဖြတ်ခဲ့သည် ။ ဆုံးဖြတ်သည့်အတိုင်း
နွားခြံ လုပ်သားဘ၀မှ သူထွက်ခဲ့သည်။ အောင်မြင်ရန် အခွင့်အလမ်းရှိသည့်
နေရာသို့ သူလာခဲ့သည် ။
“သူ့ကိုယ်သူ ပြောင်းလည်းပစ်သည် ”
ယခင်ပုံစံအတိုင်း
ဆက်နေ၍ မကြီးပွားနိုင်တာ သူသိသည် ။ ထို့ကြောင့် နေရာပြောင်းသည် ။
အလုပ်ပြောင်းသည် ။ အောင်မြင်ဖို့ အတွက် လုပ်ရန်လိုအပ်သည့် အရာမှန်သမျှ “
ပြောင်းလဲ ” လုပ်ကိုင်သည် ။
“ သူ့မှာ အနာဂတ် မျှော်မှန်း ချက်ရှိသည် ၊ ပန်းတိုင်ရှိသည် ” ။
သူ့ကိုယ်သူအောင်မြင်သည့်
သူတစ်ဦးအဖြစ် သူကြိုတင်မှန်းဆမြင်ယောင်ထားသည် ။
သူ့မှာတိကျသောပန်းတိုင်တွေ စာရွက်ပေါ်မှာ ချရေးထားတာရှိသည် ။
ရေးပြီးသိမ်းမထား ၊ နေ့စဉ်မြင်နေရသည့်နေရာမှာ ကပ်ထားသည် ။
အဲသည်ပန်းတိုင်တွေက သူ့အာရုံထဲစွဲမြဲခဲ့သည် ။
“
ပန်းတိုင်ရောက်အောင် အားထုတ်စရာရှိသမျှ သူအားထုတ်ကြိုးပန်သည် ။ အခက်အခဲ
ကြီးမားချိန်မှာလည်း သူနောက်မဆုတ်၊ ဇွဲမလျှော့ ။ ” တယ်လီဖုန်းတပ်မလားဟု
လိုက်လံစပ်ဟပ် ရောင်းချသော အလုပ်သည် လွယ်ကူသော အလုပ်တစ်ခုမဟုတ် ။
အခြားအရောင်းသမားများနည်းတူ သူ့မှာလည်းတစ်ခါတစ်ရံ ပစ္စည်းတွေဘယ်လိုမှ
ရောင်းမထွက်သည့် အခါမျိုး ကြုံရတက်သည် ။ သို့သော် သူတကာထက်ပိုကြိုးစာသည် ။
အခက်အခဲတွေ ပိုရင်ဆိုင်သည် ။ အရောင်းသမားမှန်း သိသည် နှင့်တံခါးတွေ
ဗြောင်းခနဲ ပိတ်သွားတာ ၊ တယ်လီဖုန်း ဂွမ်းခနဲ ချသွားတာတွေ သူများထက် ပို၍
သူတွေ့ရသည် ။သို့သော် သူလက်လျှော့မသွား ။
“
ပြီးတော့ သူမေးသည် ။ တောင်းသင့် တောင်းထိုက်တာတွေ တောင်းသည် ။”
ဒါလည်းအရေးကြီးသည် ။ ကျွန်တော့်ထံမှာ သူ“ကြိုစားခွင့်” တောင်းခဲ့သည် ။
တောင်းသဖြင့်သူရသည် ။ သည်လိုပဲ တွေ့သမျှ လူတကာကို တယ်လီဖုန်းအကြောင်း
စကားစပ်ကြည့်သည် ။ တယ်လီဖုန်းမရှိသူကို တပ်ပါလားဟုတ်ပြောသည် ။
ရှိပြီးသားသူကို သူ့ ကုမ္ပဏီက တယ်လီဖုန်း ပြောင်းတပ်ကြည့်မလား သူမေးသည် ။
မေးတာ ပြောတာ တောင်းခံတာတွေက အကျိုး ရလဒ်တစ်စုံတစ်ရာတော့ ထွက်စမြဲဖြစ်သည် ။
“
ပြီးတော့ သူ့မှာ တစ်ဖတ်လူကို ဂရုဆိုက်တက်သော စိတ်ရှိသည် ။ ”
