https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 12, 2012

မိန်းကလေးတွေလှကြစမ်းပါ

မိန်းကလေးတွေ အလှအပကြိုက်ကြတယ်။ ပျင်းတဲ့ မိန်းကလေးပဲရှိမယ် ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိဘူးတဲ့။ အသက် (၃ဝ) မတိုင်ခင် ကိုယ့်ရုပ်ရည်ကို မိဘတွေက တာဝန်ယူတယ်၊ အသက်(၃ဝ)ကျော်ပြီးနောက် ကိုယ့်ရုပ်ရည်ကို ကိုယ့်ဘာသာ တာဝန်ယူပါတဲ့။ ဒီလို စကားမျိုးရှိတွေပေမယ့် တစ်ချို့မိန်းကလေးတွေက အိမ်ထောင်ဖက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြင်ရသူကို ခေါင်းခါချင်လောက်အောင် ပိုသီပတ်သီနိုင်လွန်းခဲ့ပါတယ်။

ချစ်သူရှိစမှာ မိန်းကလေးတွေက အလှအပကို အလေးထားတတ်ကြတယ်။

ဒီလိုမျိုးမိန်းကလေးမျိုးကို ကိုယ့်ပတ်ဝန်းကျင်မှာ အများအပြား တွေ့ရတတ်တယ်။ အခုဒီပို့စ်ကို ဖတ်နေတဲ့ မိန်းကလေးတွေလည်း အပါအဝင်ပါပဲ။ ချစ်သူဖြစ်စနဲ့ ဖြစ်ပြီးနောက်ရဲ့ အပြောင်းအလဲက သိသာလွန်းလှတယ်။ ချစ်သူရှိစမှာ မိန်းကလေးတွေရဲ့ မျက်နှာအရောင်လေးက ဝင်းလက်လို့နေတယ်။ အိမ်ကမထွက်ခင် လှလှပပဖြစ်အောင် စိတ်ရှည်လက်ရှည် ပြင်တတ်ကြတယ်။ ဆံပင်ပုံ၊ အဝတ်အစား စတာတွေ လိုက်ဖက်အောင် ဝတ်ဆင်ကြတယ်။ လက်ကောက်၊ လက်သည်းနီပါမကျန် လက်ကိုင်အိတ်ကိုတောင် ကိုယ်ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်မလိုက် အသေးစိတ် ရွေးခြယ်တတ်ကြတယ်။

ခါတိုင်း ဘောင်းဘီပဲဝတ်တတ်တဲ့ မိန်းကလေးက ရုတ်တရက် စကပ်နဲ့မိတ်ကပ်တွေ ပြင်လာပြီဆိုရင် ချစ်သူ သို့မဟုတ် ကိုယ်ကြိုက်တဲ့လူ ရှိလာလို့ဖြစ်တယ်။ အထူးသဖြင့် ကိုယ်အလေးချိန် သိသိသာသာ ကျလာတယ်။ ဝိတ်လျှော့ဖို့ ကြိုးစားလာကြတယ်ဆိုရင် ချစ်သူရှိလာလို့ပါပဲ။ ချစ်သူရှိတဲ့ မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ကိုယ်အလေးချိန်ကို ဂရုစိုက်လာတတ်တယ်။ ဝိတ်ခိုးလျှော့လာတတ်တယ်။ ချစ်သူပွေ့ဖက်တာကို ခံရချိန် ခါးနားက အဆီတုံးကြီးကို မကိုင်မိဖို့ စိုးရိမ်လာတတ်ကြတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း လုပ်လာကြတယ်။ အိပ်ယာထတာနဲ့ ပေါင်ချိန်ကြည့်တတ်တယ်။ ဝိတ်ကျဆေးတွေ လိမ်းတယ်၊ သောက်တယ်၊ တီဗွီကလာတဲ့ အမျိုးသမီး အစီအစဉ်ကို မလွတ်တတ် ကြည့်တတ်လာကြတယ်။ ဒီအချိန်မှာ ဒီလို မိန်းကလေးတွေက အလှဆုံးဖြစ်တယ်။ သူတို့ရဲ့ မျက်နှာလေးတွေက ကန်ရေပြင်လို ကြည်လင် လှပနေတတ်တယ်။

အချစ် တည်ငြိမ်လာချိန်မှာ ပြင်ဆင်မှုတွေ လျော့ပါး၊ ပုံပျက်လာတတ်တယ်။

တည်ငြိမ်တဲ့အချစ်တစ်ခု ရပြီဆိုတာနဲ့ မိန်းကလေးတွေက အလှအပ၊ အပြင်အဆင်ကို လျော့လာကြတယ်။ အမြဲတမ်း အသင့်အနေအထားမျိုး ပြင်ဆင်ထားရမယ်လို့ မဆိုလိုပါဘူး။ လေ့ကျင့်မှုတော့ လိုပါလိမ့်မယ်။ တစ်ချို့ မိန်းကလေးရဲ့ အပြောင်းအလဲက လန့်စရာကောင်းလောက်အောင် ပိုသိသာမြန်ဆန်ပါတယ်။ ကိုယ်အလေးချိန် တိုးလာရုံတင်မက အပြင်အဆင်ကိုလည်း ဖြစ်သလို ပြင်ဆင်လာခဲ့တယ်။ အချစ်တွေ တည်ငြိမ်လာတော့ သူငါ့ကို လွယ်လွယ်နဲ့ ထားသွားမှာ မဟုတ်ဘူးဆိုပြီး အလှအပ ပြင်ဆင်မှုတွေ လျော့လာခဲ့တယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးတဲ့ မိန်းကလေးတွေက ပိုသိသာပါတယ်။
တစ်ချို့မိန်းကလေးတွေက အိမ်ထဲအိမ်ပြင် မခွဲခြားဘဲ အိမ်နေအင်္ကျီကို အလုပ်ဝတ်သွားတတ်တယ်။ ဒါမှမဟုတ် ညအိမ်ပြန်ရောက်ချိန်မှာ လိမ်းထားတဲ့ မိတ်ကပ်ကို မဖျက်ဘဲ သွားမတိုက်၊ မျက်နှာမသစ်ဘဲ အိပ်ယာဝင်တယ်ဆိုတာကို ယောကျာ်းတွေက တစ်ဖြေးဖြေး သတိထားလာမိတတ်ကြတယ်။ ချစ်စ၊ ကြင်စ၊ အိမ်ထောင်ကျစမှာ ဝတ်တတ်တဲ့ (sexy) ညဝတ်အင်္ကျီတွေက အခုတော့ တစ်ခြားအဝတ်အစား ဖားဖားကြီးတွေ ဖြစ်လို့နေတယ်။ ခေါင်းအုံးဘေးမှာ အိပ်နေသူကို အိပ်ရင်းအိပ်ရင်း ဘယ်က အဘွားကြီးလဲလို့ ထင်ရလောက်အောင် ပြောင်းလဲတတ်ကြခဲ့ပါတယ်။

အပြင်ပန်း အပြင်အဆင် ပေါ့လျော့တဲ့အပြင် တစ်ချို့မိန်းကလေးတွေက တိုးတက်လိုစိတ် မရှိတတ်ကြဘူး။ အပေါင်းအသင်းတွေ စုမိရင် ဟိုအတင်း၊ ဒီအတင်းလေး ပြောမယ်။ အလုပ်ချိန်မှာ msn နဲ့ အချိန်ဖြုန်းမယ်။ ရသစာလေး ဖတ်ရရင် အချိန်ကုန် အားစိုက်ရတယ်ဆိုပြီး အာဟာရမရှိတဲ့ တီဗွီအစီအစဉ်တွေကို ပိုနှစ်သက်တတ်တယ်။ စာအုပ်အရောင်းဆိုင်နဲ့ ရုပ်ရှင်ရုံဆိုရင် ခြေဦးတောင် မလှည့်မိတတ်ကြတော့ပါဘူး။ ထမင်းကောင်း၊ ဟင်းကောင်းလေး တစ်ဝိုင်းစားဖို့ ဆိုတာလည်း မရှိတော့ပါဘူး။ ဒီလိုမိန်းကလေးမျိုးအတွက် ပြောစရာစကား ဘာများရှိပါသေးသလဲ?

တစ်ချို့ယောက်ျားတွေက ရုပ်ရည်မကြည့်ပါဘူး၊ အတွင်းစိတ်ဖြူစင်ရင် ရပါပြီလို့ ပြောတတ်ကြပေမယ့် သူတို့စိတ်ထဲမှာတော့ "လူကြားထဲ တွဲခေါ်သွားနိုင်တဲ့၊ မီးဖိုချောင် နိုင်နင်းတဲ့၊ အိမ်ခန်း တာဝန်ကျေတဲ့" မိန်းမမျိုးကို လိုချင်ကြတာချည်းပါပဲ။ ယောက်ျားတွေရဲ့ မျှော်လင့်ချက်အောက်မှာ မိန်းမတွေ ရှင်သန်စရာ မလိုဘူးဆိုပေမယ့် ကိုယ့်သတ်မှတ်ချက် အထက်မှာတော့ ကိုယ်ရှိသင့်တယ်လို့ ထင်ပါတယ်။ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်မဲ့အစား ဘာဖြစ်လို့ ကိုယ့်ကို အချိန်ပိုပေးပြီး လှပဖို့ အခွင့်အရေး မယူချင်ကြတာလဲ မိန်းကလေးတို့ရယ်...!

မိန်းကလေးတို့ရေ.. ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်လေ နည်းနည်းထားပါ။ ကိုယ့်ကိုယ် နည်းနည်းပိုချစ်ပါ။ တစ်ခါတလေ ကောင်မငယ်လေးတွေလို နေထိုင်ပါ။ အလုပ်ဆင်းတာနဲ့ အိမ်တန်းပြန်ဖို့ပဲ မလောပါနဲ့။ ရှော့ပင်းလေးသွားပါ၊ ဆံပင်ပုံစံ ပြောင်းကြည့်ပါ၊ ရှုပ်ထွေးနေတဲ့ စိတ်ကို ပြောင်းလဲကြည့်ပါ။ စာအုပ်ဆိုင်တွေ လည်ပတ်ပါ၊ ရုပ်ရှင်ကြည့်ပါ၊ အော်ဂင်းနစ်အစာတွေ စားသုံးပါ။ တရားထိုင်ကြည့်ပါ။ ဒါမှမဟုတ် ကိုယ့်ကို ကော်ဖီတစ်ဖျော်စာ အချိန်လေးပေးပြီး ရှုပ်ထွေးတဲ့ အလုပ်ကနေ တခဏလောက် ခွါကြည့်ပါ။ စိတ်ကို ကြည်ကြည်လင်လင် ထားကြည့်ပါ။

မိန်းကလေးတိုင်း အသက်အရွယ် အကန့်အကတ်မရှိဘဲ လှပနိုင်ကြပါတယ်။ အပြင်ပန်းနဲ့ အတွင်းစိတ်ကို ပြောင်းလဲချင်တယ်၊ အထက်ကို မနားတမ်း တက်ချင်တဲ့ စိတ်ရှိရင် ဖြစ်ကိုဖြစ်နိုင်ပါတယ်။

ကျွန်မကိုများ စောင်းရေးထားသလား ထင်ရလို့ ဘာသာပြန် မျှဝေလိုက်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ အလွန်အကျွံ အပြင်အဆင်တွေနဲ့ အလှအပအတွက် ပိုမသုံးဖြုန်းမိဖို့တော့ ဆင်ခြင်သင့်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အချစ်ရဲ့လှေကားထစ်များ

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်လောက်က အသက်၁၉နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ကို မေတ္တာသက်ဝင် ချစ်ခင်မိပါတယ်..  သူချစ်မိတဲ့ မိန်းခလေးဟာ ကောင်လေးထက် အသက်၁၀နှစ် ကြီးတဲ့အပြင် ကလေးရှိတဲ့ မုဆိုးမလေး တစ်ယောက် ဖြစ်ပါတယ်.. ဒီတော့ အချစ်ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းတွေ၊ မိဘ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေက ကလေးအမေ မုဆိုးမလဲဖြစ်၊ ကောင်လေးထက်လဲ အသက်ကြီးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သဘောမတူ ကန့်ကွက်ကြတယ်ပေါ့နော်။   အဲဒီခေတ်ကာလတုန်းက  အသက်အများကြီး ကြီးတဲ့ မုဆိုးမတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့ဆိုတာ သူတို့ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဖြစ်ရပ်တစ်ခုလို့ လက်ကိုင်ထားကြတဲ့ အချိန်လဲ ဖြစ်ပါတယ်။ ဒီတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့အတင်းစကားဆိုမှုတွေ၊ မိဘဆွေမျိုးတွေရဲ့ မကြည်ဖြူမှုတွေကို ရှောင်လွဲနိုင်ဖို့အတွက် ချစ်သူနှစ်ဦးဟာ လူတွေနဲ့ ဝေးတဲ့တစ်နေရာကို ထွက်ပြေးကြပြီး ဘ၀သစ်ကို စကြဖို့ ဆုံးဖြတ်လိုက်ကြကာ သူတို့နေထိုင်တဲ့ မြို့ငယ်ကလေးနဲ့ဝေးရာ တောင်တန်းတစ်နေရာကို ထွက်ပြေးကြပါတော့တယ်။




လူနေမှုအသိုင်းအ၀ိုင်းကနေ ထွက်ပြေးသွားခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ တောင်ပေါ်တစ်ခုက ကျောက်ဂူတစ်ခုထဲမှာ သူတို့ရဲ့ ဘ၀ကို စတင်ခဲ့ကြရတယ်.. အဲဒီမှာဘဲ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အခြေအနေကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်.. သူတို့နေတဲ့ တောင်ထိပ်ရောက်အောင် တက်ဖို့ဆိုတာ လမ်းရယ်လို့လဲ မရှိဘဲ ခက်ခက်ခဲခဲ ကုတ်ကပ် တွယ်တက်မှသာ ရောက်နိုင်ပါတယ်..  လက်ဗလာနဲ့ စတင်ကြတဲ့ သူတို့ဘ၀ဆီမှာ ဘာဆိုဘာမှ မရှိ၊ လျှပ်စစ်မီးမပြောနဲ့ စားစရာတောင် မရှိတဲ့ နေ့ရက်တွေကို တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ရင်း ခက်ခဲစွာ ကျော်ဖြတ်ကြရပါတယ်.. တောင်ပေါ်မှာတွေ့တဲ့ မြက်နုကလေးတွေ၊ စားကောင်းမယ် ထင်ရတဲ့ အရွက်တစ်ချို့နဲ့ သစ်ဥ၊ သစ်မြစ်ကလေးတွေကို စားပြီး အသက်ဆက်ခဲ့ရပါတယ်..  ကောင်လေးဟာ မိန်းခလေးကို အစစအရာရာ ညှာတာပြီး တောတောင်ထဲမှာ ရနိုင်သမျှ အစားအသောက်လေးတွေကို ရှာဖွေလို့ ကျွေးမွေးပြုစုရှာပါတယ်.. အနီးနားဝန်းကျင်မှာ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေတွေကိုလဲ ခုတ်ထွင်ရှင်းလင်းပြီး အသီးအရွက်လေးတွေ ရှာဖွေစိုက်ပျိုးပါတယ်။ ဘ၀က ခက်ခဲပင်ပန်းလွန်းပါတယ်.. ဒါပေမဲ့ သူတို့ ၂ယောက်ဟာ စိတ်မပျက်ဘဲ တစ်ယောက်ကို တစ်ယောက်အားပေးရင်း နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ရတယ်။




ညအချိန်တွေမှာ ထွန်းညှိဖို့ မီးအိမ်လေးတစ်ခုကို ကောင်လေးက သူကိုယ်တိုင် ပြုလုပ်ပြီး သူတို့ဘ၀တစ်လျှောက်လုံး ဒီမီးအိမ်ကို အသုံးပြုခဲ့ကြပါတယ်.. မိန်းခလေးဟာ ကောင်လေးကို အမြဲမေးတတ်တဲ့ မေးခွန်းလေးတစ်ခုက “ မင်း ငါနဲ့အတူတူ ခုလို ဘ၀မျိုးနဲ့ ပင်ပင်ပန်းပန်း နေရတာ နောင်တမရဘူးလားဟင်” ဆိုတဲ့ မေးခွန်းလေးပါ။ ကောင်လေးက “ အချစ်ရယ်.. ငါတို့တွေ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား လုပ်နေကြသားဘဲ။ ငါတို့ဘ၀ အခြေအနေတွေဟာလည်း ခုထက်ပိုပြီး ကောင်းမွန်လာမှာပေါ့။ ခုလဲ မင်းနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေနေရသားဘဲ..  ဘာများ နောင်တရစရာ ရှိသလဲ”  လို့ အမြဲတမ်း ပြန်ဖြေတတ်ပါတယ်။ ဟုတ်သားဘဲနော် ချစ်သူနဲ့ ၂ယောက်အတူတူ နေရရင် ခက်ခဲဆင်းရဲပင်ပန်းပေမဲ့ ချစ်သူမျက်နှာ၊ ချစ်သူအပြုံးကိုကြည့်လို့ အမောဖြေနိုင်သားဘဲလေ။ ဘေးနားမှာ နားလည်ပေးနိုင်စွမ်းရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ ချစ်သူဟာ ကောင်လေးအတွက်တော့ ခွန်အားတစ်ခုဘဲမဟုတ်လား။




