တစ်ကြိမ်မှာတစ်ခု
ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံ ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။
နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်ရင်းက ဟိုအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်း နီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။ သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကိုနှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”
“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ ၊ ဒါပေမဲ့ အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ”
“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်တို့ မိတ်ဆွေက ဆိုသည်။ “ဒါပေမဲ့ ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေအားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ၊ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြားပြောင်းလဲ သွားနိုင်မလဲ”
ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွား တာပေါ့ဗျာ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။
[မူရင်း။ ။ Jack Canfield နှင့် Mark V. Hansen တို့၏ One At A Time](ဖေမြင့်ဘာသာပြန်သည်။)