https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Oct 26, 2012

မိမိကွန်ပျူတာကိုမြန်စေမယ်.နည်းလမ်း ၅မျိုး

သိပြီးသောသူငယ်ချင်းများကတော.ကျေးဇူးပြုပြီးငြိမ်ငြိမ်လေးနေပေးကြပါခင်ဗျာ..
မသိသေးတဲ့သူငယ်ချင်းများအတွက်နည်းနည်းတော.အသုံးဝင်မလားလို.ပါ...ခိ
ကဲ..ဒီလိုလေးတွေပါဗျာ..လုပ်ကြည်.လိုက်ပါအုံး
အရင်ဦးဆုံးမိမိစက်ပေါ်ကRun boxကိုဝင်လိုက်ပါwindow+R နဲ.စဖွင်.ရင်လည်းရပါတယ

ပြီးရင်တော.ဒီလိုလေးတွေလိုက်လုပ်ပါဗျာ
၁။temp  ကို ရိုက်select all(ctrl+A)ပြီးရင်(shift+delete..
၂။%tem% ကို ရိုက် select all(ctrl+A)ပြီးရင်(shift+delete.
၃။prefetch ကိုရိုက်  select all (ctrl+A) ပြီးရင် (shift+delete
၎။recent  ကိုရိုက် selete all (ctrl+A)  ပြီးရင် (shift+delete
၅။cookies  ကိုရိုက် selete all(ctrl+A) ပြီးရင် (shift+delete
ကဲ သူငယ်ချင်းများအားလုံးပဲအဆင်ပြေကြပါစေဗျာ..
မှတ်ချက်။    ။wedတစ်မှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

နှလုံးသားအတွက် တစ်သက်တာ အာဟာရ

နှလုံးသားအတွက် တစ်သက်တာ အာဟာရ

အတန်းထဲက

အမှတ်မထင် လေ့ကျင့်ခန်းလေးသည်
တစ်သက်တာ မမေ့နိုင်စရာ
သင်တန်းစာတစ်ခု ဖြစ်သွားခဲ့သည်။