အဲဒီတောင်တန်းပေါ်က ဂူလေးတစ်ခုထဲမှာ အတူတူနေထိုင်ကြတာ ၂နှစ်မြောက်တဲ့ အခါမှာတော့ ကောင်လေးဟာ သူချစ်တဲ့ မိန်းခလေးအတွက် တောင်အောက်ကို အလွယ်တကူ တက်ဆင်းပြုနိုင်ဖို့ မာကြောတဲ့မြေသားတွေကို ထွင်းထုပြီး လှေခါးထစ်တွေကို စတင်ပြုလုပ်ပါတော့တယ်… ကောင်လေးဟာ အနှစ် ၅၀ လုံးလုံး တောင်နံရံတွေကို သူကိုယ်တိုင် ထွင်းထုပြီး လှေခါးထစ်တွေ လုပ်လာခဲ့တာ စုစုပေါင်း လှေခါးထစ်လေးတွေ ၆၀၀၀ ကျော်ပါတယ်..  သူဖောက်လုပ်ခဲ့တဲ့ လှေကားထစ်တွေဟာ ချစ်သူအတွက် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ဖောက်လုပ်ခဲ့တာမို့ နှစ်တွေဘယ်လောက်ကြာကြာ ခိုင်ခံ့စွာ တည်ရှိနေမယ်လို့ သူယုံကြည်တယ်လေ။ ဒီလိုနဲ့ သူတို့ ချစ်သူနှစ်ဦးဟာ လူသူမနီး တောင်တန်းကြီးပေါ်က ဂူလေးထဲမှာ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်စွာနဲ့ နှစ်ပေါင်း ၅၀ကျော်တဲ့ အထိအောင် သားတွေ သမီးတွေနဲ့ နေထိုင်ခဲ့ကြပါတယ်။





ဟိုတုန်းက အသက် ၁၉နှစ်အရွယ် ကောင်လေးဟာ အသက်အရွယ်ရလာလို့ အဖိုးအရွယ်ဖြစ်လာတဲ့ အသက်၇၂နှစ်မှာ သူနေ့စဉ် အလုပ်လုပ်နေကျ ယာခင်းလေးဆီကနေ အပြန် အိမ်အရောက်မှာ ရုတ်တရက် လဲပြိုကျသွားပြီး သူချစ်တဲ့ အမျိုးသမီးရဲ့လက်ထဲမှာဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်.. အဖိုးအိုဟာ အသက် သေဆုံးသွားတာတောင် သူ့ချစ်သူရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးမှ အသက် ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အမျိုးသမီးက အသက်၈၂အရွယ် ရှိနေပါပြီ။ အဖွားအိုဟာ နေ့စဉ်နေ့တိုင်းဘဲ သူ့ယောက်ျားရဲ့ အလောင်းထည့်ထားတဲ့ အနက်ရောင်ခေါင်းတလား အစွန်းလေးကို ဆုပ်ကိုင်ပြီး “မင်း ငါ့ကို ကတိပေးခဲ့တယ်လေ. ငါသေတဲ့နေ့အထိ မင်းဟာ ငါ့ရဲ့ အနားကနေ တစ်ဖ၀ါးမှမခွာ ရှိနေပြီး ငါ့ကို စောင့်ရှောက်ပါ့မယ်ဆို။ ငါနဲ့အတူ ရှိနေပါ့မယ်ဆို။ ခုတော့ မင်းက ငါ့ကို အရင်ခွဲသွားခဲ့ပြီနော်။ မင်းမရှိဘဲနဲ့ ငါဘယ်လိုများ ဆက်ပြီး အသက်ရှင်နေထိုင်ရပါ့မလဲ” လို့ တတွတ်တွတ်နဲ့ ပြောဆိုရင်း ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက တစ်လိမ့်လိမ့် စီးကျနေခဲ့ပါတယ်။ အဖွားအိုစိတ်ထဲမှာ သေချာပေါက် တွေးနေပါလိမ့်မယ်.. “ဘာလို့များ သူ့ကိုပါ တစ်ပါတည်း ခေါ်မသွားဘဲ တစ်ယောက်တည်း ချန်ခဲ့ရတာလဲ” လို့။





အသက် ၇၂နှစ်အရွယ် အဖိုးအိုနဲ့ အသက်၈၂နှစ်အရွယ် အဖွားအို





အဖိုးအို  Liu





နှစ်ယောက်အတူ ရှိစဉ်က အဖွားအို Xu ရဲ့ ကြည်ကြည်နူးနူး အပြုံး



ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ တစ်ခုသော ပြည်နယ်မှာ တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ချစ်သူနှစ်ဦး ထွက်ပြေးသွားကြပြီး ရာစုနှစ် တစ်ဝက်လောက်ကြာပြီးတဲ့ နောက် ၂၀၀၁ခုနှစ်မှာမှ  တောတောင်ထဲကို စွန့်စွန့်စားစား ခရီးသွားကြတဲ့ အဖွဲ့တစ်ဖွဲ့ဟာ လူသူမနီးတဲ့ တောကြီးထဲက အဖိုးအိုအဖွားအို စုံတွဲနဲ့အတူ အံ့သြဖွယ် လှေကားထစ်ကလေးတွေကို တွေ့ရှိရာကစလို့ သူတို့၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို လူတွေ သိခွင့်ရသွားကြတာ ဖြစ်ပါတယ်။ အဖိုးအို အဖွားအိုတို့ရဲ့ ၇ယောက်မြောက် သားက “ကျွန်တော့်အဖေနဲ့ အမေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုချစ်ကြပါတယ်.. သူတို့၂ယောက်ဟာ အတူတူနေခဲ့ကြတဲ့ အနှစ်၅၀လုံးလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ရက်ကလေးတောင် ခွဲပြီး မနေခဲ့ကြဖူးပါဘူး.. ကျွန်တော့်အမေဟာ တောင်အောက်ကို အတက်အဆင်း ပြုလုပ်ခဲပေမဲ့ အမေ သက်တောင့်သက်သာနဲ့ အတက်အဆင်းပြုလုပ်နိုင်ဖို့ အဖေဟာ သူကိုယ်တိုင် သူ့လက်နဲ့ တောင်နံရံတွေကို ထွင်းပြီး လှေကားထစ်လေးတွေ စုစုပေါင်း ၆၀၀၀ကျော်ကို နှစ်ပေါင်းများစွာ ဖောက်လုပ်ခဲ့တာပါ။ ” လို့  ပြန်ပြောပြပါတယ်။





ချစ်သူအတွက် ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်များပေါ်မှာ တွဲလက်ခိုင်ခိုင်





နေအိမ်ကလေးရဲ့ အတွင်းမှာ




အချစ်ကြီးကြသူ သူတို့၂ဦးရဲ့ အမှတ်ရစရာ ပုံရိပ်များ



တရုတ်ပြည်မှာတော့ ဒီဇာတ်လမ်းလေးဟာ နံမည်ကျော်ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းလေး တစ်ခုအဖြစ် ထင်ရှားကျော်ကြားလာပါတယ်။ အဲဒီ ဒေသက နယ်မြေ အုပ်ချုပ်သူတွေကလည်း ချစ်သူနှစ်ဦး အတူတူနေထိုင်ခဲ့ကြတဲ့ နေရာလေးနဲ့ အဖိုးအို ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်လေးတွေကို ပြတိုက်လေးတစ်ခု အဖြစ် ထိမ်းသိမ်းစောင့်ရှောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်…. ဒီတော့ ချစ်သူနှစ်ဦးရဲ့ စံပြ အချစ်ဇာတ်လမ်းလေးနဲ့ အမှတ်တရတွေဟာ နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ဖို့ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့နေပေလိမ့်ဦးမယ် မဟုတ်ပါလားနော်။ အချစ်စစ်အချစ်မှန်ရင် အဆင့်အတန်း၊ အသက်အရွယ်၊ အခက်အခဲ အတားအဆီးတွေကို ကျော်လွှားပြီး ဘယ်လောက်တောင် ခက်ခဲပင်ပန်းတဲ့ ဘ၀ကို ရင်ဆိုင်ရသည်ဘဲဖြစ်စေ သက်ထက်ဆုံးတိုင် အတူတကွ ချစ်ခင်မြတ်နိုးစွာ နေနိုင်ကြတယ်ဆိုတာ ဒီဇာတ်လမ်းလေးက အကောင်းဆုံး သက်သေဘဲ မဟုတ်ပါလား။ သို့သော်လည်း နှစ်ဦးစလုံးရဲ့ ရင်ထဲမှာတော့ ခိုင်မာစွဲမြဲတဲ့ ချစ်ခြင်းမေတ္တာတရားက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေဖို့တော့ လိုအပ်ပါတယ်နော်။ မဟုတ်ရင်တော့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ရင်ဆိုင်ရတဲ့အခါမှာ စိတ်တူကိုယ်တူ အပင်ပန်းခံ ကျော်ဖြတ်နိုင်ကြလိမ့်မယ် မထင်ပါဘူး။ ချစ်ခြင်းမေတ္တာကို အလေးအနက် တန်ဖိုးထားကြသူများအတွက် “အချစ်ရဲ့လှေကားထစ်လေးများ” က အင်အားတစ်ခု ဖြစ်နိုင်ကြပါစေရှင်။

ဘ၀စိတ်ပျက်ကြေကွဲချိန်မှာလဲ ပြုံးထားပါ

လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။
အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်းပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေ
သလို စိတ်မချမ်းမြေ့မှုတွေကိုလည်းပေးတယ်။ အောင်မြင်ခြင်းကလူကို ဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကို
ဝမ်းနည်းစေတယ်။ မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံး
သွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။




ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့ အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။
နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု
သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊အောင်မြင်ရေးမှာ ၃မှတ် လျော့ခဲ့ပေမယ့် လူမှုရေး၊
ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ် တိုးလာခဲ့တယ်။




တချို့အရာတွေက မတရားဘူးလို့ ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။
တချို့က ငွေရှိရင်ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။ ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။
အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းများစွာသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံး
မှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေ
လေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့အရသာက အရမ်းချိုမြိန်
ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့ အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။




ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာ
ကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာ ကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီ အစားအစာတွေ
အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?




အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့
ဆွဲဆောင်မှုကြောင့် မြေခွေးဟာခြံထဲဝင်ဖို့ ဝင်ပေါက်ကို လိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခု ကို
သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့
သူ့ခန္ဓာကိုယ် သေးငယ်သွားအောင်စည်းရိုးအပြင်မှာ (၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်
နိုင်ခဲ့ပြီးစပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။




စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်း သိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။
ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ပြောရခြင်းဖြစ်တယ်။ ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့
ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်ကဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာ
ကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက် တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?




လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင်
ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင်ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်
အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင်တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာ
နိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံးအစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?




လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစား ကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊
ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့် အမြင့်ခွဲခြား
လို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ပျော်ရွှင် ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။
ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျားဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက
တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။




သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ
ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေ
တယ် ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊
တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။




တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့က နောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်
လွှတ် ဆုံးရှုံးရတယ်။ တချို့ကနောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူ ပိုင်
ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊
အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ
ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာ တဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာ
မဟုတ်ပါဘူး။ လူတချို့က (၁ဝ)မှတ် အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။
ဒါဟာ လုံးဝတရားပါတယ်။




လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။ (၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သော ကျန်းမာ
ပျော်ရွှင်မှုကိုရမယ်။ (၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သော ကျန်းမာပျော်ရွှင်မှုကိုရမယ်။ တချို့က
အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။ အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက
နောက်မှ ဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။




ဒါကြောင့် လူရယ်လို့ဖြစ်လာရင်ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်
ကပ် တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။





မူရင်းရေးသားသူ -- He Quan- Feng (何何何) (စိတ်ပညာ)

ပိုက်ဆံအိတ်ထဲက စာအိတ်

ခိုက်ခိုက်တုန်အောင် အေးခဲလှတဲ့ မနက်ခင်းတစ်ခု...

ကျွန်တော်ဟာ လမ်းလျှောက်ရာကနေ အိမ်ကိုပြန်လာတဲ့လမ်းမှာ ပိုက်ဆံအိတ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ လမ်းဘေးနားက မြက်ပင်တွေကြား ကျနေတဲ့ ပိုက်ဆံအိတ်ဟာ ကျွန်တော့်လိုဘဲ လမ်းလျှောက်တဲ့ သူတစ်ဦးဦးက ပြုတ်ကျခဲ့ဟန် တူပါတယ်။ ပိုက်ဆံအိတ်လေးကို ပိုင်ရှင်ထံ ပြန်ပေးလိုတဲ့အတွက် အိတ်ပိုင်ရှင်ရဲ့ အချက်အလက် တစ်ခုတစ်လေ ရလိုရငြား အိတ်ကို ဖွင့်ကြည့်ချိန်မှာတော့ အိတ်ထဲမှာ ၃ဒေါ်လာမျှသာ ရှိတဲ့ ငွေစအနည်းငယ်နဲ့အတူ  တွန့်ကြေဟောင်းနွမ်းနေတဲ့ စာအိတ်လေးတစ်လုံးကို တွေ့လိုက်ရပါတယ်။ စာအိတ် ဝါကျင့်ကျင့်အရောင်ကို ကြည့်ချင်းအားဖြင့် ဒီစာဟာ သက္ကရာဇ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဟန် တူပါတယ်။


Image Hosted by PicturePush - Photo Sharing 
စာအိတ်ပေါ်မှာတော့ ဒီစာကို လက်ခံသူရဲ့ လိပ်စာကို မတွေ့ရဘဲ စာရေးလိုက်သူရဲ့ လိပ်စာကိုသာ မြင်တွေ့ရပါတယ်။ ကျွန်တော်ဟာ စာထဲမှာ ပိုက်ဆံအိတ်ပိုင်ရှင်ရဲ့ လိပ်စာ သို့မဟုတ် သဲလွန်စ တစ်ခုခုတွေ့ရမလားဆိုပြီး စာအိတ်ကိုဖွင့်ကာ ဟောင်းနွမ်းနေတဲ့ စာရွက်ကို ထုတ်ယူပြီး ဖြန့်ဖတ်မိပါတော့တယ်။ စာရွက်ထိပ်စီး နေ့စွဲနေရာမှာ တွေ့လိုက်တဲ့ ရက်စွဲတစ်ခုက ကျွန်တော့်ကို အလွန်အမင်း အံ့အားသင့်စေခဲ့တယ်.။

ဘုရားရေ..  ဒီစာဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က ရေးခဲ့တဲ့ စာပါလား ” အပြာရောင်နုနု စာရွက်ကလေးပေါ်မှာ အင်မတန်မှ သပ်ရပ်လှပတဲ့ လက်ရေးလေးတွေ ရှိပြီး စာရွက်ထောင့် ဘယ်ဘက်မှာတော့ ပန်းပွင့်ကလေးတွေကို တွေ့ရတာကြောင့် စာမဖတ်ခင်မှာ ဒီစာဟာ မိန်းခလေး တစ်ဦးဦးက ရေးတဲ့စာလို့ ကျွန်တော် ခန့်မှန်းလိုက်မိပါတယ်။

