နော် ... ဖေဖေ ... နော်
ဆန်းတော့ဆန်းသည်။ ကိုယ့်ဘ၀မှာ တန်ဖိုးအထားရဆုံး အရာတွေ ပျက်သုဉ်းပျောက်ကွယ်သွားပြီး တစ်ကိုယ်တည်း ကြေကွဲကျန်ရစ်သည့်အခါမျိုးမှာ ကျွန်တော်တို့မြင်ယောင်တမ်းတမိသော အရာတွေသည် ထူးခြားလှပါသည်။ နှစ်ပေါင်းများစွာ စီမံကိန်းချ ဆောင်ရွက်လာခဲ့ သည့်အရာများ ၊ မေတ္တာတွေမျှော်လင့်ချက်တွေဖြင့်အားထုတ်ကြိုးပမ်းခဲ့သည်များ စသည့်ကြီးကျယ်သော ကိစ္စကြီးတွေ ကျွန်တော်တို့ အမှတ်မရ။ သေးသေးမွှားမွှားဟုထင်ရသော အရာတွေ၊ တစ်ချိန်က ဂရုမထားမိခဲ့သောဖြစ်ရပ်ကလေးတွေက ရုတ်တရက်အမှတ်တရဖြစ်လာသည်။ မိမိလက်ကို အသာအယာဆုပ်ကိုင်သွားတာလေးအဲသည်တုန်းက အလုပ်များနေသဖြင့် အမှတ်မဲ့နေလိုက်မိတာ ။ မိမိအားမျှော်လင့်အားထားသံနှင့် ပြောသွားသော စကားတစ်ခွန်း အဲသည်တုန်းက ဂရုတစ်ဆိုက်နားမထောင်လိုက်မိတာ စတာလေးတွေ။
သည်သဘောကို လောလောဆယ် ဂျွန်ကာမိုဒီ တွေ့ရှိနေရသည်။ အင်္ဂါနေ့နေ့လယ်ပိုင်းအချိန်။ သူ့အိမ်ဧည့်ခန်း ပြတင်းမှ လှမ်းမျှော်ကြည့်လျှင် အပြင်မှာ လူတွေပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားနေကြတာမြင်နေရသည့်အချိန် ။ သူက ဆုံးရှုံးသွားခဲ့ပြီဖြစ်သည့် အလွန်အရေးကြီးသော အရာတွေအကြောင်း ခေါင်းထဲထည့်ရန်ကြိုးစားနေသည်။ မျှော်မှန်းချက်တွေ ၊ ချစ်မေတ္တာတွေဖြင့် နှစ်ပေါင်းများစွာ ချမှတ်လာခဲ့သည့် စီမံကိန်းများ သို့သော် ဘယ်လောက်ကြိုးစားသော်လည်း အဲသည်အရာတွေက ခေါင်းထဲတွင် ပီပီပြင်ပြင် ထင်မလာ ၊ သူတို့ဆီ မှာအာရုံစူးစိုက်၍မရ။
သူ့အာရုံထဲ၌ အဲသည်အရာသည် ကြီးမားကျယ်ဝန်သလောက် ပီသခြင်း မရှိသည့် နောက်ခံကားတစ်ချပ်ဖွယ်သာရှိနေသည် ။ လောလောဆယ် သူထူးထူးခြားခြား အမှတ်ရနေသည်က သေးသေးမွှားမွှား အရာတစ်ခု။ သူထားရှိခဲ့သည့် ကြီးမားသောမေတ္တာ၊ နှစ်ပေါင်းများစွာ သူရည်စူးလာခဲ့သည့် သူ့အစီစဉ်များ ၊ သူပြင်ဆင်ထားရှိခဲ့မှုများနှင့် နှိုင်းစာက ဘာမှပြောပလောက်စရာရှိသည့် အရေးကိစ္စလေးတစ်ခု ။
အဲဒါက စကားလေးတစ်ခွန်းဖြစ်သည် ။ လွန်ခဲ့သောရက်သတ္တနှစ်ပတ် သို့ မဟုတ် သုံးပတ်လောက်က တစ်ခုသောညချမ်းမှာ သမီးငယ်လေးသူ့အားပြောခဲ့သည့် စကား။