အလုပ်ရှင်ဖြစ်သော ကျွန်တော့်ကို သူဂရုဆိုက်သည် ။ ကျွန်တော့်အတွက်စဉ်းစားသည်
။ တယ်လီဖုန်းတပ်ဆင်မည့်သူများကို သူဂရုစိုက်သည် ။
သူတို့ကိစ္စတွေအဆင်ပြေအောင် ကူညီသည် ။ မိမိအရေးထက် ၀ယ်သူ့အရေးကို
အလေးထားဆောင်ရွက်သည့်အခါဝယ် သူတို့စေတနာက တစ်ကျော့ပြန်လာကာ
သူ့အရေးကိစ္စအောင်မြင်ဖို့ ဖြစ်လာသည် ။
“
နောက်ထက် အရေးကြီးသော အချက်က ကောင်းဘွိုင်နှလုံးသားသည် နေ့စဉ်နံနက်တိုင်း
ငါအောင်မြင်ရမည်ဟူသော စိတ်ဓါတ်ဖြင့် လုပ်ငန်းစတင်တက်ခြင်းဖြစ်သည် ။
နေ့စဉ်အိမ်ရှေ့တံခါး ဖွင့်သည်နှင့် သည်ကနေ့သည်ငါ့အတွက်ကောင်းသော
အခြင်းအရာတွေ သယ်ဆောင်လာမည့်နေ့ဖြစ်သည်ဟု သူယုံကြည်သည် ။ အရှုံးကို
သူဘယ်တော့မှ မတွေး ၊ အောင်မြင်မည့်အရေးသာ သူတွေးသည် ။
အောင်မြင်မည်ကိုသာတွေးကာ အောင်စိတ် အပြည့်နှင့် အလုပ်လုပ်သောသူသည်
လူတကာထက်ပို၍အောင်မြင်မှုရတက်တာ သဘာဝဖြစ်သည် ။
ထိုအကြောင်းများ ကြောင့် ကောင်းဘွိုင်အောင်မြင်ခဲ့၏ ။
သူသည်ဒေါ်လာ
သန်းပေါင်းများစွာ ချမ်းသာခဲ့သည် ။ သည်ငွေတွေ အားလုံးလည်း
ဆုံးရှုံးသွားခဲ့ဖူးသည် ။ သို့သော် နောက်၌ သည်လောက်အမြောက်အများပင်
သူပြန်လည်ရရှိခဲ့သည် ။ သို့သော် အောင်မြင်မှု ဥပဒေ သများကို သိနားလည်ခဲ့သူ ၊
လက်တွေ့ကျင့်သုံးတက်ခဲ့သူများအဖို့ အကြောင်းကြောင်းကြောင့်
အရှုံးနှင့်ကြုံသော်လည်း စိုးရိမ်စရာ မရှိပါ ။ သည်နည်းလမ်းတွေ
သည်အကြိမ်ကြိမ် အထပ်ထပ် ကျင့်သုံးအောင်မြင်နိုင် သောနည်းလမ်းများသာဖြစ်သည် ။
“ ကောင်းဘွိုင် ” ၏ ဇာတ်ကြောင်းသည် လူတကာ အတွက်အားတက်ဖွယ် တစ်ခုဖြစ်သည် ။
လူတစ်ယောက်အောင်မြင်ကြီးပွားရန်အတွက်
ကျောထောက်နောက်ခံ ကောင်းစရာမလို ၊ ပညာအရည်အချင်း ကြီးကြီးမားမားမလို ၊
လုပ်ငန်းအတက်ပညာတွေ ၊ ကျွမ်းကျင်မှု အရည်အသွေးတွေလည်း ပါလာစရာ မလို ၊
အောင်မြင်ကြီးပွားလိုစိတ်သာ ကြီးမားပြင်းထန်နေဖို့ လိုကြောင်း ကောင်းဘွိုင်
က သက်သေထူလျှက်ရှိပေသည် ။ ။
[မူရင်း ။ ။ Larry Winget ၏ The Cowboy's Story] (ဖေမြင့်ဘာသာပြန်သည် ။)