စာကိုဖတ်ကြည့်တော့ စာရေးသူမိန်းခလေးက သူမချစ်သူ မိုက်ကယ်ထံ ရေးတဲ့စာ ဖြစ်တာကို သိရပါတယ်။  မိန်းခလေးက သူမရဲ့ အမေကြောင့် မိုက်ကယ်နဲ့ ထပ်မံဆုံတွေ့ဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ ဘယ်လိုပင်ဖြစ်စေ သူမကတော့ မိုက်ကယ်ကို အမြဲတမ်း ချစ်နေမှာဖြစ်ကြောင်း ရေးထားတဲ့ စာဖြစ်ပါတယ်.။ စာရဲ့ အောက်ဆုံးမှာတော့ စာရေးသူအမည် ဟန်နာလို့ လက်မှတ်ရေးထိုးထားပါတယ်.။ ကျွန်တော်ထင်ခဲ့သလို မိန်းခလေးတစ်ဦးက ရေးတဲ့စာ ဖြစ်ကြောင်း ထင်ရှားနေပြီးတော့ လက်ခံသူ မိုက်ကယ်ဆိုသူရဲ့ လိပ်စာ မပါတာကြောင့် လူကြုံနဲ့ပါးတဲ့စာ ဖြစ်ပါလိမ့်မယ်။

ဒါနဲ့ ကျွန်တော်ဟာ စာအိပ်ပေါ်မှာပါတဲ့ ဟန်နာဆိုသူ မိန်းခလေးရဲ့ လိပ်စာကို ဆက်သွယ်နိုင်ဖို့ အတွက် တယ်လီဖုန်းရုံးကို ဖုန်းဆက်ပြီး အော်ပရေတာထံကို တောင်းဆိုမှုတစ်ခု လုပ်ပါတယ်။

“ကျွန်တော်ကို တစ်ခုလောက် ကူညီပါလားခင်ဗျာ။ ကျွန်တော်ဟာ ဒီမနက်က ပိုက်ဆံအိတ်တစ်လုံးကို ကောက်ရထားပါတယ်။ အဲဒီအိတ်ကို ပိုင်ရှင်ဆီ ပြန်ပေးချင်တဲ့အတွက် ပိုက်ဆံအိတ်ထဲမှာတွေ့ရတဲ့ စာအိပ်ပေါ်က လိပ်စာရှင်ကို စုံစမ်းနေတာပါ။ လိပ်စာထဲက အိမ်ရှင်နဲ့ စကားပြောချင်ပါတယ်။ တယ်လီဖုန်းနံပါတ်ကို ကျေးဇူးပြု၍ ပြောပြပါလားခင်ဗျာ”

တယ်လီဖုန်း အော်ပရေတာက သူတို့ဌာနရဲ့ ကြီးကြပ်ရေးမှူးနဲ့ စကားပြောကြည့်ဖို့ ကျွန်တော့်ကို အကြံပေးပြီး ဖုန်းကို  ကြီးကြပ်ရေးမှူးထံ လွှဲပြောင်းပေးပါတယ်။ ကြီးကြပ်ရေးမှူးဟာ ဖုန်းထဲကနေ ကျွန်တော်ပြောပြတဲ့ အကြောင်းအရာကို နားထောင်ပြီးနောက် ဘယ်လိပ်စာဆိုတာကို မေးပါတယ်။ ကျွန်တော်လည်း စာအိတ်ပေါ်က လိပ်စာကို ပြောပြလိုက်တဲ့အခါ သူတို့က တယ်လီဖုန်းရှိတဲ့ လိပ်စာစာရင်းတွေထဲ လိုက်ရှာပြီးနောက်မှာ ကျွန်တော့်ကို အကြောင်းပြန်ပါတယ်။

“ရှင် ပြောတဲ့ လိပ်စာကို ကျွန်မတို့စာရင်းထဲမှာလိုက်ရှာတော့  တယ်လီဖုန်းရှိတာကို တွေ့ရပါတယ်။  ဒါပေမဲ့ အဲဒီဖုန်းနံပါတ်ကို ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မရဘဲ ရှင့်ကို ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ အဲ.. ကျွန်မတစ်ခု ကူညီနိုင်တာက အဲဒီဖုန်းနံပါတ်ကို ကျွန်မတို့ ဆက်သွယ်ပြီး ရှင်ပြောပြတဲ့ အကြောင်းတွေကို သူတို့ကို ပြောပြလိုက်လို့ သူတို့က ရှင်နဲ့ စကားပြောချင်တယ်ဆိုရင်တော့ အဲဒီဖုန်းနံပါတ်က အိမ်သားတွေနဲ့ ရှင့်ကို ဆက်သွယ်ပေးပါ့မယ်။” လို့ ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။

မိနစ်အနည်းငယ် အကြာမှာတော့ ကျွန်တော့ဆီ ဖုန်းပြန်ဝင်လာပြီး တစ်ဖက်က အိမ်ရှင်က ကျွန်တော်နဲ့စကားပြောဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောပြီးတဲ့နောက် အခြားသူတစ်ယောက်ရဲ့အသံ ပေါ်လာပါတယ်။ တစ်ဖက်က စကားပြောနေတဲ့အသံဟာ အသက် ၅၀ကျော်အရွယ် မိန်းမအသံ ဖြစ်ပါတယ်။  စာထဲက အောက်ဆုံးမှာ လက်မှတ်ထိုးထားတဲ့ ဟန်နာဆိုသူနဲ့ တွေ့လိုကြောင်း ကျွန်တော်က ပြောတဲ့အချိန်မှာ အတန်ကြာ စဉ်းစားနေပြီးနောက် ထိုမိန်းမထံမှ အသံထွက်လာပါတယ်။


“ အိုး..  အန်တီတို့က ဒီအိမ်ကို ဟန်နာတို့ဆီက ဝယ်လိုက်တာပါ။ ဒါပေမဲ့ ဒီအိမ်ကို ဝယ်လိုက်တာ နှစ်ပေါင်း ၃၀တောင် ရှိပါပြီကွယ်။”


“ဒါဆို သူတို့ မိသားစု အခုဘယ်မှာနေတယ်ဆိုတာ အန်တီသိပါသလားခင်ဗျာ” လို့ ကျွန်တော်မေးတော့ စဉ်းစားနေဟန်နဲ့ အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီး

“အဲ အန်တီတစ်ခု မှတ်မိပြီ။ ဟန်နာက လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူ့အမေကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ လာတွေ့တာ သိလိုက်ရတယ်။ အဲဒီလိပ်စာမှာ သွားစုံစမ်းရင်တော့ သူတို့သတင်းကို မင်းကြားရလိမ့်မယ်ထင်တယ်”  လို့ပြောလာပါတယ်။

ထိုအမျိုးသမီးက စောင့်ရှောက်ရေး ဂေဟာတစ်ခုရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ရယ်၊ ဟန်နာဆိုတဲ့ အမျိုးသမီးရဲ့ မိခင်နာမည်ရယ်ကို ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော်လဲ အဲဒီစောင့်ရှောက်ရေး ဂေဟာကို ဖုန်းဆက်ရပြန်ပါတယ်။ စောင့်ရှောက်ရေးဂေဟာနဲ့ ဖုန်းရတော့ ကျွန်တော်မေးတဲ့ အမျိုးသမီးဟာ ထိုဂေဟာမှာ ရှိခဲ့သော်လည်း လွန်ခဲ့တဲ့ နှစ်များစွာကဘဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်းပြောပြပါတယ်။ သို့ပေမဲ့ ဖုန်းနံပါတ်တစ်ခုတော့ ကျွန်တော့်ကိုပေးလာပြီး အဲဒီဖုန်းနံပါတ်မှာတော့ ထိုအမျိုးသမီးကြီးရဲ့ သမီး ရှိနေနိုင်သေးသည် ထင်ကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်စကားပြောပြီး ဖုန်းကိုချလိုက်ကာ သူတို့ပေးလိုက်တဲ့ ဖုန်းနံပါတ်ကို ထပ်ဆက်ပြန်ပါတယ်။ တစ်ဖက်က ဖုန်းကိုင်တဲ့ အမျိုးသမီးက ဟန်နာဆိုသော အဖွားမှာ ယခုအခါတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် နေထိုင် လျှက်ရှိကြောင်း ဖြေကြားပြန်ပါတယ်။ သူပေးတဲ့ လိပ်စာဟာ အစောက ကျွန်တော်ဖုန်းဆက်တဲ့ စောင့်ရှောက်ရေးဂေဟာ မဟုတ်ပါဘူး။ ဒီလိပ်စာက ကျွန်တော်တို့အိမ်နဲ့ သိပ်မဝေးတဲ့နေရာတစ်ခုက သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟောတစ်ခုရဲ့ လိပ်စာပါ။ 
  
ဖုန်းကို ချလိုက်ပြီးနောက် “ငါတော်တော်မိုက်တဲ့သူဘဲ ” လို့ မိမိကိုယ်ကို ပြောလိုက်မိပါတော့တယ်။ ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီး ပိုက်ဆံအိတ်ထဲက ၃ဒေါ်လာလေးနဲ့ နှစ်ပေါင်း ၆၀ကြာနေပြီဖြစ်တဲ့ စာလေးတစ်စောင်ကို ပြန်ပေးဖို့အတွက် ဒီလောက်တောင် အလုပ်ရှုပ်ခံပြီး ဖုန်းဆက်နေတဲ့ ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင် ဖြစ်ရပါတော့တယ်။ သို့သော်လည်း ကိစ္စတစ်ခုခုဆို ရေဆုံးရေဖျားလိုက်တတ်တဲ့ ကျွန်တော်ရဲ့ အကျင့်အတိုင်းဘဲ ထပ်ရလာတဲ့ စောင့်ရှောက်ရေးဂေဟာကို ဖုန်းဆက်ပြန်ပါတယ်။ ဖုန်းဖြေတဲ့သူ ထံကနေ “ဟုတ်ကဲ့ ဟန်နာဆိုတဲ့ အမျိုးသမီးဟာ ကျွန်တော်တို့ရဲ့ စောင့်ရှောက်ရေး ဂေဟာမှာ နေပါတယ်” ဆိုတဲ့ အဖြေကြားတော့မှ စိတ်သက်ကာရာရပြီး သက်ပြင်း ချလိုက်မိပါတော့တယ်။

ဒီသတင်းရချိန်ဟာ ည ၁၀နာရီ ရှိနေပါပြီ.. သို့ပေမဲ့ စိတ်အားထက်သန်လှတဲ့ ကျွန်တော်ရဲ့ တွေ့ချင်မှုကို ထိန်းချုပ်ဖို့ရာ မတတ်သာဘဲ “ကျွန်တော်သူ့ကို အခုလာတွေ့လို့ ရမလား မသိဘူး” လို့ တောင်းဆိုမိတော့ တစ်ဖက်က အဲ.. ဆိုပြီး အသံခေတ္တ တိတ်သွားပါတယ်. ထို့နောက်မှ “အင်း သူတကယ်လို့ မအိပ်သေးရင်တော့ ခင်ဗျား တွေ့ရမှာပါ။ အခု တွေ့ချင်တယ်ဆိုရင် သွားတွေ့ကြည့်လိုက်ပါ။ သူ မအိပ်သေးရင်တော့ ဧည့်ခန်းမှာ တီဗီကြည့်နေလောက်ပါတယ်။  အိပ်ပြီဆိုရင်တော့ ဒီနေ့ တွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး ”

တစ်ဖက်က ဖုန်းချသွားတာနဲ့ ကျွန်တော်က ကားသော့ကို ယူပြီး လိပ်စာပါ သက်ကြီးရွယ်အို ဂေဟာကို သွားပါတော့တယ်။

ဂေဟာကို ရောက်ချိန်မှာ အစောင့်နဲ့ ညဆိုင်းတာဝန်ကျ သူနာပြုတစ်ဦးတို့က ကျွန်တော့်ကို ကြိုဆိုနှုတ်ဆက်ပါတယ်။ ပြီးတော့ သူနာပြုက ဓာတ်လှေကားဆီ ဦးဆောင်ခေါ်သွားပြီး အဆောက်အဦးကြီးရဲ့ တတိယထပ်ကို တက်ခဲ့ကြပါတယ်။ တီဗီထားကြည့်ရာ ခန်းမကျယ်ကြီးမှာတော့ အဖွားအို တစ်ချို့ တီဗီကြည့်နေကြပါတယ်။ သူနာပြုဆရာမက အဖွားအိုများထဲက တစ်ဦးကို ညွှန်ပြကာ ထိုအဖွားရဲ့ အမည်မှာ ဟန်နာ ဖြစ်ကြောင်း မိတ်ဆက်ပေးပါတယ်။ အဖွားဟာ အင်မတန်မှ ချိုသာတဲ့ မျက်နှာထားရှိပြီးတော့ ငွေရောင်ဆံပင်များက တစ်ခေါင်းလုံးကို ဖုံးလွှမ်းနေခဲ့ပါတယ်။ မျက်ဝန်းတစ်ဝိုက်နဲ့ မျက်နှာပြင် တစ်ခုလုံးပေါ်မှာတော့ ဇရာရဲ့ အရေးအကြောင်းများစွာက ရှုပ်ရှက်ခတ်နေခဲ့သော်လည်း ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ပြုံးပြနေတဲ့ သူ့အပြုံးက ငယ်ရွယ်စဉ်တုန်းက အင်မတန်ချောမောလှပ ချစ်စရာကောင်းခဲ့တယ်ဆိုတာ သက်သေပြနေခဲ့ပါတယ်။

ကျွန်တော်က ပိုက်ဆံအိတ်တစ်လုံး ကောက်ရထားတာကြောင့် ပိုင်ရှင်ဖြစ်သူကို လိုက်ရှာနေကြောင်း ၊ အိတ်ထဲက စာလေးတစ်စောင်ကြောင့် ဒီနေရာကို အဆင့်ဆင့် စုံစမ်းပြီးမှ ရောက်လာရကြောင်းကို ပြောပြလိုက်ပြီး စာလေးကို အဖွားအိုရဲ့လက်ထဲ ထည့်ပေးလိုက်ပါတယ်။  စာအိတ်ကို ဖွင့်ကြည့်လိုက်လို့ ထောင့်နားမှာ ပန်းတွေပါတဲ့  အပြာရောင်နုနု စာရွက်လေးကို မြင်လိုက်ရင်ဘဲ အဖွားအိုရဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်သော အံ့သြခြင်း၊ ကြည်နူးခြင်း၊ ရှက်သွေးဖြာခြင်း စတဲ့ ခံစားမှုအရိပ်အယောင်တွေ ပေါ်လာတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ အဖွားအိုက တုန်ယင်နေတဲ့ လက်ကလေးတွေနဲ့ စာရွက်ကိုကိုင်ထားပြီး စာရွက်ပေါ်က စာလုံးတွေကို တစ်လုံးချင်း သေချာအားစိုက် ဖတ်နေခဲ့ပါတယ်။ ပြီးတော့မှ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကာ “လူကလေး.. ဒီစာဟာ အဖွားနဲ့ မိုက်ကယ်ကြားထဲက နောက်ဆုံး စာတစ်စောင်ပါဘဲ။ ဟုတ်ပါတယ် အဖွားကိုယ်တိုင် ဒီစာကို ရေးခဲ့တာပါ။” အဖွားအိုဟာ မမြင်နိုင်တဲ့ ခပ်ဝေးဝေး တစ်နေရာကို လွမ်းလွမ်းဆွေးဆွေး ကြည့်လိုက်ပြီး အတန်ကြာ ငြိမ်သက်သွားပါတယ်။

ခဏကြာမှ “အဖွားနဲ့သူဟာ တစ်ယောက်ကိုတစ်ယောက်  သိပ်ချစ်ခဲ့ကြပါတယ်.။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အဖွားအသက်က ၁၆နှစ်ဘဲ ရှိသေးတော့ အဖွားအမေက သိပ်ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖွားကို မိုက်ကယ်နဲ့ သဘောမတူခဲ့ပါဘူး။ ဒါကြောင့် အဖွားလည်း မိုက်ကယ်ကို ချစ်ရက်နဲ့ အဆက်ဖြတ်ခဲ့ရပါတယ်။ မိုက်ကယ်ဟာသိပ်ချောပြီး ယောက်ျားပီသတဲ့သူတစ်ဦးပါ။ စိတ်သဘောလည်း သိပ်ကောင်းပါတယ်။ သူကလည်း အဖွားကို နှစ်နှစ်ကာကာ ချစ်ခဲ့တာပါ။ သူ့နာမည်အပြည့်အစုံက မိုက်ကယ် ဂိုလ်းစတိုင်းပါ။ တကယ်လို့များ သူ့ကို လူကလေး တွေ့ခဲ့တယ်ဆိုရင် ပြောပြလိုက်ပါနော်. အဖွားက သူ့ကို အမြဲတမ်း သတိရနေခဲ့တယ် ဆိုတဲ့အကြောင်းနဲ့.. ” အဖွားက စကားကို ဆက်ပြောဖို့ အနည်းငယ်တွန့်ဆုတ်သွားဟန်နဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စကားပြောရပ်သွားပါတယ်။