သူ့နာမည် မာ့ခ် အက္ကလွန်း။ သူက တကယ့်ကို ရှားရှားပါးပါး လူစားမျိုး။
မင်နီဆိုတားပြည်နယ်၊ မောရစ်မြို့ကလေးရှိ စိန့်မေရီကျောင်းမှာ တတိယတန်းကလေးတွေ စာသင်ပေးရစဉ် သူ့ကို ကျွန်မ စ,တွေ့ခဲ့ရခြင်း ဖြစ်သည်။ အတန်းသား ၃၄ ယောက်လုံးပင် အလွန်ချစ်စရာ ကောင်းလှသည်။ သည်အထဲမှာ မာ့ခ်က ပို၍ ထူးထူးခြားခြား။
လူက အလွန်သပ်ရပ် သန့်ပြန့်သည်။ အမြဲရွှင်ရွှင်ပျပျ တက်တက်ကြွကြွ ရှိသည်။ တခါတလေ သူ ဆိုးတတ်သည်။ သို့သော် ဆိုးတာလေးသည်ပင် ရယ်ရွှင်ချင်စရာ။
သူက စကားလည်း အလွန်များသည်။ ဘယ်တော့မှ ပါးစပ်ပိတ်မနေနိုင်။ အတန်းထဲမှာ ဆရာမ ခွင့်ပြုချက်မရဘဲ စကားပြောလျှင် အပြစ်ဖြစ်ကြောင်း သူ့ကို ခဏခဏ သတိပေးရသည်။ သို့သော် သူနှင့်ပတ်သက်၍ ကျွန်မအထင်ကြီးမိတာ တစ်ခုတော့ရှိသည်။ အဲဒါက သူ့ကို အပြစ်ဒဏ်ပေးသည့် အခါတိုင်း "ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ" ဟူ၍ တကယ့်အရိုးခံနှင့် ပြန်လည်ပြောဆိုတတ်ခြင်း ဖြစ်သည်။ အစတွင်တော့ သူ့စကားက နားထဲမှာ တစ်မျိုးကြီး ဖြစ်နေသည်။ နောက်တော့လည်း နေ့စဉ် အကြိမ်ပေါင်းများစွာ ကြားရကာ တဖြည်းဖြည်း ရိုး၍သွားသည်။
တစ်နေ့နံနက်မှာတော့ မာ့ခ်ကို စကားမပြောဖို့ပြောရတာ အကြိမ်ပေါင်း များလွန်းသဖြင့် ကျွန်မ စိတ်မရှည်ဖြစ်ကာ ဆရာမပေါက်စများ ထုံးစံအတိုင်း အမှားကိုကျူးလွန်မိသည်။ မာ့ခ်ကိုစေ့စေ့ကြည့်ကာ "နောက်ထပ် စကားတစ်ခွန်းပြောရင် မင်းပါးစပ်ကို ပလတ်စတာတာနဲ့ ကပ်ထားမယ်" ဟူ၍ ပြောလိုက် မိခြင်းပင်။
ဆယ်စက္ကန့်မျှပင် မကြာပါ။ "မာ့ခ် စကားပြောနေပြန်ပြီ" ဟု ချပ်က လှမ်းတိုင်သည်။ အတန်းသား များအား မာ့ခ်ကို စောင့်ကြည့်ပေးရန် ကျွန်မ အကူအညီ တောင်းထားသည်တော့ မဟုတ်။ သို့သော် မာ့ခ် နောက်ထပ် စကားပြောလျှင် ဘယ်လိုအပြစ်ပေးမည်ဆိုတာ အားလုံးရှေ့မှာ ကျွန်မကြေငြာမိခဲ့ပြီးဖြစ်ရာ ယခု ပြစ်မှုကျူးလွန်ပြီဆိုတော့ ကျွန်မ အပြစ်မပေးဘဲ နေ၍မဖြစ်တော့။
အဲသည်တုန်းကအကြောင်းကို သည်ကနေ့မနက်မှ ဖြစ်ပျက်ခဲ့သလို ကျွန်မမျက်စိထဲတွင် ပြတ်ပြတ် ထင်ထင် မြင်နေဆဲဖြစ်သည်။ စားပွဲဆီသို့ ကျွန်မလျှောက်သွားသည်။ အံဆွဲကို ဖြည်းဖြည်းချင်းဖွင့်သည်။ အထဲက ပလတ်စတာခွေကို ယူသည်။ အစ နှစ်စ ညှပ်သည်။ ပြီးနောက် မာ့ခ်ပါးစပ်မှာ ကြက်ခြေခတ် ကပ်ထားလိုက်ပြီး အတန်းရှေ့ပြန်ရောက်လာသည်။
သူဘယ်လိုနေသလဲ လှမ်းကြည့်လိုက်တော့ သူက မျက်စိမှိတ်ပြသည်။
"မှတ်ကရော…အခုတော့ စကားမပြောနိုင်တော့ဘူး မဟုတ်လား" ဟု တွေးကာ သူ့ကိုကြည့်ပြီး ကျွန်မ ရယ်နေမိသည်။ ကျွန်မသူ့ဆီပြန်သွားကာ ပလတ်စတာတွေ ပြန်ခွာပေးလိုက်တော့ တစ်ခန်းလုံး သြဘာသံတွေ ညံသွားသည်။ ပါးစပ်လည်း ဟ၍ရရော သူပြောလိုက်သည့်စကားက ထုံးစံအတိုင်း " ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ" ဟူ၍ပင်။
