သတ္တိဆိုတာ
“အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့” သူမက မေးသည်။
“ဟုတ်တယ်”
“အင်းလေ...ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမဲ့ သတ္တိရှိတယ်ဆိုရင်လည်း အဲဒီလိုရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့် ဆိုရမှာပါ၊ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်”
_____
“လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက ကျွန်မ စတင်းဖို့ဒ်ဆေးရုံမှာ စေတနာ့ဝန်ထမ်းအလုပ် လုပ်ခဲ့ဖူးတယ်၊ အဲဒီမှာ လီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက် ကျွန်မတွေ့ရတယ်၊ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုး ခံစားနေရတာ၊ သူ နာလန်ပြန်ထူလာဖို့အတွက် အသက်ငါးနှစ်ပဲ ရှိသေးတဲ့ သူ့မောင်လေးဆီကသွေးကို သွင်းပေးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်၊ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာ ရှင်သန်ခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလည်း သူ့ရဲ့သွေးထဲမှာ ဖြစ်ပေါ် ခဲ့တယ်။ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ ရောဂါအခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ ဆန္ဒရှိသလားလို့ မေးတယ်၊ ကောင်လေးဟာ ခဏတော့တွေသွားတာ ကျွန်မ သတိထားမိတယ်၊ အဲဒီနောက် သက်ပြင်းတစ်ချက်ရှိုက်ပြီး သူပြန်ဖြေတယ်၊ 'မမ အသက်ကို ကယ်နိုင်မယ် ဆိုရင် ကျွန်တော် ပေးပါ့မယ်' တဲ့။
“အဲဒါနဲ့ သူ့ဆီကသွေးကို သွင်းတဲ့အခါ အစ်မကုတင်ဘေးမှာ သူလည်း ကုတင်တစ်လုံးနဲ့လှဲရင်း ကြည့်နေတယ်၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလည်း ပြယ်သွားတယ်၊ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ မေးရှာတယ်၊ 'ကျွန်တော် အခု တစ်ခါတည်း သေသွားတော့မှာလား' တဲ့။
“ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး၊ သူက သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး။
“အဲဒါပါပဲ၊ သတ္တိစိတ်မွေးပေးတဲ့ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ”
[မူရင်း။ ။ Dan Millman ၏ On Courage] (ဖေမြင့် ဘာသာပြန်သည်။)