ထို့နောက်မှာတော့ “ အဖွားသူ့ကို ခုချိန်ထိ ချစ်နေသေးတဲ့အကြောင်း၊ အဖွားဟာ ဘယ်တုန်းကမှ ဘယ်သူနဲ့မှ လက်မထပ်ခဲ့ပါဘူး။ အဖွားဘဝမှာ မိုက်ကယ်ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူးဆိုတာ သူ့ကို ပြောပြလိုက်ပါ လူလေးရယ်” လို့ ဆက်ပြောကာ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပါတော့တယ်။ ကျွန်တော်လည်း အဖွားအိုကို စိတ်မကောင်းစွာနဲ့ ပုခုံးလေးကို ဖက်လိုက်ပြီး “သူနဲ့ တွေ့ခဲ့ရင် အဖွားပြောတာကို ဆက်ဆက်ပြောပေးပါ့မယ် ” လို့ ပြောလိုက်ပြီးနောက် နှုတ်ဆက်ကာ ပြန်လာခဲ့ပါတော့တယ်။ ကျွန်တော့်ရင်ထဲမှာတော့ လူတစ်ယောက်ကို နှစ်ပေါင်း ၆၀ကြာ မတွေ့ခဲ့ရသည့်တိုင် မမေ့နိုင်သေးဘဲ ချစ်နေဆဲလို့ ပြောလာတဲ့ အဖွားအိုရဲ့ ချစ်ခြင်းမေတ္တာကို လေးစားအံ့သြမိတာ အမှန်ပါ။


ပထမထပ်ကို ဆင်းဖို့အတွက်  ဓာတ်လှေကားကို စောင့်နေတုန်းမှာ အစောက အစောင့်နဲ့ ထပ်တွေ့ပါတယ်။  “ဘယ်လိုလဲဗျ.. အဖွားအိုဆီက ခင်ဗျားသိချင်တာတွေ သိလိုက်ရဲ့လား ” လို့မေးလာပါတယ်။ ကျွန်တော်လည်း “ ဟုတ်ကဲ့.. သူ့ဆီကတော့ နောက်ထပ် သဲလွန်စတစ်ခု ကျွန်တော်ရခဲ့ပါတယ်။ နာမည်တစ်ခုရဲ့ အနောက်က စာလုံးပေါ့ဗျာ။ ဒါပေမဲ့ ဒီနေ့အဖို့တော့ ရှာဖွေတဲ့အလုပ် ရပ်တော့မှဖြစ်မယ် ။ ကျွန်တော် မနက်ကနေ ဒီနေ့တစ်နေ့လုံး ဒီပိုက်ဆံအိတ်ရဲ့ပိုင်ရှင်ကို ရှာနေတာ ခုချိန်ထိပါဘဲ။” ပိုက်ဆံအိတ်ကို အစောင့်မြင်သာအောင် ထောင်ပြလိုက်ပြီး ပြောလိုက်မိပါတယ်။ ကျွန်တော်ကောက်ရတဲ့ ပိုက်ဆံအိတ်ဟာ အညိုရောင် ခပ်နွမ်းနွမ်း ပိုက်ဆံအိတ်လေးဟာ သူလိုငါလို သာမန်အိတ်ကလေးပါဘဲ ။ ဘာမှ ထူးထူးခြားခြား မဟုတ်ပေမဲ့ အညိုရောင်သားရေအိတ်ရဲ့ ထောင့်မှာ အနီရောင် အမှတ်အသားလေး တစ်ခု ရှိနေခဲ့ပါတယ်။

အစောင့်ဖြစ်သူက ကျွန်တော်ထောင်ပြလိုက်တဲ့ ပိုက်ဆံအိတ်ကို သေသေချာချာ စိုက်ကြည့်နေခဲ့ပါတယ်။ “ဟေး.. ခဏ.. ခဏနေပါဦးဗျ.. ကျွန်တော်မှတ်မိပြီ.. ဒီပိုက်ဆံအိတ်ဟာ အဖိုးအို ဂိုလ်းစတိုင်းရဲ့ အိတ်ပဲ.. ဒီအိတ်ကို ကျွန်တော်ဘယ်နေရာမှာတွေ့တွေ့ မှတ်မိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအိတ်ရဲ့ ထောင့်မှာပါတဲ့ အနီရောင် အမှတ်အသားကြောင့်ပါဘဲ။ သူဟာ ဒီအိတ်ကို ခဏခဏကျပျောက်တတ်တယ်. ကျွန်တော်တောင် သူ့အိတ်ကို ဒီအဆောက်အဦးထဲမှာ ကောက်ရလို့ ပြန်ပေးရတာ ၃ကြိမ်လောက် ရှိဖူးတယ် ”

“ဗျာ.. ဘယ်သူ အဖိုးဂိုလ်းစတိုင်းဟုတ်လား ” မေးလိုက်တဲ့ ကျွန်တော့်အသံထဲမှာ အံ့သြမှုတွေ ပါဝင်နေခဲ့သလို ကျွန်တော့ရဲ့ လက်တွေတောင် တုန်ယင်လို့လာပါတယ်။

“ဟုတ်တယ် အဖိုးဂိုလ်းစတိုင်းဆိုတာ ဒီသက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာရဲ့ ရှစ်ထပ်မှာ နေထိုင်တဲ့ အစောင့်အရှောက်ခံ အဖိုးအိုတစ်ဦးဘဲလေ။ ဒီအိတ်ဟာ မနက်ခင်း သူလမ်းလျှောက်ထွက်တဲ့အခါ ကျခဲ့တာဖြစ်မယ်။ ဒီဝင်းထဲမှာတော့ တစ်နေရာရာမှာ ကျခဲ့ရင် ကျွန်တော်တို့ ပြန်တွေ့မှာဘဲလေ ”

ကျွန်တော် အစောင့်ဖြစ်သူကို ကျေးဇူးတင်စကားပြောပြီး ဂေဟာရုံးခန်းကို အပြေးအလွှားသွားရောက်ကာ အစောင့်ပြောလိုက်တဲ့ စကားတွေကို ပြောပြလိုက်ပြီးနောက် သူနာပြုတစ်ချို့နဲ့ ကျွန်တော်တို့ဟာ ဓာတ်လှေကားကနေ ရှစ်ထပ်ကို တက်လာခဲ့ကြပါတယ်။ အဖိုး ဂိုလ်းစတိုင်းတစ်ယောက် အိပ်ရာမဝင်ပါစေနဲ့ဦးလို့ ဓာတ်လှေကားစီးနေတဲ့ တစ်လျှောက်လုံး ကျွန်တော် ဆုတောင်းနေမိပါတယ်။

ရှစ်ထပ်ရောက်ချိန်မှာတော့
အဲဒီအထပ်မှာ တာဝန်ကျတဲ့ သူနာပြုကို အကျိုးအကြောင်းပြောပြပါတယ်။ သူမက အဖိုးအိုဂိုလ်းစတိုင်းဟာ အိပ်မယ်မထင်သေးကြောင်း၊ စာကြည့်ခန်းမှာ စာအုပ်ဖတ်နေဦးမယ် ထင်ကြောင်း၊ သူက စာဖတ်ရတာကို အင်မတန် နှစ်သက်သူဖြစ်ကြောင်း၊ ညစဉ်ညတိုင်း စာကြည့်တတ်သည့်သူ ဖြစ်ကြောင်း စသဖြင့် အဖိုးအကြောင်းပြောကာ စာကြည့်ခန်းဆီ ကျွန်တော်တို့ကို ခေါ်သွားပါတယ်။

မီးလင်းနေတဲ့ စာကြည့်ခန်းမှာထဲမှာတော့ စာဖတ်နေတဲ့ တစ်ဦးတည်းသော အဖိုးအိုကို တွေ့ရပါတယ်။ သူနာပြုက အဖိုးအိုထံ လျှောက်သွားပြီး ပိုက်ဆံအိတ် ပျောက်မပျောက် မေးလိုက်ပါတယ်။ အဖိုးအိုက ကျွန်တော်တို့ လူစုကို အံ့သြစွာ လှမ်းကြည့်လိုက်ပြီး “ဟုတ်ပါတယ် ဒီမနက် ပိုက်ဆံအိတ်ကျပျောက်ခဲ့တယ်” လို့ ပြန်ပြောပါတယ်။ ကျွန်တော်က အရှေ့ကိုလျှောက်လိုက်ပြီး အဖိုးအိုအနီး ရပ်လိုက်ကာ “ဒီဟာက အဖိုးရဲ့ ပိုက်ဆံအိတ်မဟုတ်လား ” လို့ပြောပြီး ပိုက်ဆံအိတ်ကို ပေးလိုက်တော့ အဖိုးအိုရဲ့ မျက်နှာဟာ ရွှင်ပျသွားခဲ့ပြီး စိတ်သက်သာရာရသွားဟန် အထင်းသား ပေါ်နေခဲ့ပါတယ်။  “ဟုတ်ပါတယ် ဒီအိတ်ဟာ အဖိုးရဲ့အိတ်ပါ။ ဒီမနက် လမ်းလျှောက်ထွက်တုန်း ကျကျန်ရစ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒီထိအောင် ပြန်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူလေးကို အဖိုး မုန့်ဖိုးပေးပါမယ်ကွယ်” လို့ ပြုံးရွှင်တဲ့ မျက်နှာနဲ့ ပြောကာ ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပါတယ်။

“ကျေးဇူးတင်ပါတယ်အဖိုး..  ကျွန်တော့်အတွက် မုန့်ဖိုး မလိုပါဘူး .. ဒါပေမဲ့ အဖိုးကို ကျွန်တော် ပြောစရာတစ်ခုရှိပါတယ်။ ကျွန်တော် ဒီပိုက်ဆံအိတ်ကို ကောက်ရတော့ ပိုင်ရှင်ကို ပြန်ပေးချင်တဲ့အတွက်  ပိုင်ရှင်နဲ့ ပတ်သက်တဲ့ လိပ်စာ တွေ့လိုတွေငြားနဲ့ ပိုက်ဆံအိတ်ထဲက စာကို ဖတ်လိုက်မိပါတယ် ” ကျွန်တော့စကားကို ကြားတာနဲ့ အဖိုးရဲ့ မျက်နှာပေါ်က အပြုံးဟာ ချက်ခြင်းပျောက်ကွယ်သွားခဲ့ပြီး ဒေါသသံနဲ့ ကျွန်တော့ကို ပြောပါတော့တယ်။

 “မင်း.. ဒီအိတ်ထဲက စာကိုဖတ်ခဲ့တယ် ဟုတ်လား”

“ကျွန်တော် စာကို ဖတ်ခဲ့ရုံတင်မက ဒီစာကို ရေးခဲ့တဲ့ ဟန်နာဆိုတဲ့အမျိုးသမီး ဘယ်သူဆိုတာရယ် အခု ဘယ်မှာရှိနေတယ် ဆိုတာရယ်ကိုပါ စုံစမ်းသိရှိခဲ့ပါပြီ”

ကျွန်တော့်နှုတ်ဖျားက ထွက်သွားတဲ့ နာမည်ကို ကြားလိုက်တာနဲ့ အဖိုးအိုရဲ့ မျက်နှာဟာ ဖြူဖျော့သွားခဲ့ပါတယ်။ “ ဟန်နာ?? ဟန်နာ အခုဘယ်မှာဘဲ .. မင်း သူ့ကို ဘယ်မှာတွေ့ခဲ့တာလဲ.. သူနေမှကောင်းရဲ့လား.. သူ. သူ အရင်ကလိုဘဲလား. ကျေးဇူးပြုပြီး ပြောပါဦး။ အဖိုးကို အမြန်ပြောပြပါဦး” အဖိုးအိုဟာ ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ပါးစပ်က တတွတ်တွတ် တောင်းပန်ရင်း မေးပါတော့တယ်။

“သူ နေကောင်းပါတယ် အဖိုး.. အရင်ကလိုပါဘဲ.” ကျွန်တော်က အဖိုးရဲ့ လက်မောင်းကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး နူးညံ့ညင်သာစွာ ပြောလိုက်ပါတယ်။ အဖိုးအိုက ပြုံးလိုက်ပြန်ရင်း စိတ်အား ထက်သန်စွာနဲ့  “ သူဘယ်မှာလဲဆိုတာ အဖိုးကို ပြောပြနိုင်မလား လူကလေး” ကျွန်တော့်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ထပ်ပြောပါတယ်။ “ အဖိုး မနက်ဖန်ကျရင် သူ့ဆီဖုန်းခေါ်ချင်လို့ပါ။ လူလေးတစ်ခုခု သိထားတယ် မဟုတ်လားဟင်.. ဟန်နာဆိုတာ ဒီစာကိုရေးတဲ့ အဖိုးသိပ်ချစ်ခဲ့တဲ့ ကောင်မလေးပါ။ သူ အဖိုးကို လမ်းခွဲပြီးနောက်ပိုင်း အဖိုးတစ်ယောက်တည်း ဘဝမှာ အထီးကျန်နေခဲ့ရတယ်။ ဘဝတစ်လျှောက်လုံး သူ့ကိုဘဲ ချစ်နေခဲ့တယ်။ ဘယ်သူ့ကိုမှလည်း အဖိုးလက်မထပ်ခဲ့ဘူး”

“အဖိုး.. အဖိုး ကျွန်တော်နဲ့ ခဏလောက်လိုက်ခဲ့ပါ။ ” ကျွန်တော် အဖိုးအိုကို ဆွဲခေါ်လာပြီး ဓာတ်လှေကားနဲ့ တတိယထပ်ကို ဆင်းလာခဲ့ကြပါတယ်။ သူနာပြုတွေကလည်း ကျွန်တော်တို့နောက်ကို လိုက်လာကြပါတယ်။ ဓာတ်လှေကားကနေဆင်းကာ ဟောလ်ခန်းမကြီးကို ဖြတ်သန်းလာတဲ့ လမ်းတစ်လျှောက်မှာ မီးရောင် ခပ်မှိန်မှိန်ကိုသာ တွေ့ရပြီး တတိယထပ်ရဲ့ တီဗီခန်းမှာတော့ ကံကောင်းထောက်မစွာနဲ့ အဖွားဟန်နာကို တီဗီကြည့်နေသေးတာ တွေ့လိုက်ရပါတယ်။ သူနာပြုတစ်ယောက်က အဖွားဆီ လျှောက်သွားလိုက်ပါတယ်။

“ အဖွား ဟန်နာ.. ” သူမက အဖိုး မိုက်ကယ်ထံ လက်ညိုးညွှန်လိုက်ပြီး “ သူ့ကို အဖွား သိပါသလား” လို့ မေးလိုက်တော့ အဖွားက မျက်မှန်လေးကို ပြုပြင်လိုက်ပြီး အဖိုးကို သေသေချာချာ စိုက်ကြည့်နေပါတော့တယ်။ သို့သော် အဖွားထံမှ ဘာစကားသံမှ ထွက်မလာခဲ့ပါ။

အဖိုးအိုက အနားသို့တိုးကပ်သွားခဲ့ပြီး “ ဟန်နာ.. ကိုယ်.. မိုက်ကယ်လေ.. မှတ်မိသေးရဲ့လား ” အလွန်တိုးဖျော့တဲ့ အသံလေးနဲ့ မေးလိုက်တော့ အဖွားကြည့်ရတာ အလွန်အံ့သြတုန်လှုပ်သွားပုံ ရပါတယ်။

“ဘုရားရေ.. မိုက်ကယ်.. ရှင်က မိုက်ကယ်လား.. အိုး ကျွန်မဖြင့် မယုံနိုင်လောက်အောင်ပါဘဲ ”