နောက်နှစ်မှာ ကျွန်မ အလယ်တန်း (Junior High) အဆင့်တက်ကာ သချာင်္ဘာသာ သင်ရသည်။ နှစ်တွေက အလျင်အမြန်ကုန်လွန်ခဲ့ရာ ဘာမျှပင် ကြာသည်မထင်လိုက်ရဘဲ မာ့ခ်တစ်ယောက် ကျွန်မ အတန်းသို့ ရောက်လာပြန်သည်။ လူက အရင်ကထက် ပိုချောလာသည်။ အပြောအဆိုက အရင်အတိုင်း ယဉ်ကျေးဆဲပင်။ သို့သော် ကိုးတန်းမှာ ကျွန်မသင်သည့် သချာင်္သစ်က အတော်ကြိုးစားပြီး လိုက်ရသည် ဖြစ်ရာ မာ့ခ်တစ်ယောက် အရင်ကလို စကားများများ မပြောနိုင်ခဲ့။
တစ်ခုသော သောကြာနေ့တွင်မူ အခြေအနေက နည်းနည်း ပိုဆိုးနေခဲ့သည်။ အဲသည် ရက်သတ္တပတ်တစ်ခုလုံး သချာင်္သစ် သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်း တွက်ချက်ခဲ့ရသည်။ သင်ခန်းစာကခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးအပေါ်တစ်ဦးလည်း ခါတိုင်းလို သည်းညည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေကြသည်။ သို့နှင့် အခြေအနေတွေ သည့်ထက် ဆိုးရွားမသွားမီ ထိန်းသိမ်းရန် အစီအစဉ်တစ်ခု ကျွန်မပြုလုပ်သည်။
ကျွန်မအစီအစဉ်က အတန်းသားတစ်ဦးချင်းအား မိမိအတန်းဖော်များအမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့နောက် အမည်တစ်ခုစီ၏အနီးတွင် ချန်ထားသည့် ကွက်လပ်အသီးသီး၌ ၄င်းအတန်းဖော်သူငယ်ချင်းနှင့် ပတ်သက်၍ မိမိမြင်သည့် အကောင်းဆုံးအချက် တစ်ခုစီကို စဉ်းစားရေးသားကြစေသည်။ ထိုနေ့က ကျန်ရှိသည့် စာသင်ချိန်လေးမှာ ၄င်းထင်မြင်ချက်များ ရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်းသား အားလုံး သူတို့စာရွက်ကလေးတွေ ကိုယ်ဆီ ကျွန်မဆီအပ်ပြီး ပြန်ကြသည်။ ချပ်က ကျွန်မကို ပြုံးပြ သွားသည်။ မာ့ခ်ကတော့ ထုံးစံအတိုင်း "ကွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အားလပ် ရက်မှာ ဆရာမ ပျော်ရွှင်ပါစေ" နှုတ်ဆက်သည်။
အဲသည် စနေနေ့မှာ ကျောင်းသားကျောင်းသူတစ်ဦးစီ၏ အမည်ကို စာရွက်လွတ် တစ်ရွက်စီ ထိပ်တွင် ကျွန်မ ရေးထိုးပြီးနောက် ၄င်းတစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော်သူငယ်ချင်းအသီးသီးတို့၏ မှတ်ချက်များကို စီတန်း၍ ရေးချသည်။ တချို့အတွက် တစ်ရွက်ရေးရသည်။ တချို့အတွက် နှစ်ရွက်။
တနလာင်္နေ့ ရောက်သောအခါ အဲသည်စာရွက်များကို သက်ဆိုင်သူအသီးသီးသို့ ကျွန်မ ဖြန့်ဝေ ပေးလိုက်သည်။ သည်စာရွက်တွေဖတ်ကာ မကြာမီပင် တစ်တန်းလုံး ပြုံးလာကြတာ တွေ့ရသည်။
"ဟယ်…တကယ်လား၊ ငါက သူများတွေ ဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး"
"ငါ့ကို သူများတွေ ဒီလောက် သဘောကျလိမ့်မယ်လို့ လုံးဝထင်မထားဘူး"
စသည့် တီးတိုး မှတ်ချက်သံများ ကျွန်မကြားရသည်။
သို့သော် နောက်ပိုင်းမှာတော့ သည်စာရွက်များနှင့် ပတ်သက်၍ မည်သူ့ထံကမျှ စကားတစ်ခွန်း တစ်ပါဒ မကြားရတေ့ပါ။ စာသင်ချိန်အပြီးမှာ သူတို့အချင်းချင်း ဆွေးနွေးပြောဆိုကြတာ၊ ဒါမှမဟုတ် အိမ်မှာ မိဘများကို ပြကြ ပြောကြတာတွေတော့ ရှိလေမလား မပြောတတ်ပါ။