ဒါသည်လည်း စဉ်းစားကြည့်မည်ဆိုလျှင်တော့ ထူခြားလွန်းလှသည် မဟုတ်။ ကလေးတွေပြောတတ်သည့် စကားလေးတစ်ခွန်းသာပဲဖြစ်သည်။
သို့သော်ယခု အဲသည်စကားလေးသည်သူ့နားထဲက မထွက်နိုင်။
အဲသည်ညကျမှ သူက အစုရှယ်ယာရှင်များသို့ တင်ပြရန်နှစ်ပတ်လည် အစီရင်ခံစာမူကြမ်းကို ရုံးမှအိမ်သို့ ယူလာခဲ့မိသည် ။ သည်အစီရင်ခံစာက အလွန်အရေးကြီးသည် ။ သူ၏အနာဂတ်သည်၎င်း ၊ ဇနီးသည်နှင့် သမီးငယ်လေးတို့၏ အနာဂတ်သည်၎င်း သည် ကုမ္ပဏီပေါ်တွင် အများကြီးမူတည်နေရာ သည်ကိစ္စကို သူအထူးဂရုဆိုက်ဖို့လိုနေသည် ။ ထို့ကြောင့်ညစာမစားမီ အစီရင်ခံစာကို တစ်ကြိမ်ပြန်ဖတ်ရန် သူထိုင်သည်။ သည်စာ၌ အမှားအယွင်း အပြစ်အနာတစ်ခုမျှပါ၍မဖြစ်။
စာတစ်မျက်နှာလှန်ရုံရှိသေး ၊ သမီးငယ်လေး မာ့ခ်ျ ရောက်လာသည်။ ချိုင်းကြားမှာ တစ်အုပ်တစ်အုပ်ညှပ်လျှက်။အဖုံးက အစမ်းရောင် ။ သည်အပေါ်မှာပုံပြင် ဇာတ်လမ်း သရုပ်ဖော်ပုံလေးတစ်ခု ကပ်ထားသည် ။
“ဖေဖေ ၊ဟောဒီမှာ ” သမီးက ဆိုသည် ။
သူလှည့်ကြည့်သည် ။ “ သြော် .. စာအုပ်အသစ်ကလေးလား ၊ လှတယ်နော် ”
“ ဟုတ်တယ်ဖေဖေ ၊ ဖေဖေ သမီးကို ဒီထဲက ပုံပြင်တစ်ပုဒ်ဖတ်ပြမလားဟင် ”
“ခဏနေဦး သမီးရယ် ၊ ဖေဖေ မအားသေးဘူး”
သည်လိုပြောပြီး အစီရင်ခံစာကို သူဆက်ဖတ်နေသည်။ မာ့ခ်ျ ကအနားမှာဆက်၍ ရပ်နေသည်။ အလုပ်ရုံ ၌ အစားထိုးတပ်ဆင်သည့်စက်ယန္တရားသစ် အချို့ နှင့်စပ်လျှဉ်း၍ အစုရှယ်ယာရှင်များအားရှင်းလင်း တင်ပြသည့် အပိုဒ်ကိုဖတ်နေဆဲ မာ့ခ်ျအသံလေး မ၀ံ့တ၀ံ့ ထွက်လာပြန်သည်။ “မေမေက ပြောတော့ ဖေဖေ ဖတ်ချင်ဖတ်ပြမှာတဲ့ ” အဖေ့အားမျှော်လင့်အားထားသံလေးဖြင့် သူပြောနေခြင်းဖြစ်သည်။
သူကလက်နှိပ်စက်ရိုက်ထားသည့် စက္ကူပေါ်မှကျော်၍ ကြည့်သည်။ “အဖေ မအားလို့နော် သမီး ၊ မေမေ့ကိုပြောပါလား ၊ မေမေ ဖတ်ပြလိမ့်မယ်ပေါ့ ၊ဖေဖေ အလုပ်များနေလို့နော် .. ဟုတ်လား ”
“ဟင့်အင်း ဖေဖေ ” မာ့ခ်ျ လေသံပျော့ပျော့ နှင့်ပင်ငြင်းဆန်နေသည်။ “မေမေက အပေါ်ထပ်မှာ ပိုလို့တောင်အလုပ်များနေသေးတယ် ၊ဖေဖေ သမီးကို ဒီတစ်ပုဒ်တည်းလေးပဲ ဖတ်ပြပါနော် ၊ ဟောဒီမှာကြည့် .. ပုံလေး နဲ့ ကြည့်စမ်း .. ပုံလေးကလှတယ်နော် ဖေဖေ”
“ဟာ .. ဟုတ်တယ် ၊သိပ်လှတာပဲ ၊ပုံလေးက အပျံစားပဲနော် သမီး ၊ ဒါပေမဲ့ ဖေဖေ ဒီညအလုပ်လုပ်စရာတွေ ရှိသေးတယ် ၊ နောက်တော့မှ ...”