အဖိုးအိုက အဖွားအိုထံ ဖြေးညင်းစွာ လျှောက်လှမ်းသွားခဲ့ပါတယ်။မျက်နှာချင်းဆိုင် ဆုံတွေ့ချိန်မှာတော့ သူတို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်က တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြပါတော့တယ်။ သူတို့နှစ်ဦးရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေ ရစ်ဝဲလို့နေခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ကြာအောင် ဝေးကွာခဲ့တဲ့ ချစ်သူနှစ်ဦးဟာ နောက်ဆုံးမှာတော့ ပြန်လည်ဆုံဆည်းကြပါပြီ။ စောင့်ရှောက်ရေး ဂေဟာတစ်ခုတည်းမှာ ရှိနေရက်နဲ့ တစ်ဦးနဲ့တစ်ဦး မတွေ့ဖြစ်၊ မဆုံဖြစ်ကြတဲ့ ချစ်သူနှစ်ဦးဟာ မမျှော်လင့်ဘဲ ကျွန်တော် ကောက်ရလိုက်တဲ့ ပိုက်ဆံအိတ်ထဲက စာလေးတစ်စောင်ကြောင့် နှစ်များစွာ ဝေးကွာနေရာကနေ ပြန်ဆုံခွင့်ရလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်နဲ့ သူနာပြုတို့ဟာ သူတို့နှစ်ဦးကိုထားခဲ့ပြီး တိတ်ဆိတ်စွာ လှည့်ထွက်လာခဲ့ကြပါတယ်။ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းတဲ့ မြင်ကွင်းဟာ ကျွန်တော်တို့ရဲ့ နှလုံးသားကို လှိုက်လှဲစွာ ခံစားစေခဲ့ပြီး အဖိုး အဖွားတို့နည်းတူ အားလုံးရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေ ရစ်ဝဲနေခဲ့ပါတယ်။  ကျွန်တော်တို့ မျက်ဝန်းက မျက်ရည်တွေဟာ အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဖွား ဟန်နာနဲ့ အသက် ၇၉နှစ်အရွယ် အဖိုး မိုက်ကယ်တို့ ချစ်သူနှစ်ဦးရဲ့ ဆုံဆည်းမှုကို ကြည်နူးပီတိဖြစ်မိတဲ့ မျက်ရည်တွေ ဖြစ်ပါလိမ့်မယ်။ 



A letter in the wallet (Author Unknown) ကို ဘာသာပြန်ပါသည်။

လရောင်အောက်က


ချောမာလှပတဲ့ ချစ်စရာ ဂျင်းနီလေးဟာ သူမတို့မိသားစု ပြောင်းရွေ့လာရတဲ့ အိမ်သစ်ကလေးကိုကြည့်ပြီး သိပ်ကို ပျော်ရွှင်ကျေနပ်နေပါတယ်… အိမ်ကလေးက ကြီးမားလှတယ် မဟုတ်ပေမဲ့ နေချင့်စဖွယ်ရှိပြီး သူမအတွက် သီးသန့်အခန်းလေးတစ်ခုလည်း ပါဝင်တာမို့ ပျော်ရွှင်နေမိတာပါ။ သူမက မကြာခင်မှာ  တက္ကသိုလ် စပြီးတက်ရတော့မယ်.. အသစ်စက်စက် တက္ကသိုလ်ကျောင်းသူလေး ဖြစ်လာတော့မဲ့ ဂျင်းနီအတွက် ကိုယ်ပိုင် သီးသန့်အခန်းလေးနဲ့တော့ နေချင်တယ်လေ. သူမတစ်သက်မှာ ကိုယ်ပိုင်အခန်းနဲ့ ဘယ်တုန်းကမှ မနေခဲ့ဖူးဘူး။ ဒါကြောင့် အခု သူမအတွက် အပိုင်ရတဲ့ အခန်းလေးကို ကြည့်ပြီး တစ်စိမ့်စိမ့်နဲ့ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့မိတယ်.. သူမရဲ့ ပစ္စည်း ပစ္စယ တွေကိုတောင် နေရာမချနိုင်သေးဘဲ အခန်းလေးရဲ့ ပြူတင်းမှာ တတ်ဆင်ထားတဲ့ လိုက်ကာလေးဟာ ပြင်ပက လေပြေညင်းလေးရဲ့ တိုက်ခတ်မှုကြောင့် တစ်ဖျတ်ဖျတ် လှုပ်ခါနေတာကိုကြည့်ပြီး သူမစိတ်တွေလည်း ဖျတ်ဖျတ် ခါလို့ပေါ့။ ဒီလိုကျတော့လည်း လောကကြီးက ပျော်ရွှင် ကျေနပ်စရာပါဘဲနော်.. တက္ကသိုလ်မှာ သူငယ်ချင်း အသစ်တွေရပြီး ပါတီတွေ ပျော်ပွဲရွှင်ပွဲတွေ နွဲရပေဦးတော့မယ်.. အိုး.. အဲဒီလို ဘ၀လေးဟာ သူမ သိပ်ကိုလိုချင်ခဲ့တဲ့ ဘ၀လေးပါဘဲလေ။ တက္ကသိုလ်ကျောင်းသူဘ၀ရဲ့ ပျော်ရွှင်လွတ်လပ်ခွင့်တွေ အပြည့်အ၀နဲ့ ပျော်ပစ်လိုက်ဦးမယ် လို့လည်း သူမက တွေးနေမိသေးတော့တယ်။

ကျောင်းစတက်တော့ သူမ မျှော်လင့်ထားသလိုပါဘဲ။ ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်... သူငယ်ချင်း အသစ်တွေ အများကြီး ရသလို အတန်းထဲက ကောင်လေးတွေကလည်း ချစ်စရာကောင်းလှတဲ့ သူမကို စိတ်ဝင်စားကြတယ်။ ပြီးတော့ သူမအတွက် ဂုဏ်ယူဝံ့ကြွားစရာက သူမတို့တက္ကသိုလ်မှာ အားကစားသိပ်တော်ပြီး ချမ်းလည်းချမ်းသာ၊ ရုပ်လည်းချောတာကြောင့် နံမည်ကြီး ထင်ရှားနေတဲ့ ဘောလုံး အသင်းခေါင်းဆောင် ကျောင်းသား တစ်ယောက်ကပါ သူမကို စိတ်ဝင်တစားနဲ့ မိတ်ဆက် ချဉ်းကပ်လာတဲ့အတွက် ဂျင်းနီက သိပ်ကို ကျေနပ် ပျော်ရွှင်ပြီး ဂုဏ်ယူနေမိတယ်..   သူငယ်ချင်းမ အသစ်တွေကတောင် သူမကို မနာလိုတွေ ဖြစ်နေကြရတယ်လေ။ ဂျင်းနီကတော့ ကျေနပ်လို့ပေါ့။ သူမက ပေါ်ပြူလာဖြစ်ချင်သူ.. တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအကြားမှာ ထင်ရှားချင်တဲ့သူလေ.. ခုတော့ သူမ ဖြစ်စေချင်သလို ဖြစ်လာတော့မယ်ဆိုတာ ဂျင်းနီက သိနေပြီ.. ဒီတော့ ကျောင်းတက်ရတာ ပျော်ရွှင်စရာနေ့တွေ ဖြစ်လာတော့မယ်ဆိုတာလည်း သူမအတွက် သေချာလို့ဘဲပေါ့။

တစ်ခုရှိတာက ဂျင်းနီရဲ့ မိဘတွေက ရှေးရိုးဆန်တယ်.. ဂျင်းနီကို အသက်ငယ်သေးတယ်.. လူ့လောကကြီးအကြောင်း ဘာမှနားမလည်သေးဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချဖို့ စောလွန်းသေးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ရဲ့ မျက်စိအောက်မှာဘဲ ထိန်းချုပ်မှုလေးနဲ့ ထားချင်တယ်.. ပြီးတော့ တက္ကသိုလ် ကျောင်းသူဘ၀ကို ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ကုန်ဆုံးစေချင်တယ်.. ပညာကို အေးအေးချမ်းချမ်း သင်ယူပြီး နောက်ထပ် ဘွဲ့လွန်သင်တန်းတွေ၊ ပညာတွေ အများကြီး ထပ်သင်စေချင်တယ်.. ထူးချွန် ထက်မြက်စေချင်တယ်.. အလှအပကိုသာ မက်မောပြီး အပျော်အပါးကို ဦးစားပေးတဲ့ ကျောင်းသူတစ်ယောက် မဖြစ်စေချင်ဘူး။  ဒီတော့ ဂျင်းနီကို ပညာကြိုးစားဖို့၊ အနေအထိုင် တည်ငြိမ်ဖို့ ဆုံးမတယ်.. အသွားအလာတွေ ကန့်သတ်တယ်.. ယောက်ျားလေးတွေ များတဲ့ ပါတီပွဲတွေ၊ ညဘက် ထွက်တာတွေကို မကြိုက်ဘူး.. မသွားစေချင်ဘူး.. ဒါကို ဂျင်းနီက စိတ်ဆိုးတယ်.. သူမရဲ့ မိဘတွေဟာ သိပ်ကို ချုပ်ခြယ်တယ်.. ရှေးကျလွန်းတယ်.. လို့ ထင်တယ်.. တကယ်တမ်းတော့ ဂျင်းနီက အခုမှ ၁၆နှစ်သာသာ ရှိသေးတာလေ။ ဒါပေမဲ့ သူမကတော့ သူမကိုယ်ကို လူကြီးတစ်ယောက် ဖြစ်နေပြီလို့ ထင်နေတတ်သူ….

တစ်ရက်တော့ ဂျင်းနီကို ကြွေနေတဲ့ ဘောလုံးအသင်းခေါင်းဆောင် ဂျက်ဖ်က သူတို့ရဲ့အိမ်မှာ ညဘက် ပါတီတစ်ခု လုပ်မယ်လို့ ဂျင်းနီကို ပြောလာတယ်.. ဂျက်ဖ်က ဂျင်းနီကို လာစေချင်တယ်.. ဂျင်းနီကလည်း သွားချင်တယ်.. ပြီးတော့ အဲဒီညမှာ လကလည်း သာမှာမို့  လရောင်အောက်မှာ သူ့ကားနဲ့ ကားလျှောက်စီးကြမယ်လို့ ဂျက်ဖ်က ဂျင်နီ့ကို ဖိတ်ခေါ်တယ်.. မိန်းခလေးတွေ သည်းသည်းလှုပ် ဖြစ်နေတဲ့ ဂျက်ဖ်ရဲ့ ဖိတ်ခေါ်မှုကို ဂျင်းနီ မငြင်းချင်သလို သူမ ကိုယ်တိုင်ကလည်း ဒီလိုပွဲတွေကို ပျော်ချင်တယ်.. သွားချင်တယ်.. ပြီးတော့ လရောင်အောက်မှာ ကားစီးရတဲ့ အရသာကို သူမ တစ်ခါမှ မခံစားဖူးဘူး.. ခံစားကြည့်ချင်တယ်.. “ သူနဲ့ လရောင်အောက်မှာ ကားအတူတူစီးလိုက်ရရင် ဘယ်လောက်ကြည်နူးဖို့ ကောင်းမလဲ၊ တစ်ခြားကျောင်းသူလေးတွေ သူမကို ဘယ်လောက်များ မနာလို ဖြစ်လိုက်မလဲ.. ” လို့ တွေးမိပြီး သွားချင်စိတ်က တားမရ ဆီးမရ ဖြစ်လာတော့တယ်.. ဒါပေမဲ့ သူမရဲ့ မိဘတွေက အမှန်အတိုင်းပြောရင် ဘယ်လိုမှ လွှတ်မှာမဟုတ်မှန်းလည်း ဂျင်းနီသိနေတယ်..

ဒါနဲ့ ဂျင်းနီက မိန်းခလေး သူငယ်ချင်းတစ်ယောက်ကို သူမ မိဘတွေဆီ အဲဒီမိန်းခလေးအိမ်မှာ စာကျက်ကြမှာမို့ ညအိပ်မယ်လို့ ညာပြောပေးဖို့ အကူအညီတောင်းတယ်. သူငယ်ချင်းမကလည်း သူမ မိဘတွေ ယုံကြည်လာအောင် ပြောပြီး ဂျင်းနီကို ခေါ်ထုတ်လာတယ်။ စာကျက်မယ် ဆိုလို့ ခွင့်သာ ပြုလိုက်ရပေမဲ့ မျက်နှာ မရွှင်မပျနဲ့ ကျန်ရစ်ခဲ့တဲ့ မိဘတွေကိုကြည့်ပြီး ဂျင်းနီစိတ်ထဲ တွေဝေ စိတ်လေးတော့ ၀င်သွားမိတယ်. “ငါဒီလိုလုပ်လိုက်တာ မှားပြီလား ”ပေါ့။

ဒါပေမဲ့ ပါတီကိုရောက်ပြီး ဂျက်ဖ်နဲ့ တွေ့ချိန်မှာ သူမက အရာရာကို မေ့သွားတော့တယ်။ ပါတီမှာ အစားအသောက်တွေလည်း များမှများပါဘဲ။  သောက်ကြ စားကြနဲ့  လူတွေကလည်း ဆူညံစည်ကားနေတော့တယ်. ဂျက်ဖ်ကလည်း သူ့လက်ထဲမှာ အရက်ခွက်က မပြတ်သလောက် ရှိနေပြီး ဆေးလိပ်ဆိုတာများ ပါတီပွဲကျင်းပတဲ့ သူတို့ရဲ့ အိမ် ခန်းမတစ်ခုလုံး နံစော်နေအောင် သောက်လိုက်ကြတာ.. ယောက်ျားလေးတိုင်းလိုလို ဆေးလိပ်နဲ့ အရက်ခွက်တွေနဲ့။ သူတို့ကို ကြည့်ပြီး ဂျင်းနီက မူးတောင် မူးလာသလို ခံစားရတယ်.. လူကလည်း ငြီးစီစီ ဖြစ်လာတယ်.. ညဉ့်က တဖြေးဖြေးနက်လာတယ်.. အပြင်မှာ လကလည်း ရွှန်းရွှန်းမြမြ သာလို့နေတယ်…  အရက်နံ့တွေ ဆေးလိပ်နံ့တွေ နံဟောင်နေတဲ့ အခန်းကနေ အပြင်ထွက်လာပြီး  လေနုအေးလေးတွေကို အငမ်းမရ ရှုရှိုက်နေမိတော့တယ်။ ကျောင်းမှာ ရှိုးတွေ မိုးတွေနဲ့ နေတတ်တဲ့ ကျောင်းသားတွေဟာ ဒီလို အရက်တွေ မူးအောင်၊ ဆေးလိပ်နံ့တွေ နံစော်နေအောင် သောက်ကြ စားကြလိမ့်မယ်လို့ ဂျင်းနီက တကယ်ကို မထင်ခဲ့မိဘူးလေ။

အဲဒီချိန်မှာ ဂျက်ဖ်က အပြင်ထွက်လာပြီး ဂျင်းနီကို ကားလျှောက်စီးမယ်လို့ ပြောလာတယ်.. ဂျင်းနီ ရင်ခုန်သွားတယ်.. “ကြည့်စမ်း.. ဒီလောက် သာနေတဲ့ လရောင်အောက်မှာ ဂျက်ဖ်ရဲ့ ကားအကောင်းစားကြီးနဲ့ လျှောက်စီးရမယ်ဆို ဘယ်လောက်တိမ်းမူးဖွယ် ကောင်းလိုက်မလဲနော်.. ” လရောင်ရဲ့ ဖြားယောင်းမှု၊ သူမစိတ်ရဲ့ တိမ်းညွှတ်မှုတို့ကြောင့် ဘာကိုမှ မစဉ်းစားမိတော့ဘဲ ဂျင်းနီက သဘောတူလိုက်မိတော့တယ်.. သူမနဲ့အတူလာတဲ့ မိန်းခလေးသူငယ်ချင်းကို ဂျက်ဖ်နဲ့ ကားလျှောက်စီးမယ်လို့ အသိသွားပေးလိုက်တော့ ကောင်မလေးက တားတယ် “ ဟင်.. ဂျက်ဖ်က မူးနေပြီလေ.. ကားမောင်းလို့ဖြစ်ပါ့မလား.. မူးနေတဲ့လူတစ်ယောက် မောင်းတဲ့ကားကို စီးရတာ အန္တရာယ်များတယ်.. မသွားပါနဲ့လား ဂျင်းနီ..”  လို့ သူမကို တားတယ်.. ဒါပေမဲ့ သူမ နားမ၀င်တော့ဘူး.. ခုချိန်မှာ သူမက ဂျက်ဖ်နဲ့ ကားလျှောက်စီးချင်တာဘဲ သိတော့တယ်.. ပြီးတော့ သူမစိတ်ထဲမှာ သူငယ်ချင်းမက မနာလိုလို့ တားတယ်လို့ဘဲ ထင်မိတယ်.. “အေးဆေးပါ ” လို့ သူငယ်ချင်းမ ကို ပြန်ပြောလိုက်ပြီး ဂျက်ဖ်ရဲ့ ကားပေါ်ကို ပျော်ပျော်ရွှင်ရွှင် တက်လိုက်ပြီးချိန်မှာ ဂျက်ဖ်က ကားကို အမြန်ဆုံးနှုန်းထားနဲ့ မောင်းထွက်လိုက်တော့ သူမစိတ်တွေက ပျော်ရွှင်လွတ်လပ်မှုနဲ့အတူ လေထဲမှာ လွှင့်ခနဲ ဖြစ်သွားသလိုပါဘဲ..