သို့သော် အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိ၊ မရှိဆိုတာက အရေးမကြီးပါ။ အရေးကြီးသည်က သည်စာရွက်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့တစ်တွေ ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ အတန်းသူ အတန်းသားတွေအားလုံး ရွှင်ရွှင်ပျပျ ဖြစ်လာကြပြီး တစ်ဦးကိုတစ်ဦးလည်း ယခင်ကနည်းတူ ခင်ခင်မင်မင် ပြန်လည် ဆက်ဆံလာကြပါသည်။
သည်လိုဖြင့် အချိန်တန်တော့လည်း မာ့ခ်တို့အုပ်စု ကျွန်မလက်ကထွက်ကာ အတန်းသစ် အဆင့်ဆင့်တွေ တက်သွားကြပါသည်။
ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။ တစ်နေ့ ကျွန်မ အပန်းဖြေခရီးမှ ပြန်လာတော့ မိဘများက ကျွန်မကို လေဆိပ်မှာ လာကြိုကြသည်။ အိမ်သို့အသွား ကားပေါ်တွင် ရာသီဥတုအကြောင်း၊ ကျွန်မ ခရီးစဉ် အတွေ့အကြုံများ အကြောင်းတွေ မေးမြန်းပြောဆိုလာကြရင်း စကားစ နည်းနည်း ပြတ်သွားချိန်တွင် အမေက အဖေ့ဘက်လှည့်ကာ အချက်ပေးသည့်လေသံဖြင့် "အဖေကြီး" ဟု ဆိုလိုက်သည်။ အဖေက ချောင်းတစ်ချက်ဟန့်ကာ စကားစ,သည်။
"အက္ကလွန်းမိသားစု ညတုန်းက ဖုန်းဆက်တယ်"
"ဟုတ်လား၊ သူတို့နဲ့ အဆက်အသွယ် ပျက်နေတာတောင် နှစ်ပေါင်းကို မနည်းဘူး ကြာပြီနော်၊ မာ့ခ် တစ်ယောက်လည်း ဘယ်လိုနေသလဲ မသိဘူး" ကျွန်မက ပြန်ပြောလိုက်မိသည်။
အဖေက တည်ငြိမ်စွာပင် ဆက်ပြောသည်။
"မာ့ခ် ဗီယက်နမ်မှာ ကျသွားတယ်…၊ နက်ဖြန် သင်္ဂြိုဟ်မှာ၊ သူတို့မိသားစုက သမီးကို အသုဘ လိုက်ပို့စေချင်ကြတယ်"
သည်ကနေ့တိုင်အောင်ပင် အဖေ ကျွန်မအား မာ့ခ် ကွယ်လွန်သည့်သတင်းကို လမ်းမကြီးပေါ်က ဘယ်နေရာမှာ ပြောပြခဲ့သည်ဆိုတာ ကျွန်မ တိတိကျကျ အမှတ်ရနေဆဲ ဖြစ်သည်။
စစ်သည်တော်တစ်ဦး၏ ရုပ်အလောင်းဟာ စစ်ဘက်ဆိုင်ရာ အဆောင်အယောင် အခမ်းအနား များနှင့် ပြင်ဆင်နေရာချထားပုံကို ကျွန်မတစ်ခါမျှ မကြည့်မမြင်ဖူးပါ။ မာ့ခ်၏ ရုပ်သွင်က တကယ်ပင် ရင့်ကျက်ခန့်ညား၍ နေသည်။ ကျွန်မရင်ထဲတွင်ကား မာ့ခ်ရယ်…မင်းသာ စကားပြောနိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ပလတ်စတာတွေအားလုံး ငါပေးပစ်လိုက်မှာပါ ဟူ၍သာ ပြောဆိုနေမိခဲ့သည်။
အဲသည်နေ့က ဘုရားရှိခိုးကျောင်းမှာ မာ့ခ်၏ သူငယ်ချင်းတွေ အပြည့် ရောက်ရှိနေသည်။ ချာလီ၏ ညီမက တေးသီချင်း သီဆိုသည်။ သင်္ချိုင်းနေရာဘေးမှာ အနေရခက်လှသည့်အထဲ မိုးက ရွာချပြန်သည်။ ဘုန်းတော်ကြီးက ထုံးစံအတိုင်း ဆုတောင်းပတ္တနာ ပြုပြီးနောက် စစ်သည်တော်တစ်ဦးက ခရာမှုတ်သည်။
ထို့နောက် မာ့ခ်ကို ချစ်ခင်ကြသူများ သူ့ခေါင်းတလားအနီးသို့ နောက်ဆုံးအကြိမ်အဖြစ် ချဉ်းကပ် ဖြတ်သန်းကြကာ သန့်ရှင်းရေး ရေစင်တော် ဖျန်းပတ်ကြသည်။
