https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Oct 25, 2012

ကမ္ဘာလောကကြီးရေ

ကမ္ဘာလောကကြီးရေ

ကျွန်မသား စကော့ နေသည့် ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အရေးကြီးသောကိစ္စတစ်ခုပြောလို ၍ အိမ်သို့ လာရောက်လိုကြောင်းနှင့် တွေ့ဆုံနိုင်မည့် အချိန်ကို ပြန်ကြားပေးပါရန် ဖုန်းဆက်ပြောဆိုသည် ။
စကော့၏ ကျောင်းဆင်းပွဲကလည်း ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ကျောင်အုပ်ကြီး ဆက်သွယ်ခြင်းမှာ ယင်းကိစ္စနှင့် ဆက်စပ်ပတ်သက်လိမ့်မည်ဟု ကျွန်မ ယူဆမိသည်။ သို့သော် စကော့တစ်ယောက်ကျောင်းမှာ မဟုတ်တရုတ် တစ်ခုခုများ လုပ်ခဲ့လေသလားဟူ၍လည်း စိတ်ထဲတွေးပူမိသေး၏ ။ သို့နှင့် သတင်းကောင်းပဲကြားရပါစေဟု ကျိတ်ဆုတောင်းကာ ဆရာကြီး အလာကိုစောင့်မျှော်နေခဲ့သည်။
သတင်းက သတင်းကောင်း အစစ်ဖြစ်သည်။ကျောင်းဆင်းပွဲတွင် ကျောင်းသားများကိုယ်စား နူတ်ဆက်စကားပြောကြားရန် အတွက် စကော့အား ရွေးချယ် အပ်နှင်းကြောင်း ကြားသိရသည်။ ထို့နောက် ဆရာကြီးက သား၏ အောင်မြင်မှုကိုဂုဏ်ပြုသောအားဖြင့်ကျောင်းဆင်းပွဲနှင့်စပ်လျဉ်းသည့် အမှတ်တရ စာတစ်ပုဒ် ရေးသားပေးပါရန် ကျွန်မအား မေတ္တာရပ်ခံသည်။ ကျွန်မကလည်း ၀မ်းမြောက်ဝမ်းသာဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်၍ပြောလိုက်သည် ။သားအတွက် ကျွန်မ တစ်ကယ်ပင် ၀မ်းမြောင်ဂုဏ်ယူခဲ့ခြင်းဖြစ်သည် ။
လက်နှပ်စက်ရှေ့မှာ ထိုင်ကာ စကော့ဖြတ်သန်းခဲ့ရသည့် ဘ၀ခရီး အကြောင်းပြန်ပြောင်းတွေးတောရင်း သူ့ဘ၀ အတွက် သည်ကျောင်းဆင်းပွဲ၏ ထူးခြားအရေးပါလှပုံကို ကျွန်မ ထင်လင်းစွာ မြင်လာသည် ။ စကော့နှင့် သူ၏အတန်းဖော်သူငယ်ချင်းများသည် သူတို့ အတွက်လုံးဝ စိမ်းနေသေးသည့် လက်တွေ့လူလောကကြီး အတွင်းသို့ ၀င်ရောက်ကြရတော့မည် ဖြစ်သည် ။သူတို့ကို ကျွန်မတို့ နေ့စဉ်ပုံမှန် လိုက်လံထိန်းကျောင်းပေးနေနိုင်ပြီ မဟုတ်တော့  အကြံပေးခြင်း ဖေမကူညီခြင်းများလည်း မပြတ်လုပ်နေနိုင်မည် မဟုတ်တော့ ။
သို့နှင့် သူတို့ နှဖူးတွေ့ဒူးတွေ့တွေ့ကြရတော့မည် ကမ္ဘာလောကကြီးထံ ကျွန်တော်မစာတစ်ဆောင် ယခုလိုရေးဖြစ်ခဲ့သည် ။
..............
ကမ္ဘာလောကကြီးရေ ...
တို့ကလေးတွေ ဒီနေ့ ကျောင်းဆင်းကြတော့မယ် ကာလအတန်ကြာတဲ့အထိ မင်းကိုသူတို့ နားလည်နိုင်ကြအုံးမှာ မဟုတ်ဘူး မင်းသူတို့ ကိုကြင်ကြင်နာနာဆက်ဆံပေးပါလို့ မေတ္တာရပ်ခံချင်တယ် မင်းသိတဲ့ အတိုင်း သူတို့ကလောလောဆယ် အချိန်အထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေကြတယ် သူတို့ ခံစားချက်တွေ ဝေဒနာတွေ မှန်သမျှ မိဘက မပြတ် အကဲခတ်ပြီး ဖြေဖျောက်ပေးကုစားပေးနေခဲ့တာ ၊ နက်ဖြန်သဘက်ခါစပြီး အခြေနေတွေက လုံးဝခြားနားသွားတော့မှာ ။ ဒီစွန့်စားခန်းခရီးမှာ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ် သူနိုင်ငါနိုင်ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတွေလည်း ဆင်နွဲရလိမ့်မယ် ဒီလမ်းခရီးကိုလျှောက်လှမ်းနိုင်ဖို့ အတွက် သူတို့မှာယုံကြည်မှုတွေ မေတ္တာတရားတွေ ခံနိုင်ရည်တွေ သိနားလည်မှုတွေ အများကြီးလိုအပ်လိမ့်မယ် ဒါကြောင့်မို့ သူတို့လေးတွေကို ကြည့်ရှု့စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ ။
သူတို့ သိသင့်သိထိုက်တဲ့ အရာတွေ သိအောင်တက်အောင် သင်ပြပေးစမ်းပါ ဒါပေမယ့် ကျေးဇူးပြုပြီး တက်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော် ။
လောကကြီးမှာလူတိုင်း သမာသမတ်ရှိတာ မဟုတ်ဘူး တရားသဖြင့်လုပ်နေတာမဟုတ်ဘူး မမှန်မကန်တဲ့သူတွေလည်းရှိတယ် ဆိုတာသူတို့သိဖို့လိုသေးတယ် ဒါပေမယ့်လူဆိုးတစ်ယောက်ရှိတိုင်း ဇာတ်လိုက်လူစွမ်းကောင်းတစ်ယောက်တော့ရှိတယ် လိမ်ညာကောက်ကျစ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ် ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမဲ့ မိတ်ဆွေတစ်ယောက်တော့ရှိတယ် ဆိုတာလည်း သင်ကြားပေးစေချင်ပါတယ် ။