ငွေရောင်လင်းဖြာနေတဲ့ လရောင်အောက်မှာ အမိုးဖွင့်ထားတဲ့ ဂျက်ဖ်ရဲ့ ကားလေးက အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့တယ်.. ဘယ်ကိုဦးတည်းပြီး သွားနေတယ် လို့ ဂျင်းနီ မသိလိုက်နိုင်ခင်မှာဘဲ သတိထားမိတော့ မြို့ပြင်ဘက်ရောက်နေခဲ့ပြီ. ဂျက်ဖ်က  ကားကို ကားအသွားအလာ၊ လူသူကင်းရှင်းတဲ့ မြို့ပြင်က လမ်းဘေးတစ်နေရာမှာ ထိုးရပ်လိုက်တယ်… အဲဒီတော့မှ ဂျင်းနီရင်ထဲမှာ ကြောက်စိတ်တွေ ၀င်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာခဲ့တယ်.. “ဘုရားရေ.. ငါ့မိဘတွေ ပြောတာ အမှန်ပါဘဲလား.. ငါဟာ သိပ်ငယ်သေးတယ်.. လူတွေအကြောင်း ဘာမှ မသိသေးဘူး.. ဆိုတာ တကယ်ဟုတ်တာဘဲ.. ညနက်သန်းကောင် ယောက်ျားလေးတစ်ယောက်နဲ့ အထူးသဖြင့် မူးနေတဲ့ လူနဲ့ အပြင်ထွက်ရင် ဘာတွေဖြစ်လာမလဲ ငါဘာလို့များ မတွေးမိတာပါလိမ့်.. ငါတကယ်ကို မိုက်မဲတာဘဲ” လို့ စဉ်းစားမိရင်း ကြောက်ရွံ့မှုတွေကြောင့် သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတယ်.. အဲဒီချိန်မှာ ဂျက်ဖ်က သူမကို လှမ်းဖက်ဖို့ ကြိုးစားတယ်.. ဂျင်းနီက ဂျက်ဖ်ရဲ့ လက်ကို တွန်းဖယ်လိုက်ပြီး “ဂျက်ဖ်.. ငါ.. ငါ  တောင်းပန်ပါတယ်.. ငါ့ကို အိမ်ပြန်ပို့ပေးပါ.. ငါ လရောင်အောက်မှာ ကားစီးချင်လို့ နင်နဲ့ လိုက်လာတာပါ။ ငါ ဒီမှာ မနေချင်ဘူး.. အိမ်ကိုပြန်ချင်တယ်.. ငါ့မိဘတွေဆီ ပြန်ပို့ပေးပါ” လို့ တတွတ်တွတ် တောင်းပန်မိတော့တယ်.။

ဒါပေမဲ့ ဂျက်ဖ်က သူမတောင်းပန်တာကို အသိအမှတ်ပြုပုံမရဘူး.. သူမကို တစ်ခါ ထပ်ပြီး ဖက်ဖို့ကြိုးစားပြန်တယ်.. ဒီတော့ ဂျင်းနီက ရုတ်တရက် အကြံရလိုက်ပြီး “ဂျက်ဖ် နင်ငါ့ကို အခုချက်ခြင်း အိမ်ပြန်ပို့ရင်ပို့.. မပို့ရင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ငါတိုင်ရလိမ့်မယ် ” လို့ လေသံခပ်တင်းတင်းနဲ့ ပြောချလိုက်တော့တယ်.. ဒီတော့မှ ဂျက်ဖ်က ငြိမ်သက်သွားတယ်. သူ့လို နံမည်ကြီး ကျောင်းသားတစ်ယောက်က ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ အတိုင်ခံရမယ်ဆိုတာ သူဖြစ်ချင်မှာ မဟုတ်ဘူး.. ချက်ခြင်းဘဲ သူ့ရဲ့လက်က ကားသော့ဆီ ရောက်သွားပြီး ကားကို အရှိန်နဲ့ မောင်းထွက်လိုက်တော့တယ်.. ဒေါသစိတ်ရိုင်းတွေ၊ အရက်ရဲ့ မူးယစ်ရီဝေမှုတွေနဲ့ ဂျက်ဖ်က ကားကိုမောင်းနေတာကြောင့် အလာတုန်းကထက် အဆများစွာ မြန်နေတဲ့ ကားရဲ့ အရှိန်က ဂျင်းနီကို ချွေးစေးတွေ ပြန်လာစေတယ်.. သူ.. ဂျက် သိပ်ဒေါ်သထွက်နေခဲ့ပြီ။ တဖြေးဖြေး မြို့ထဲနဲ့ နီးလာပြီး ဘေးပတ်ဝန်းကျင်က သစ်ပင်တွေ အဆောက်အဦးတွေ ဖြတ်သွားတဲ့ကားတွေ တစ်ရိပ်ရိပ်ကျန်ခဲ့တယ်.. ဒီလောက်မြန်တဲ့ အမြန်နှုန်းက သိပ်ကို အန္တရာယ်ကြီးမှန်း သူမ နားလည်လိုက်တယ်. နားထဲမှာ လေတွေ တိုးနေတာများ ဘာသံမှတောင် မကြားရတော့ဘူး ထင်နေမိတယ်.. သူမ ကားရှေ့က ဒက်ရှ်ဘုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း မျက်စိကို စုံမှိတ်ထားလိုက်မိပြီး ဂျက်ဖ်ကို ဖြေးဖြေးမောင်းဖို့၊ အရှိန်လျှော့ဖို့ တောင်းပန် နေမိတော့တယ်။

ရုတ်တရက် ပြင်းထန်တဲ့ ထိခိုက်မိသံကြီးထွက်လာပြီး သူမမျက်လုံးအပွင့်မှာ လင်းထိန်တဲ့ ကားမီးရောင်က စူးစူးရှရှ ၀င်ရောက်လာတယ်.. သူမ သိလိုက်ပြီ. ကားချင်းတိုက်မိပြီ. ကားလေးက တစ်ပတ် နှစ်ပတ် လိမ့်သွားတယ်.. ဘယ်နှစ်ပတ်ပါလိမ့်.. သူမ မသိတော့... မမှတ်မိတော့။ သူမ သိပ်ပျော်ရွှင်တဲ့ လရောင်အောက်မှာဘဲ အပြင်းအထန် ကားတိုက်မိပါပြီကောလား... နောက်ဆုံးမီးရောင်လေး မြင်လိုက်ပြီး သူမ ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်.. နားထဲမှာ အသံတစ်ချို့တော့ ၀င်လာလိုက် ပျောက်သွားလိုက်.. တစ်ကိုယ်လုံးလဲ နာကျင်လို့..သွေးတွေလားမသိ ကပ်စေးစေးတွေ သူမကိုယ်ပေါ်က စမ်းမိသလို၊ သွေးညှီနံ့တွေကလည်း နံလာတယ်..  “လူနာတင်ကားခေါ်.. ကားထဲက လူတွေ အရင်ထုတ်.. တော်တော် အခြေအနေဆိုးတယ်.. ” စတဲ့ အသံတွေက မကြားတစ်ချက် ၊ ကြားတစ်ချက် … သူမ နောက်ဆုံး တွေးလိုက်မိတာက “ဂျက်ဖ် ဘယ်လိုနေလဲ.. ဘာဖြစ်သွားသေးလဲ။ ဟိုဘက်ကားက လူတွေရော ဘာတွေဖြစ်သွားသေးလဲ.. အသက်မှ ရှင်ရဲ့လား။”  သူမ ဘာကိုမှ မသိလိုက်နိုင်ခင်  နောက်ဆုံးတော့ အားလုံး အမှောင်.. ပိန်းပိတ်တဲ့အမှောင်.. အသံဆိုတာလည်း ဘာသံမှ မကြားရတော့အောင် သူမကမ္ဘာကြီးက မဲမှောင် တိတ်ဆိတ်သွားတော့တယ်.. အသိစိတ်တွေကတော့  ခန္ဓာကိုယ်မှာ မကပ်နိုင်တော့ဘူး။ လရောင်အောက်မှာ ခရီးနှင်လို့… လေအလျင်လို လွှင့်မျောနေလိုက်တာများ. ကားစီးတာထက်တောင် မြန်ချင်သေး။

ဆေးရုံပေါ်မှာ သူမ တစ်ချက် သတိပြန်လည်လာခဲ့တယ်. အသံတွေလည်း ကြားနေရတယ်.. သူမရဲ့ အခြေအနေ အတော်ဆိုးတယ်လို့ ပြောနေသံကိုလည်း ကြားလိုက်ရတယ်.. ပြီးတော့ ဂျက်ဖ်လည်း ဆုံးသွားတယ်လို့ ပြောနေကြသလိုဘဲ။ သူမ မျက်လုံးဖွင့်လိုက်တော့ ဘေးနားမှာ သူမနဲ့အတူတူ ပါတီကိုသွားခဲ့တဲ့ သူငယ်ချင်းမလေးလည်း ရှိနေတယ်.. ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေ အများကြီး သူမကို စိုးရိမ်တကြီး ၀ိုင်း ကြည့်နေကြတယ်.. နာလိုက်တာ.. တစ်ကိုယ်လုံး ဘယ်နေရာမှ မနာတဲ့နေရာ မရှိတော့ဘူးထင်တယ်.. သူမ ခြေ၊လက် ဘာတစ်ခုမှ လှုပ်လို့မရ၊ နှုတ်ခမ်းလေး ဟဖို့ပင် ခက်ခဲ ပင်ပန်းလွန်းလှတယ် ။ သူမ ဘေးနားမှာ သူမ မိဘတွေကိုတော့ မတွေ့ရ.. ဖေဖေနဲ့ မေမေ သူမသတင်း မကြားမိသေးဘူးထင်တယ်..  ငါ့ မိဘတွေ ဒီသတင်း မသိရင် ဘယ်လောက်များ ကောင်းလိုက်မလဲ လို့ တွေးလိုက်မိသေးတယ်.. သူမကို ဆရာဝန်တစ်ယောက် “သမီး မှတ်မိရဲ့လား သမီးတို့ ကားချင်းတိုက်မိတာလေ.. အခု ဆေးရုံပေါ်မှာ” လို့ ပြောလာတယ်.. သူငယ်ချင်းကို ကြည့်လိုက်တော့ မျက်ရည်တွေနဲ့..

“ဂျက်ဖ်ရော.. သူ ဘယ်လိုနေလဲ ”လို့ ဂျင်းနီက ကြိုးစားပြီး အသံထွက်မေးလိုက်တော့ သူငယ်ချင်းမက “ဂျက်ဖ် ဆုံးသွားပြီ ” လို့ ပြောလာတယ်.. “ဟိုဘက် ကားပေါ်က လူတွေရော” လို့ သူမ ပူပန်စိတ်နဲ့ မေးမိပြန်တော့ “အဲဒီကားပေါ်မှာ လူ၂ယောက်ပါတယ်.. ၂ယောက်လုံး ဆုံးသွားတယ်”. တဲ့ ။ ဂျင်နီပါးပေါ် မျက်ရည်တွေ စီးကျလာတယ်.. သူမ မိုက်ပြစ်ကြောင့် လူတွေ အသက်ဆုံးရှုံးသွားရတယ်.. ပျော်ချင်စိတ်နဲ့ မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့တဲ့ သူမလုပ်ရပ်က ဒီလောက် ဆိုးကျိုးတွေ ဖြစ်စေခဲ့မှန်း အချိန်နှောင်းမှ သူမ သိလိုက်ရပြီ။ ဒါဟာ သူမရဲ့ အပြစ်တွေလို့ သူမ ခံစားမိတယ်..  ဂျင်းနီက သူငယ်ချင်းမလေးရဲ့ လက်ကိုဆုပ်ကိုင်ပြီး ပြောနေမိတယ်.. “ငါ့ကို ဘယ်သူကမှ ခွင့်လွှတ်ကြမယ် မထင်ဘူးနော်… သေသွားတဲ့ လူတွေရဲ့ မိသားစုကို တောင်းပန်တဲ့ အကြောင်း ပြောပေးပါသူငယ်ချင်းရယ်.. ငါ့အမှားတွေကြောင့် ခုလို သူတို့ မိသားစုတွေရဲ့ အသက်ဆုံးရှုံးရတာ၊ ဖြစ်နိုင်မယ်ဆိုရင်  ငါ့အသက်နဲ့လဲပြီးတောင် သူတို့ မိသားစုတွေ ပြန်ဆုံအောင် လုပ်ပေးချင်ပါတယ်.. ငါ့အဖေနဲ့ အမေကိုလည်း ပျော်ချင်စိတ်သက်သက်လေးနဲ့ လိမ်ညာခဲ့မိတာကို ခွင့်လွှတ်ဖို့ ပြောပေးပါနော်။ အဲလို လိမ်ညာပြီး အိမ်ကနေထွက်ခဲ့မိလို့ အမှားတွေကြုံရတာ နောင်တရပါပြီလို့၊ ငါ့ကို ခွင့်လွှတ်ပါလို့ တောင်းပန်ပေးပါ သူငယ်ချင်းရယ်...  နော်… ပြောပေးမယ် မဟုတ်လားဟင်.. ငါ့ကို ပြောစမ်းပါဟာ.. ”

သူငယ်ချင်းမက ဂျင်းနီရဲ့စကားတွေကို မကြားသလို စကားတစ်ခွန်းမှ ပြန်မပြောဘဲ တိတ်ဆိတ်လို့နေခဲ့တယ်.. ရှိုက်သံတွေကသာ သူငယ်ချင်းမရဲ့ နှုတ်ဖျားက ကြေကွဲဖျော့တော့စွာ ထွက်ပေါ်နေခဲ့တယ်.. သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး တောင်းပန်တိုးလျှိုးနေတဲ့ ဂျင်းနီရဲ့ စကားသံတွေကို ခေါင်းငြိမ့်ခေါင်းခါ ဘာတစ်ခုမှ တုံ့ပြန်မှု မရှိပါဘူး… တုံဏှိဘာဝေနဲ့ ငိုကြွေးလို့သာ နေခဲ့တယ်.. မကြာခင်မှာ တောင်းပန်နေတဲ့ ဂျင်းနီရဲ့ အသံလေးဟာ တိုးဝင်ပျောက်ကွယ်သွားပြီး သူမရဲ့ ၀ိဥာဉ်ကလေးဟာ ဒဏ်ရာတွေနဲ့ ကျိုးကြေနေတဲ့ ခန္ဓာကိုယ်ကို စွန့်ခွာလို့ လရောင်အောက်ကို လွတ်လပ်စွာ ပျံသန်းသွားတော့တယ်… ဘေးနားမှာ ရှိနေတဲ့ သူနာပြု ဆရာမလေးက ဂျင်းနီရဲ့ သူငယ်ချင်းမလေးကို “ ဒီကောင်မလေးက သူ့အဖေအမေကို တောင်းပန်ပေးဖို့ မသေခင်လေး မှာ ဒီလောက်တောင်းဆိုနေတာ ရှင်က ဘာဖြစ်လို့ ဘာမှ ပြန်မပြောတာလဲ.. သူ ကျေနပ်သွားအောင် တစ်ခုခု ပြန်ပြောလိုက်တာ မဟုတ်ဘူး။ ခုတော့ သူ့မှာ သေသာ သွားတယ်.. ရှင့်ဆီက သူ့အဖေအမေကို ပြောပေးမယ် ဆိုတဲ့စကား ကောင်မလေး မကြားသွားလိုက်ရဘူး သနားဖို့ကောင်းလိုက်တာ.. ” လို့ ပြောလိုက်ပါတယ်..