အားလုံးနောက်တွင်မှ ကျွန်မ မာ့ခ်ရုပ်ကလာပ်ကို ကောင်းချီးမင်္ဂလာပေးသည်။ ခေါင်းတလားအနီး ကျွန်မရပ်နေဆဲ စောစောက ခေါင်းထမ်းရာတွင် ပါဝင်သည့် စစ်သားလေးတစ်ယောက် အနားကပ်လာကာ "မာ့ခ်ရဲ့ သင်္ချာဆရာမလား ခင်ဗျာ…" ဟု မေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလားကိုပင် မမှတ်မသုန် ကြည့်နေမိသည်။ "ဆရာမအကြောင်း သူ အမြဲပြောတယ်" သူက ဆက်ပြောနေသည်။
ဈာပနအခမ်းအနား ပြီးသည့်နောက် မာ့ခ်နှင့်တစ်တန်းတည်း တက်ခဲ့သည့် သူငယ်ချင်းတစ်သိုက် ချာလီ၏ လယ်တောအိမ်သို့ နေ့လယ်စာစားရန် သွားရောက်ကြသည်။ အဲသည်မှာ မာ့ခ်၏ အဖေနှင့် အမေလည်း ရောက်နေကြသည်။ ကျွန်မအား တွေ့ရန် စောင့်ဆိုင်းနေကြခြင်းပင်။
"ဆရာမကို ပြစရာတစ်ခုရှိတယ်" မာ့ခ်၏ အဖေက ဆိုကာ သူ့ပိုက်ဆံအိတ်ကို ထုတ်သည်။
"မာ့ခ် ကွယ်လွန်တဲ့အချိန် သူ့ကိုယ်ပေါ်မှာ ဟောဒီဟာလေး တွေ့ရတယ်လို့ ဆိုတယ်၊ ဆရာမ မှတ်မိလိမ့်မယ်လို့ ထင်ပါတယ်"
သူက ပိုက်ဆံအိတ်ကိုဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သည့် ဗလာစာရွက်နှစ်ခုကို ဂရုစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့်လိုက်ခေါက်လိုက် လုပ်ဖန်များသဖြင့် ခေါက်ရိုးနေရာမှ ပြတ်တောက်ကာ တိတ်စများနှင့်ပင် အကြိမ်ကြိမ် ပြန်ကပ်ထားခဲ့ရပုံ ပေါ်နေသည်။ ကျွန်မ သေသေချာချာပင် ကြည့်စရာ မလိုပါ။ အတန်းဖော် သူငယ်ချင်းများရေးသည့် မာ့ခ်အကြောင်း အကောင်းဆုံးမှတ်ချက်တွေကို စုစည်းပေး ထားသည့် မှတ်တမ်းစာရွက်များ ဖြစ်ကြောင်း ကျွန်မသိပါသည်။
"ဒီအတွက် ဆရာမကို အများကြီး ကျေးဇူးတင်ပါတယ်၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ် တန်ဖိုးထားတာ" မာ့ခ်၏ မိခင်က ဆိုရှာပါသည်။
မာ့ခ်၏ အတန်းဖော်တွေ ကျွန်မတို့အနီးသို့ ချဉ်းကပ်လာကြသည်။ ချပ်က ရှက်ပြုံးကလေးပြုံးကာ "ကျွန်တော်လည်း ကျွန်တော့်စာရွက်လေးကို သိမ်းထားပါတယ်၊ အိမ်က ကျွန်တော့်စားပွဲ အပေါ်ဆုံး အံဆွဲထဲမှာ အမြဲရှိတယ်"
"ချာလီကလည်း သူ့စာရွက်ကလေးကို လက်ထပ်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာ" ချာလီ၏ ဇနီးက ၀င်ပြောသည်။
"ကျွန်မမှာလဲ ရှိတယ်၊ ဒိုင်ယာရီထဲ ညှပ်သိမ်းထားတယ်" မာရီလင်က ဆိုသည်။
ထို့နောက် နောက်ထပ် အတန်းဖော်တစ်ဦးဖြစ်သူ ဗစ်ကီက လက်ပွေ့အိပ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ဖွင့်ပြီး သူ့စာရွက် ကြေကြမွမွလေးကို ထုတ်ပြသည်။ "ကျွန်မကတော့ ဒါလေးကို အမြဲ ကိုယ်နဲ့မကွာ ဆောင်ထားတယ်၊ ကျန်တဲ့ သူငယ်ချင်းတွေအားလုံးလည်း သူတို့စာရွက်တွေ ရိုရိုသေသေ သိမ်းထား ကြမှာပါ" ဟူ၍ သူကဆိုသည်။
သည်ဟာတွေ ကြားရပြီးသည့် နောက်တွင်တော့ ကျွန်မ လုံးဝ ထိန်းထားနိုင်စွမ်း မရှိတော့ပါ။ အဲသည်နေရာမှာပင်ထိုင်ကာ ကျွန်မငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ် ဘယ်သော အခါမျှ တွေ့နိုင်ကြမှာ မဟုတ်တော့သည့် သူ့သူငယ်ချင်းများအတွက်ပါ ကျွန်မ ငိုလိုက်မိခြင်း ဖြစ်ပါသည်။