အဲဒီနောက်အတော်ကြီးကြာအောင်တိတ်ဆိတ်ငြိမ်သက်နေသည်။ မာ့ခ်ျ ဘာမှမပြော။ စာအုပ်ကိုသာအဲသည်ပုံလှလှလေးပါသည့် စာမျက်နှာမှာဖွင့်လျက်သားကိုင်၍ ရပ်နေသည် ။
ကာမိုဒီ နောက်ထက်စာနှစ်မျက်နှာလောက် ဆက်လှန်ဖြစ်သည်။ ပြီးခဲ့သည့် ၁၂ လအတွင်းဈေးကွက်တွေ ရွှေ့ပြောင်းဖြစ်ပေါ်ပုံများ ၊ ယင်းကြောင့်ဖြစ်သည့် ပြဿနာများကို ဖြေရှင်းရန် အရောင်းဌာနကချမှတ်ခဲ့သည့်လုပ်ငန်းအစီအစဉ်၊ မိမိတို့ ကုန်ပစ္စည်းများ ဈေးကွက်တွင် ထိန်းထားနိုင်ရေးပို၍ အရောင်းတက်လာရေးအတွက် ရက်သတ္တပတ်များစွာ မျက်နှာစုံညီ ဆွေးနွေးညှိနှိုင်းပြီးချမှတ်ခဲ့သည့် ကြော်ငြာအစီအစဉ်စသည်တို့အကြောင်း သူညွှန်ကြားသည့်အတိုင်း သေးစိတ်ရှင်းလင်းတင်ပြထားသည့်အတိုင်း အသေးစိတ်ရှင်းလင်းတင်ပြထားသည်ကို စေ့စေ့စပ်စပ် ဖတ်ကြည့်နေသည်။
“ဖေဖေ ... ပုံလေးကလည်းလှတယ် ပုံပြင်ကလဲ သိပ်နားထောင်လို့ ကောင်းမှာဖေဖေရ ” မာ့ခ်ျက ဆိုပြန်သည်။
“ဟုတ်ပါတယ် ၊အင်း .. နောက်တော့မှ သမီးရယ်၊ အခုသွားတော့နော် ”
“ဖေဖေ ဖတ်ကြည့်ရင် ကြိုက်မှာဖေဖေ ရဲ့”
“အင်း .. ကြိုက်မှာပါ ၊ ဒါပေမယ့် နောက်မှာနော်”
“ဟင် .. ဒါဆိုလဲ နောက်ဖတ်ပြနော် ၊ နော် ဖေဖေ နော်၊ နောက်ကျတော့ဖတ်ပြပါနော် ”
“ဖတ်မှာပေါ့ ၊ဖတ်မှာ ..စိတ်ချ သမီး ”
သို့သော် မာ့ခ်ျထွက်မသွားပါ ။ အဲသည်နားမှာ ငြိမ်ငြိမ်လေး ရပ်နေသည် ။အတော်ကြီးကြာမှ စာအုပ်ကိုသူ့အဖေ ခြေထောက်နားက ခွေးခြေလေးပေါ် တင်ပေးပြီး သူဆိုသည် ။
“ဖေဖေ အလုပ်အားတဲ့ အခါကျတော့ ဖေဖေ့ ဘာသာဖတ်ကြည့်နော် ၊ ကိုယ့်ဘာသာ သမီးလဲ ကြားရအောင်ကျယ်ကျယ်လေးဖတ်ပေးနော် ”
“စိတ်ချသမီး .. စိတ်ချ၊ နောက်တော့မှ ....”