မျက်ရည်တွေနဲ့ ငိုကြွေးနေတဲ့ ဂျင်းနီရဲ့ သူငယ်ချင်းမလေးက “ ကျွန်မ ဘယ်လိုများ ပြောရမလဲ ဆရာမရယ်.. သူတို့ကားနဲ့ တိုက်မိပြီး ဆုံးသွားတဲ့ တစ်ဖက် ကားပေါ်က လူ၂ယောက်ဟာ သူ့အဖေနဲ့ အမေပါ ဆိုတာ သူ သိမသွားတာက ပိုကောင်းတယ် မဟုတ်လား။ ဆုံးသွားတဲ့ သူ့အဖေနဲ့ အမေကို သူ့သမီးရဲ့ တောင်းပန်စကားတွေ ကျွန်မ ဘယ်လိုများ ပြောပေးနိုင်တော့မလဲ ဆရာမရယ်” လို့ ရှိုက်ကာ ရှိုက်ကာ ငိုကြွေးရင်း ပြောနေပါတော့တယ်.. ဂျင်းနီနဲ့ ဂျက်ဖ် ကားမောင်းထွက်သွားချိန်မှာ စိတ်ပူပြီး ဂျင်းနီရဲ့ သူငယ်ချင်းမက သူ့အဖေ အမေဆီ ဖုန်းဆက်လိုက်လို့ ဂျင်းနီရဲ့ မိဘနှစ်ပါးဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ သူ့သမီးနောက် ကားအမြန်မောင်းပြီး လိုက်လာကြလို့ လမ်းမှာ ဒေါသတကြီး မူးမူးနဲ့ မောင်းလာတဲ့ ဂျက်ဖ်ရဲ့ ကားနဲ့ တိုက်မိကြတယ်ဆိုတာ.  ဂျင်းနီတစ်ယောက် သိမသွားရှာတော့ပါဘူးလေ…
လရောင်အောက်မှာ လွှင့်မျှောနေတဲ့ ဂျင်းနီလေးရဲ့ ၀ိဥာဉ်ဟာ ပျော်ရွှင်မှုလေး တစ်ခုကို လိုချင်တာနဲ့ မတန်တဆ စတေးလိုက်ရတဲ့ သူမရဲ့ အသက်၊  မိဘတွေရဲ့ အသက်အတွက်  သူမရဲ့မိဘတွေကို တောင်းပန်ဖို့များ လိုက်လံ ရှာဖွေနေလေမလား.. ရယ်လို့ ဂျင်းနီရဲ့ သူငယ်ချင်းမလေးက ၀မ်းနည်း နာကျင်စွာ တွေးတောနေမိပါတော့တယ်..
I'm sorry I lied ( Unknown Author) ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။



အရေးပါတဲ့အစားအစာများ


လူတယောက် နေ့စဉ် လှုပ်ရှားသွားလာပြုမူနေထိုင်ရတဲ့ဘဝမှာ စွမ်းအားပြည့် ခွန်အားရှိရှိနဲ့ လှုပ်ရှားနေထိုင်နိုင်ဖို့ အာဟာရဓာတ်တွေ ဖြည်းဖြည်းမှန်မှန် ခန္ဓာကိုယ်ထဲကို စီးဝင်နေဖို့လိုပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ် ပမာဏဟာလည်း ညီညီမျှမျှ ရရှိနေစေဖို့အတွက် အမျိုးစုံ၍ မျှတမှုရှိသော စာေးသာက်မှုပုံစံရှိဖို့ လိုပါတယ်။ ကားဓာတ်ဆီတိုင်ကီထဲမှာ လောင်စာမရှိရင် ကားမောင်လို့ရမှာမဟုတ်ပါဘူး။ လူ့ရဲ့ခန္ဓာကိုယ်ဟာလည်း တခါတရံ နံနက်စာမစားဘဲ အိမ်ကထွက်ခွာလာမိတဲ့ အချိန်အခါမျိုးမှာ အားကုန်နွမ်းနယ်သွားလေ့ရှိပါတယ်။ အကြောင်းရင်းကတော့ သင့်ရဲ့ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ လောင်စာဆီ မရှိလို့ပါပဲ။ အဲသည်လိုမဖြစ်ရအောင် ဘယ်လိုအစားအစာတွေကို ဘယ်လိုအချိန်တွေမှာ စားသင့်တယ်ဆိုတာ လေ့လာတင်ပြလိုက်ပါတယ်။
၁။ သွေးတွင်း သကြားဓာတ်ပမာဏပြဿနာ ဖြေရှင်းခြင်း။
လူတယောက်ရဲ့ သွေးထဲမှာ သွေးတွင်းသကြားဓာတ်ပမာဏ မျှမျှတတရှိသင့်တဲ့ ပမာဏအတိုင်း ထိန်းထားနိုင်ဖို့ လိုပါတယ်။ အကယ်လို့ အချိုရည်၊ ချောကလက်၊ သကြားလုံး၊ ထန်းလျက် စတဲ့ အမျိုးအစား အစာများ စားရင် သွေးထဲ အချိုဓာတ်တွေ မြန်မြန်ရောက်သွားပါတယ်။ ချိုတဲ့အစားအစာတွေဟာ လူအား နေထိုငလို့ကောင်းစေတဲ့ အငိဒိုဖစ်လိုပခေါ်တဲ့ ဟော်မုန်းတွေ ဦးနှောက်မှထွက်ခြင်းကို အားပေးသော်လည်း ဖြူဖွေးနူးညံ့အောင် ပြုလုပ်ထားသော အချိုပါတဲ့ အစားအစာများ စားလိုက်ရင်တော့ သွေးတွင်း သကြားဓာတ်ပမာဏကို အလွန်လျှင်မြန်စွာ တရှိန်ထိုး မြင့်မားသွားစေပါတယ်။ အဲဒီအခါ ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်က သွေးတွင်း သကြားဓာတ်များမှုကို ချေဖျက်ဖယ်ရှားပေးမဲ့ အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းကို ဖယ်ရှားပေးပါတယ်။ ဤနားအားဖြင့် သွေးတွင် သကြားဓာတ် ပမာဏကို ညီမျှအောင်လုပ်ပေးပါတယ်။ အချိုဓာတ်ပါတဲ့ အစားအစာကို စားတော့ စွမ်းအင်တွေရလာတယ်။ အချိုစားလို့ သကြားဓာတ်ပမာဏ မြင့်လာတာကို အင်ဆူလင်က ချေဖျက်ပေးတယ်။ စွမ်းအင်တွေ လျော့သွားရင် စွမ်းအင်တွေရလာအောင် အချိုပါတဲ့ အစားအစာ စားချင်စိတ်တွေ ပေးပေါက်လာပြန်တယ်။ ဒီလိုနဲ့ပဲ ကလေးတွေ ကစားတဲ့ ဆီးဆောလိုလိုပဲ တဖက်ကမြင့်ရင် တဖက်က ကျလာကာ တက်လိုက်ကျလိုက် ဖြစ်နေတယ်။
ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေ ပုံမှန် တက်လိုက်ကျလိုက်ဖြစ်နေခြင်းဟာ ခုတမျိုး တော်ကြာတမျိုး ဖြစ်နေတဲ့
သွေးတွင်းသကြားဓာတ်ပမာဏကြောင့် ဖြစ်တယ်လို့ ဆိုနိုင်တယ်။ သွေးတွင်း သကြားဓာတ်ပမာဏကိုလည်း သင်စားလိုက် သောက်လိုက်တဲ့ အစားအစာတွေ အထူးသဖြင့် အချိုပါသော အစာနဲ့ ကော်စေးဓာတ်ပါသော အစားအစာများက ထိန်းချုပ်တယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေ တိုးတက်လာစေအောင် အရေးအကြီးဆုံး အချက်တခုကတော့ သွေးတွင်း သကြားဓာတ် ပမာဏကို ညီမျှအောင် ထိန်းသိမ်းခြင်းပါပဲ။
အစားအစာတိုင်းမှာ အချိုဓာတ် အညွှန်းကိန်း Giycagmic Index(GI) ဆိုတာ ရှိတယ်။ အဲဒီအညွှန်းကိန်းများတဲ့ အစားအစာတွေမှာ သကြားဓာတ်တွေ အများကြီးပါတယ်။ ဥပမာ-ကရေကရာတို့၊ ထန်းလျက်ရည်ဆမ်းစားရတဲ့ မုန့်လက်ကောက်၊ ဖြူဖြူ ဖွေးဖွေး နူးညံ့နေတဲ့ ပေါင်မုန့် စသည်တို့ပေါ့၊ နံနက်စာစားတဲ့အခါ အဲဒီအစာမျိုးကို မစားသင့်ဘဲ အချိုဓာတ် အညွှန်းနည်းသော သို့မဟုတ်-အလယ်အလတ်ရှိသော အစားအစာများကိုသာ စားသင့်တယ်။ ဥပမာ-ပေါင်မုန့်အကြမ်း၊ ပေါင်မုန့်အညို၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ ပန်းသီးတို့ကို စားသင့်ပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်ထဲမှာ တနေ့လုံး သကြားဓာတ်ကို ဖြည်းဖြည်းချင်း ထုတ်ပေးတယ်။ နူးညံ့ဖြူဖွေးအောင် ဖွပ်မထားတဲ့ ဆန်ဂျုံ စသည်တို့နဲ့ ပြုလုပ်ထားတဲ့ ---ခေါက်ဆွဲ၊ အာလူး၊ ပဲရာစာ၊ ကာလားပဲ တို့ကို စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကလပ်စည်းများကို သကြားဓာတ် ဖြည်းဖြည်းမှန်မှန် ရရှိစေပြီး စွမ်းအင်ကိုလည်း လွယ်လွယ်ကူကူ ရရှိစေတယ်။
၂။ အစာ စားရမယ့်အချိန်များ။
ကာယစိုက်ထုတ်ရမယ့် အလုပ်တွေ လုပ်ရမယ့်နေ့မှာ နံက်နက်စာကို ကျန်းမာရေးနဲပညီညါတ်စွာ ကြိုတင်ပြီး စားထားဖို့ လိုလိမ့်မယ်။ ဂျုံဆန်ပြုတ်တို့၊ ငှက်ပျော်သီးတို့ဟာ စွမ်းအင်ရရှိစေဖို့ အသင့်တော်ဆုံးသော စံပြအစား အစာများ ဖြစ်တယ်။ ငျက်ပျောသီးဟာ စွမ်းအင်ကို ချက်ချင်းရရှိစေပြီး ဂျုံကတော့ သကြားဓာတ်ကို ဖြည်းဖြည်း ချင်း ထုတ်လွှတ်ပေးတယ်။
တနေ့တာအချိန်အတွင်းမှာ ရေကိုများများသောက်ရမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာကို နည်းနည်းစီ ပုံမှန် စားပေးရမယ်။ ဥပမာ-အစေ့အဆန် လက်တဆုပ်စာ၊ ထောပတ်သီး တခြမ်းတို့ ဖြစ်ပါတယ်။ လူကို ထိုင်းမှိုင်းလေးလံစေမယ့်  နေ့လည်စာ အများကြီးစားခြင်းကို ရှောင်ကြဉ်ပါ။ အများကြီးစားရင် နေ့လည်ခင်း 
ရောက်တာနဲ့ အိပ်ရာထဲ ပစ်လှချြင်စိတ် ပေါက်လာလိမ့်မယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ဖို့ရှိရင် မလုပ်ခင် ၂-နာရီလောက်ကြိုပြီး အစာစားသင့်တယ်။ စားရင်လည်း ကာဗိုဟိုက်ဒြိတ်ဓာတ် အများကြီးပါတဲ့ အစာတွေ ဥပမာ-ဂျုံခေါက်ဆွဲ ပန်းကန်တလုံးစာ၊ ဟင်းသီးဟင်းရွက် ညှပ်ထားတဲ့ ဆမ်းဒဝစ်ခ်ျ ပေါင်မုန့်၊ ဂျုံကြမ်းဖြင့် ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ဆန်လုံးညို၊ ဟင်းရွက်သုပ် စသည်တို့ကို စားသင့်တယ်။ ဒါမှ စွမ်းအင်ကို တာရှည်ရရှိနိုင်မှာ ဖြစ်တယ်။
ကာဗိုဟိုက်ဒြိတ်ဓာတ်ငွေ့ကို ဂလိုင်လိုဂျင်အဖြစ် အသည်းနဲ့ ကြွက်သားတွေထဲမှာ သိုလှောင်သိမ်းဆည်းထားပါ တယ်။ ဂလိုငလိုဂျင်ဓာတ် ကုန်ခန်းသွားရင် အားကစားလုပ်နေရင်း စွမ်းအင်တွေလျော့ကာ နံရံဆောင့်မိပြီး ဒယိမ်းဒိုင်ဖြစ်တတ်တယ်။ ဂလိုင်ဂျင်က အနည်းငယ်မျှသာ သိုလှောင်နိုင်တဲ့အတွက် ကဗြိုဟိုက်ဒြိတ်ဓာတ်ပါတဲ့ အစားအစာကို အားစိုက်ပြီး လုပ်ရမယ့် လှုပ်ရှားမှုများ မပြုလုပ်မီ နာရီအနည်ငယ်ခန့်က ကြိုတင်ပြီး စားထားသင့်တယ်။ လေ့ကျင့်ခန်းမလုပ်ခင် အချိန်ကပ်ပြီး ငှက်ပျောသီးလို အစာမျိုးကိုလည်း စားပေးသင့်တယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် လောင်စာ ပြန်လည်ဖြည့်တင်းမှုကလည်း ပြန်လည်အားပြည့် လာစေရန်နှင့် ဂလိုင်လိုဂျင် ပြန်လည် စာဆောင်းစေရန် အရေးကြီးတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ နာရီအနည်းငယ်အတွင်း ဖြစ်နိုင်ရင် အချိုဓာတ်ညွှန်းကိန်း (GI)မြင့်မားတဲ့ အစာတွေ စားသင့်တယ်။ အဲဒီထဲမှာ ကာဗိုက်ဟိုက်ဒြိတ်နဲ့ အသားဓာတ်ပါရမယ်။
၃။ ရေဓာတ် မခန်းခြောက်အောင် နေပါ။
ရေဟာ ခန္ဓာကိုယ်ထဲမှာ အာဟာရဓာတ်များကို တနေရာမှ တနေရာသို့ ပို့ဆောင်ပေးတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ချေဖျက်ပေးရာမှာလည်း ကူညီတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်များ အကောင်းဆု့း အလုပ်လုပ်ပေးနိုင်အောင်လည်း ကူညီပေးတယ်။ သင်ဟာ တနေ့လျှင် ရေ-၂-လီတာ လောက်
သောက်တဲ့အကျင့် မရှိသေးဘူးဆိုရင် အနည်းဆုံး တနေ့ တလီတာ တပတ်ခန့် သောက်ပေးပါ။ အံ့သြစရာကောင်းလောက်အောင် စွမ်းအင်တွေ ပြည့်ဝလာတာ တွေ့ရပါလိမ့်မယ်။
၎။ သဘာဝ အစားအစာများကို စားသုံးပါ။
တာရှည်ခံအောင် ပြုပြင်စီစဉ်ထားသော အစားအစာများ၊ အချိုကဲသော အစားအစာများ၊ ကြော်လှော်ထားသော အစားအစာများကို ဖြတ်ပါ။ အဲဒီအစားအစွာေဟာ ခန္ဓာကိုယ်အတွက် အပိုဖြစ်စေပြီး စွမ်းအင်ကို နည်းပါးစေပါတယ်။ အစားအစာများကို အတတ်နိုငဆုံး သဘာဝအတိုင်းနှင့် အရောင်မျိုးစုံပါဝင်သော အစားအစာများဖြစ်အောင် ရွေးချယ်ပါ။ အသီးအရွက်များရဲ့ သဘာဝအရောင်များဟာ အပင်မှရသော ဓာတုပစ္စည်းများ မျိုးစုံပါဝင်လျက်ရှိကြောင်း ညွှန်ပြလျက်ရှိပါတယ်။ ဟင်းသီးဟင်းရွက်များကို အတတ်နိုင်ဆုံး သဘာဝအတိုင်း (အစိမ်း) စားသင့်ပါတယ်။ ချက်ပြုတ်လိုက်ရင် ဗီတာမင်နဲ့ သတ္ထုဓာတ်များ ဆုံးရှုံးစေနိုင်ပါတယ်။ သဘာဝအစားအစာတွေထဲမှာ အစာကို ကြေညက်စေတဲ့ အင်ဇိုင်းများ ပါဝင်ပါတယ်။ အကယ်လို့ ပူပူနွေးနွေး စားချင်ရင် ချက်ပြုတ်ထားတဲ့ အသားဟင်းပေါ်မှာ ဟင်းသီးဟင်းရွက်အစိမ်းများကို အုပ်လိုက်ပြီး စွပ်ပြုတ်ဟင်းချိုအဖြစ် သောက်နိုင်ပါတယ်။
၅။ အာဟာရစွမ်းအားမြှင့်တင်ပေးတဲ့ အစားအစာများ။
သင်စားမယ့် အစားအစာထဲမှာ အောက်ပါ အာဟာရဓာတ်များ ပါဝင်အောင် စားကိုစားရပါမယ်။ အဲဒီ အာဟာရဓာတ်တွေကတော့ ဗီတာမင် B1/ ဗီတာမင် B2/ ဗီတာမင် B5/ဗီတာမင် B6/ဗီတာမင် C နဲ့ သတ္ထုဓာတ်များဖြစ်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်သတ္ထုဓာတ်တို့ ပါဝင်ပါတယ်။ အဲဒီအစားအစာတွေကတော့ ဂျုံကြမ်း၊ ဆန်လုံးညို၊ ကုလားပဲ၊ နှမ်း၊ နေကြာစေ့၊ တစေးဒိန်ခဲ၊ ဘန်ဒါစေ့၊ ဥအမျိုးမျိုး၊ ငါး၊ အစေ့အဆန်များ၊ ပဲရာဇာ၊ အသည်း၊ မြေပဲ၊ ပဲပုတ်ပဲ၊ မုန်လာဦနီ၊ ငှက်ပျောသီး၊ ဘရိုကိုလီ ပန်းမုန်လာစိမ်း၊ ပန်းမုန်လာ၊ အနီရောင် အသားများ၊ ကြက်သား၊ နို့ စသည်တို့ ဖြစ်ပါတယ်။ ဒီအစားအစောတွဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းစေတယ်၊ ခန္ဓာကိုယ် ခုခံအားကို မြှင့်စေတယ်၊ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ စွမ်းအင်ကို ရရှိစေတယ်။
၆။ အသားဓာတ် (ပရိုတင်း) ရအောင် စားပါ။
စားတဲ့အစာအားလုံးထဲမှာ အသားဓာတ်ရအောင် စားပါ။ အသားဓာတ်က ဟော်မုန်းများကို ထွက်စေပြီး အစာခြေခြင်း လုပ်ငန်းစဉ်ကို နှေးစေခြင်းဖြင့် သွေးတွင်း သကြားဓာတ်ပမာဏ ပါဝင်မှုကို ဖန်တီးပေးတယ်။ အသားဓာတ် အလုံအလောက် သိုလှောင်ထားခြင်းအားဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုလည်း အားကောင်းစေတယ်။
၇။ ကဖင်းဓာတ်လျှော့ပါ။
ကဖင်းဓာတ်ပါတဲ့ စိတ်ကို တက်ကြွစေတဲ့ အစားအစာများဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ထုတ်လုပ်စေတဲ့ သဘာဝစွမ်းဆောင်ရည်ကို လျော့ပါေးစပေါတယ်။ ဒါ့အပြင် သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို တားဆီးခြင်းအားဖြင့် သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါကို ရရှိသေနိုငတယ်။ ဒါကြောင့် လက်ဖက်ရည် (သို့) ကော်ဖီ ၂-ခွက်ထက် ပိုမသောက်ပါနှင့် ကော်ဖီ (သို့) လက်ဖက်ရည်သောက်ချင်စိတ် ပေါ်လာရင် ရေကို
သောက်ချလိုက်ပါ။
၈။ သစ်သီးလတ်လတ်ဆတ်ဆတ် ဖျော်သောက်ပါ။
သဘာဝသစ်သီးဖျော်ရည်များဟာ အရသာရှိတဲ့အပြင် ကျန်းမာရေူအတွက်လည်း သိပ်ကောင်းပါတယ်။ အဲဒီအထဲမှာ ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ၊ အင်ဇိုင်းတွေ အများကြီးပါပြီး စွမ်းအင်ကိုလည်း မြင့်စေတယ်။ နာမကျန်းဖြစ်မှုမှလည်း ကင်းဝေးစေတယ်။
ဒေါက်ထွေး (ဆေး/မန်း)