[မူရင်း။ ။ Helen P. Mrosla ၏ All The Good Things] (ဖေမြင့် ဘာသာပြန်သည်။)

ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ

ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ

ဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ်မည်၊ ဘယ်ပုံဖြစ်ရမည်ဆိုတတွေနှင့် ပတ်သက်၍ ကျွန်တော် သိသင့်သိထိုက်သည့်အရာအများစုကို သူငယ်တန်းမှာကတည်းကပင် ကျွန်တော်သင်ယူခဲ့ရပြီး ဖြစ်သည်။
အသိဉာဏ် အမြော်အမြင်ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထပ်ပေါ်မှာ ရှိသည် မဟုတ်၊ မူကြိုကျောင်းက ကလေးကစားသည့် သဲကျင်းထဲမှာပင် ရှိနေပါသည်။
အဲသည်မှာ ကျွန်တော် သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။
ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။
မတရားမလုပ်ရ။
သူတစ်ပါးကို မရိုက်ရ။
ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှာ ပြန်ထားရမည်။
ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။
ကိုယ့်ဥစ္စာမဟုတ်ဘဲ မယူရ။
ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။
အစာမစားမီ လက်ဆေးရမည်။
အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။
ကွတ်ကီ(ဘီစကစ်)နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှ ကောင်းသည်။
ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။
စာနည်းနည်းဖတ်ရမည်။
ဦးနှောက်က နည်းနည်း စဉ်းစားရမည်။
ပုံဆွဲရမည်၊ ဆေးခြယ်ရမည်၊ သီချင်းဆိုရမည်၊ ကရမည်၊ ကစားရမည်၊ အလုပ်လုပ်ရမည်၊အားလုံး နည်းနည်းဆီ နေ့စဉ်လုပ်ရမည်။
ပြီးတော့ …
နေ့လယ်ခင်းမှာ တစ်ရေးအိပ်ရမည်။
အပြင်ထွက်လျှင် ယာဉ်အသွားအလာကိုကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။
လောကကြီးထဲက အံ့သြစရာတွေကို ကြည့်တတ် မြင်တတ်ရမည်။ ပလက်စတစ်ခွက်ထဲက သစ်စေ့လေးကို သတိရ၊ အမြစ်က အောက်ဘာက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက် လာခြင်းသည် ဘာကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။
ပြီး ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့် ပလက်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း။
အဲသည်နောက် ဒစ်(ခ) (ကောင်လေး) နှင့် ဂျိန်း (ကောင်မလေး) ပါသည့် စာအုပ်အကြောင်း ပြန်ပြောင်းတွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။
Look ကြည့်ပါ တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။
သင်သိချင်သည့်အရာမှန်သမျှ အဲသည်စာအုပ်ထဲ တစ်နေရာရာမှာ ပါသည်။ ကိုယ်ချင်းစာတရား ပါသည်။ ချစ်ခြင်းမေတ္တာ ပါသည်။ သန့်ရှင်းစင်ကြယ်မှု ပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ်ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိသည်။ အသိဉာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။
စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ်ရှိ ကျွန်တော်တို့ လူသားတွေ အားလုံးသား နေ့လယ် ၃ နာရိမှာ ကွတ်ကီ ပူပူစား၊ နွားနို့ပူပူလေးသောက်ကာ စောင်လေးကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး ယခုထက် မည်မျှပို၍ အေးချမ်းသွားပါမည်နည်း။
သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ “ကိုယ် ကိုင်မိသည့်ပစ္စည်းကို မူလတွေ့ခဲ့သည့်နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့်အမှိုက်ကို ကိုယ်ပြန်ရှင်းမည်” ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားမည်ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက် သာယာလှပ သွားပါမည်နည်း။
ပြီး…စဉ်းစားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှရှိသည်ဖြစ်စေ အပြင်လောက ကမ္ဘာထဲထွက်သည့်အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြမည်ဆိုလျှင် အားလုံးအတွက် မည်မျှ ပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါမည်နည်း။

[မူရင်း။ ။ Robert Fulghum ၏ All I Really Needed To Know I Learned In Kingdergarten] (ဖေမြင့် ဘာသာပြန်သည်။)

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...