ယခုဂျွန်ကာမိုဒီ အမှတ်ရနေတာ အဲဒါလေးပဲဖြစ်သည်။ လာမည့်နှစ်များမှာ ချစ်သမီးလေး အတွက်ဘာတွေလုပ်ကိုင်ပေးမည်ဟု ကြံစည်စိတ်ကူးထားသည့်အစီစဉ်များမဟုတ်။ သူ အမှတ်ရနေတာ လိမ္မာရေးခြားရှိလှသော သမီးငယ်လေး၏ အဲသည်နေ့ညက အပြုအမူလေးများပဲဖြစ်သည်။ အဖေ့လက်ကို သူ့လက်ချောင်းလေးတွေနှင့် မရဲတရဲ ကိုင်ကာတိုးတိုးလျှိုးလျှိုးလေးပြောသွားသည်။ “ ..ကိုယ်ဘာကိုယ်ပဲ ဖတ်နော် ၊ ဖေဖေ ဖတ်ကြည့်တဲ့အခါသာ သမီးလဲကြားရအောင် ကျယ်ကျယ်လေး ဖတ်ပေးနော် ” တဲ့။
ဒါကြောင့်လည်းယခုတော့ အခန်းထောင့် စားပွဲ လေးပေါ်က စာအုပ်ကို သူသွားကိုင်မိခြင်းဖြစ်သည်။ သမီးလေးဆော့ကစားပြီး ဟိုဟိုသည်သည် ချထားခဲ့သောကစားစရာပစ္စည်းတစ်ချို့ ကိုသူတို့ကောက်စုကာသည်စားပွဲပေါ် တင်ထားခဲ့ကြသည်။
စာအုပ်က အရင်လို အသစ်မဟုတ်တော့ ။ အစိမ်းရောင်ကတ်ထူဖုံးက ပဲ့ချင်ရွဲ့ချင်နေပြီး။ အတွင်းစက္ကူတွေလည်းလှန်ထားသဖြင့် တွန့်နေပြီ။
သူက ရုပ်ပုံလှလှလေးရှိသည့် စာမျက်နှာကိုလှန်သည်။ ပုံပြင်ကို သူဖတ်သည်။ ရင်ထဲမှာကြေကွဲဆို့နင့်နေသဖြင့် စကားလုံးတွေ ပီသအောင် ဖတ်၍မရ။ နှုတ်ခမ်းတွေက မလှုပ်ရှားချင် ။ အရေးကြီးသည့်ကိစ္စတွေ၊ စဉ်းစားရမည့် အကြောင်းအရာတွေ သူမစဉ်းစားတော့၊ လာမည့်နှစ်များစွာအတွက် သူကြိုတင်မျှော်မှန်းခဲ့တာအသေးစိတ် စဉ်းစားပြင်ဆင်ခဲ့တာ တွေလည်းသူမတွေးချင်တော့။ သည်အခိုက်အတန့်ဖို့မူလမ်းထဲတရကြမ်းမောင်းဝင်ခဲ့သည့် အရက်မူးသမား ကားမောင်းသူလူရမ်းကားကြောင့် ကြုံတွေ့ခဲ့ရသည့် တုန်လှုပ်ချောက်ချားဖွယ် အဖြစ်ဆိုးကိုပင် သူအမှတ်မရတော့။ လူသေမှုဖြင့်အဖမ်းဆီးခံရကာ အကျဉ်းထောင်ထဲ ရောက်နေပြီဖြစ်သည့် ၄င်း လူဆိုးအပေါ်ထွက်မိသည့် သူ၏ဒေါသများ ၊ ခါးခါးသီးသီး မုန်းတီးမှုများလည်း ဘယ်ဆီရောက်လေသည်မသိ။
စင်စစ်တံခါးဝမှာ တိတ်ဆိတ်စွာ ရပ်နေသည့် ဇနီးသည်ကိုပင် သူမမြင်မိ။ အမျိုးသမီးက မာ့ခ်ျကလေးနှင့် နောက်ဆုံးတွေ့ဆုံရန်အတွက် အ၀တ်အစားလဲထားပြီးဖြစ်သည်။ အမျိုးသမီးမျက်နှာက ဖြူဖပ်ဖြူရော် ။ သို့သော်အသံမတုန်အောင် ကြိုးစားထိန်းပြီး ခင်ပွန်းသည်အား လှမ်းပြောသည် ။ “ မောင် ... ကျွန်မ အဆင်သင့် ဖြစ်ပြီ ၊သွားကြစို့”
ခင်ပွန်းသည်က စာဖတ်နေသည်။
“တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲက သစ်ခုတ်တဲလေး တစ်လုံးမှာ မိန်းမချောကလေး တစ်ယောက်နေတယ် ၊ သူကလေးရဲ့ ရုပ်သွင်ကချောမောလွန်းလို့ ငှက်ကလေးတွေတောင် တေးဆိုဖို့ မေ့ပြီးသူ့ကိုပဲ သစ်ကိုင်းတွေပေါ်က ငေးကြည့်နေမိတက်တယ်၊ တစ်နေ့မှာတော့ ... ”
သူက သူ့ဘာသာတစ်ကိုယ်တည်း ဖတ်နေခြင်းဖြစ်သည်။ သို့သော် မာ့ခ်ျကလေးလည်း ကြားရအောင် ခပ်ကျယ်ကျယ် ဖတ်ပေးနေသည်။ သူတစ်ကယ်ကြားရှာလေမည်လား မသိ။
[မူရင်း ။ ။ Michael Foster ၏ Will You, Daddy? ] (ဖေမြင့် ဘာသာပြန်သည်။)