အချိန်တော့ပေးရမှာပေါ့လောကကြီးရယ် ဒါပေမယ့် ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာထက် တန်ဖိုးရှိတယ်ဆိုတဲ့ အကြောင်း အရှုံးကို အပြုံးမပျက် ခံယူတက်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ်ဆိုတဲ့ အကြောင်းတွေလည်း သူတို့ သိနားလည်အောင်ဆောင်ရွက်ပေးစေချင်ပါတယ် ။
ဖြစ်နိုင်ရင်သူတို့မှာ ၀န်တိုမစ္ဆေရစိတ် ကင်းဆင်အောင် သူတစ်ပါးရဲ့ အဆင်ပြေမှု အောင်မြင်မှု အတွက်လည်း မုတိတာပွားတက်အောင် သင်ကြားပေးစေချင်တယ် မအောင်မြင်မှုနဲ့ ကြုံရတဲ့ အခါမျိုးမှာ အရှုံးဒဏ်ကို ကြံ့ကြံ့ခံ နိုင်တဲ့ဇွဲသတ္တိရှိဖို့နဲ့ အောင်မြင်တဲ့ အထိ ဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတက်ဖို့လည်း သင်ကြားပေးပါ။ ပြီး သိမ်မွေ့သူကို သိမ်မွေ့စွာဆက်ဆံတက်ဖို့ မာကျောသူနဲ့ တွေ့တဲ့ အခါကိုယ်လည်းမာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ ။
အများနောက် ရောယောက်မလိုက်ပဲ ကိုယ့် အသိဥာဏ်ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တက်ဖို့ ဘယ်သူ့စကားကို မှ နားပိတ်မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့ စကာနဲ့ စစ်ပြီးမှ လက်ခံမှတ်သားတက်ဖို့ ၀မ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက်နေတက်ဖို့ သို့သော် မျက်ရည်ကျခြင်ကိုလည်း ရှက်စရာလို့ မယူဆဖို့။ ပြီး တစ်ခါတစ်ရံရှုံးနိမ့်ခြင်းမှာလည်း ဂုဏ်ကျက်သရည်ရှိနေတက်ပြီး အောင်မြင်လျှက် စိတ်ပျက်ရခြင်းဆိုတာမျိုးလည်းရှိကြောင်း သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ် ။
အမြဲမကောင်းပြောတက်တဲ့သုတွေကို ဂရုမဆိုက်ဖို့ စကားချိုလွန်းတဲ့သူကိုသတိထားဖို့ ။
ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံ ရောင်းချတက်ဖို့ ဒါပေမယ့် နှလုံးသားနဲ့ ၀ိညာဉ်ကိုတော့  ဘယ်တော့ မှဈေးနှုန်းမသက်မှတ်ဖို့ တွေကိုလည်းသင်ပေးဖို့လိုလိမ့်မယ် ။
အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါး နှိုင်းယှဉ်တာမျိုးမလုပ်ဖို့လည်း သင်ပြပေးစေချင်တယ် ဘာကြောင့်လည်းဆိုတော့ လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့လူတွေ ကိုယ့်ထက်နိမ့်ပါးတဲ့လူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား ကိုယ့်စံချိန်နှိမ်အောင် ကိုယ့်ယခင်ဆောင်ရွက်ချက်တွေထက်ထူးခြားသာလွန်အောင် ပြိုင်ဆို ကြိုးစားဖို့သာ သူတို့ကို သင်ကြားပေးစေချင်တယ် ။.
ပြီးတော့ လောကကြီးမှာတစ်ခါတစ်ရံ အလောင်းအစားလုပ်ရတဲ့ အခါမျိုးရှိသလို အံစာတုန်းကို လက်လွှဲပေးလိုက်ရတဲ့ အခါမျိုးလည်း ရှိတယ်ဆိုတာ သူတို့သိဖို့ လိုလိမ့်မယ် ။
လောကကြီးရေ ....သူတို့ကိုကြင်ကြင်နာနာဆက်ဆံပါကွာ ဒါပေမယ့် အလိုတော့ မလိုက်နဲ့ သိပ်ပြီးလည်း မျက်နှာသာမပေးနဲ့ ဘာကြောင့်လည်းဆိုတော့ မီးဒဏ်ကို နာနာခံပြီးမှ အသားကောင်းတဲ့ သံမဏိဖြစ်မှာကိုး ။ ဒီအတွက် သူတို့ မှာ မိမိကိုယ်ယုံကြည်တဲ့စိတ် ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ်ယုံကြည်တဲ့စိတ် သူတို့မှာ ကိန်းအောင်းလာလိမ့်မယ် ။
မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီရေ .. ဒါပေမယ့် မင်းတက်နိုင်သမျှတော့ လုပ်ပေးနော် သူတို့က နုနယ်သေးတဲ့ ကလေးတွေ .... ငါတို့ရဲ့ ကလေးတွေပါ ။

[မူရင်း ။  ။ Avril Johannes ၏ Dear World] (ဖေမြင့် ဘာသာပြန်သည်။)

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...