မေတ္တာဥယဉ်



ကားလ်ဟာ အလွန်အေးဆေးတဲ့ အဖိုးကြီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ စကားလည်း များများ ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ လူတိုင်းကိုတော့ တည်ငြိမ်အေးဆေးပြီး နှစ်လိုဖွယ် အပြုံးနဲ့ ပြုံးပြတတ်လေ့ရှိတယ်။ ဒီရပ်ကွက်ထဲမှာ နေလာတာ နှစ်ပေါင်း ၅၀ ကျော်ရှိလာပေမဲ့လို့ ဘယ်သူကမှ သူ့အကြောင်း သိပ်မသိကြပါဘူး။ အမြဲတမ်း ပြုံးနေတတ်တဲ့ ကားလ်တစ်ယောက် ပတ်ဝန်းကျင်က လူတွေနဲ့တော့ ရောရော နှောနှော ထဲထဲဝင်ဝင် ပေါင်းသင်းဆက်ဆံတာ သိပ်မတွေ့ရပါဘူး။ သူအငြိမ်းစား မယူခင်ကတော့ မနက်တိုင်း ဘတ်စ်ကားစီးပြီး မြို့ထဲက အလုပ်ရှိရာကို သွားတတ်ပါတယ်။ သူ ငယ်ရွယ်နုပျိုစဉ်တုန်းက ဒုတိယကမ္ဘာစစ် ဖြစ်လာခဲ့ပါတယ်။ အဲဒီချိန်မှာ ကားလ်ဟာ တိုင်းပြည်အတွက် စစ်တပ်ထဲဝင်ပြီး တာဝန် ထမ်းဆောင်နေခဲ့စဉ်မှာ သေနတ်ကျည်ဆန် ထိမှန်ပြီး ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။
မနက်တိုင်း သူ့အိမ်ကနေ ဘတ်စ်ကားဂိတ်ရှိရာ လမ်းထိပ်ကို ခြေတစ်ဖက်ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်သွားတတ်တဲ့ ကားလ်ကို တွေ့မိသူတိုင်းက ခင်မင်ဂရုဏာစိတ်တွေနဲ့  ပြုံးပြ နှုတ်ဆက် တတ်ကြပါတယ်။ သတိထားဖို့လည်း လူတွေက သူ့ကို သတိပေးကြတယ်။ ကားလ်တို့နေတဲ့ရပ်ကွက်ဟာ မြို့အစွန်မှာ ရှိတာကြောင့် ရန်ပွဲတွေ၊ ဂိုဏ်းဂဏတွေဖွဲ့ပြီး လုယက်ကြတာတွေ၊ မူးယစ်ဆေးဝါးမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ခြေတစ်ဖက် မသန်ရှာတဲ့ အဖိုးအိုအတွက် လူတွေက စိတ်ပူကြတာပါ။ သူကတော့ အပူအပင်မရှိသလို အေးအေးဆေးဆေး လမ်းလျှောက်သွားတတ်ပါတယ်။ အသက်အရွယ် ရလာလို့ အငြိမ်းစားယူပြီးတာတောင်  ခြေတစ်ဖက် မသန်မစွမ်းဖြစ်နေပေမဲ့ အလုပ်ကို တက်တက်ကြွကြွ လုပ်နေတုန်း၊ ရပ်ကွပ်လေးမှာ လိုအပ်တဲ့ ကိစ္စတွေရှိရင်လည်း စေတနာ့ဝန်ထမ်းအဖြစ် သူ တတ်နိုင်သလောက် လုပ်နေဆဲဖြစ်တဲ့ ကားလ်ကို ရပ်ကွက်က လူတွေကလည်း လေးစားချစ်ခင်ကြတာ မဆန်းပါဘူး။ 
တစ်ရက်မှာ အဖိုးအိုကားလ်ဟာ လက်ကမ်းစာရွက်လေးတစ်ခုထဲက ကြော်ငြာကို မြင်လိုက်ပါတယ်။ အဲဒီကြော်ငြာက သူတို့ရပ်ကွက်ရဲ့ ဘုရားရှိခိုးကျောင်းနောက်ဖက်က ဥယျာဉ်ပန်းခြံလေးတစ်ခုကို စေတနာ့ဝန်ထမ်းအဖြစ် ပြုစုစောင့်လျှောက်ပေးမဲ့သူ အလိုရှိတယ်ဆိုတဲ့ ကြော်ငြာလေးပါ။ အဲဒါကိုလည်း တွေ့လိုက်ရော အဖိုးအိုကားလ်ဟာ မဆိုင်းမတွဘဲ သူလုပ်ပါမယ်လို့ အကြောင်းကြားလိုက်ပါတယ်။ ဘုရားကျောင်းရဲ့ တာဝန်ရှိသူတွေက သူ့လိုခြေထောက် မသန်စွမ်းတဲ့ အဖိုးအိုတစ်ယောက်က ဥယျာဉ်ကို တာဝန်ယူ စောင့်ရှောက်မယ်ဆိုတာ မယုံကြည်နိုင်သလို ဖြစ်နေကြပေမဲ့ သူကတော့ အခိုင်အမာဘဲ ဆုံးဖြတ်ထားပါတယ်။ ဒီဥယျာဉ်ကို သူဟာ အခကြေးငွေ မရဘဲ စေတနာသက်သက်နဲ့ ပြုစုစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ 
အသက် ၈၇နှစ် ပြည့်လာတဲ့ ကားလ်ဟာ သစ်ပင် ပန်းပင်တွေကို အဖော်လုပ်ပြီး ဥယျာဉ်လေးကို သေချာပြုစု စောင့်ရှောက်ပါတယ်။ ဥယျာဉ်လေးဟာလည်း သစ်ပင်တွေနဲ့ စိမ်းစိုပြီး ပန်းတွေလည်း ဝေဆာဖူးပွင့်လှပလို့ နေပါတယ်။ အဖိုးအို ကားလ်ကတော့ သူပြုစုထားတဲ့ သစ်ပင်လေးတွေကိုကြည့်ပြီး ပီတိတွေ ဖြစ်နေတော့တာပါဘဲ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ပန်းပင်တွေ ရေလောင်းနေတဲ့ အဖိုးအို ရှိရာကို လူငယ်သုံးယောက် ရောက်လာကြပါတယ်။ ပုံစံတွေက ဆေးကြောင်နေသလို မူးနေသလို ပုံစံတွေနဲ့ သူ့ကို ရန်ပြုမဲ့ အမူအရာတွေ ပေါက်နေပေမဲ့ အဖိုးအိုက သူတို့ကို အေးအေးဆေးဆေးဘဲ တုံ့ပြန်ပါတယ်။  သူကိုင်ထားတဲ့ ရေပိုက်ကို မြောက်ပြလိုက်ပြီး “ဒီပိုက်ကနေ ရေသောက်ချင်လို့လား ”လို့ မေးလိုက်ပါတယ်။ အဲဒီလူငယ် သုံးယောက်ထဲက အရပ်အရှည်ဆုံးနဲ့ အသန်မာဆုံးလူငယ်တစ်ယောက်က အဖိုးအိုရဲ့ စကားကို  “ဟုတ်ပါ့ဗျာ.. ရေသောက်ချင်လို့ပါ ” လို့ မခိုးမခန့်အပြုံးတစ်ချက်နဲ့အတူ  ပြန်ပြောလိုက်ပါတယ်။
အဖိုးအိုက အဲဒီလူငယ်လက်ထဲကို သူ့ရေပိုက်ကို လှမ်းပေးလိုက်ချိန်မှာဘဲ ကျန်တဲ့ လူငယ်နှစ်ယောက်က အဖိုးအို ကားလ်ရဲ့ လက်တွေကို ချုပ်ကိုင်ပြီး သူ့ကို မြေပြင်ပေါ် တွန်းလှဲလိုက်ပါတယ်။ ရေပိုက်ဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ပိုက်က ရေတွေက ဒလဟော စီးကျလို့ နေပါတယ်။ အဖိုးအိုဟာ မြေပြင်ပေါ် လှဲကျသွားပြီး မူးဝေနေတုန်းမှာဘဲ လူငယ်တွေဟာ သူ့ရဲ့ အိတ်ဆောင်နာရီ၊ ကိုယ်ပေါ်က ပိုက်ဆံအိတ်၊ စတာတွေကို နှိုက်ယူပြီး ထွက်ပြေးသွားကြပါတယ်။ အဖိုးအိုဟာ သူ့ကိုယ်သူ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားပေမဲ့ အင်အားကုန်ခမ်းပြီး မူးဝေနေတာကြောင့် မကြာခဏ လှဲကျသွားတာကြောင့် ချက်ခြင်း ထနိုင်ဖို့ မကြိုးစားတော့ဘဲ ခဏလောက် ငြိမ်သက်ပြီး နေလိုက်ပါတယ်။ အဲဒီအချိန်မှာ ပန်းခြံရဲ့ အနီးဆုံးအိမ်ဖြစ်တဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာဟာ လူငယ်သုံးယောက်က အဖိုးအိုကို ရန်မူနေတာကို သူ့အိမ် ပြူတင်းပေါက်ကနေ  တွေ့လို့ အဖိုးအိုကို ကူဖို့ ပြေးလာပေမဲ့ လူငယ်တွေကိုတော့ မမှီလိုက်တော့ပါဘူး။ ထွက်ပြေးသွားကြပါပြီ။
သင်းအုပ်ဆရာက အဖိုးအိုကားလ်ကို မတ်တပ်ရပ်နိုင်အောင် ထူပေးပြီး “ ကားလ် ခင်ဗျား အဆင်ပြေရဲ့လား။ ဘယ်နေရာတွေ နာသွားသေးလဲ” လို့ မေးတော့ အဖိုးအိုက ခေါင်းကို ခါပြပြီး “ဘာမှ မဖြစ်ပါဘူး… ကလေးတွေက ငယ်သေးတော့ ဆိုးကြတယ်လေ။ သူတို့တွေ တစ်နေ့တော့ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဥာဏ်ရှိလာမှာပါကွာ.”လို့ ဖြေပါတယ်။.ပြီးတော့ သူဟာ ရေပိုက်ကို ဆွဲလိုက်ပြီး ပန်းပင်တွေကို ရေသွားလောင်းနေပါတယ်။
သင်းအုပ်ဆရာကြီးက ဆက်ပြီး ကြည့်မနေနိုင်တော့ဘဲ “ကားလ် ဘာလုပ်နေတာလဲ ။ ခင်ဗျားကို နာကျင်အောင်လုပ်သွားတဲ့ သူတွေကို ရှာပြီး အပြစ်ပေးဖို့ ရဲစခန်းကို တိုင်လေ” လို့ ပြောတော့ “နေပါစေတော့ကွာ။ ကလေးတွေကို ဘာမှ မလုပ်တော့ပါဘူး။ ငါ့ပန်းပင်တွေဘဲ အေးဆေး ရေဆက် လောင်းလိုက်ပါဦးမယ်။ နောက်တောင် ကျနေပြီ။ နေပူလာရင် ရေလောင်းလို့ မကောင်းတော့ဘူးကွ ” လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပါတယ်။ သင်းအုပ်ဆရာဟာ အဖိုးအိုကိုကြည့်ပြီး အံ့အား သင့်မိပါတော့တယ်။ သူဟာ တကယ်ကို ဘာမှ မဖြစ်သလို နေနိုင်လိုက်တာ။ ကိုယ့်ကို ရန်လုပ်သွားတဲ့သူတွေကို ဘယ်လိုစိတ်နဲ့များ ခွင့်လွှတ်နေနိုင်တယ် မသိပါဘူးလို့လည်း တွေးနေမိပါတယ်။ အဖိုးအို ကားလ်ဟာ တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပါဘဲ။
နောက်သုံးပတ်လောက် ကြာတဲ့အချိန်မှာ အဲဒီ လူငယ်သုံးယောက်ဟာ အဖိုးအိုဆီ ထပ်ရောက်လာပါတယ်။ အဖိုးအိုက လူငယ်သုံးယောက်ကို မှတ်မိပေမဲ့ ဘာမှ မဖြစ်သလိုပါဘဲ။ အရင်နေ့ကလိုဘဲ ရေပိုက်ခေါင်းကို မြောက်ပြပြီး ရေသောက်ဦးမလားလို့ မေးလိုက်ပါတယ်။ လူငယ်သုံးယောက်က ဒီတစ်ကြိမ်မှာတော့ သူ့ကို ကိုယ်ထိလက်ရောက် နာကျင်အောင် မလုပ်တော့ပါဘူး ဒါပေမဲ့ သူ့လက်ထဲက ရေပိုက်ကို ဆောင့်ဆွဲယူလိုက်ပြီး သူ့ရဲ့ ခေါင်းကနေ ခြေဖျားအထိ အေးစက်နေတဲ့ ရေတွေ ရွဲရွဲစိုသွားအောင် ရေပိုက်က ရေတွေနဲ့ စိန်ပြေ နေပြေ လောင်းချလိုက်ပါတယ်။ အဖိုးအို တစ်ကိုယ်လုံး ရွှဲစိုပြီး ခိုက်ခိုက်တုန်လာတော့မှ ရေပိုက်ကို ပစ်ချကာ သူတို့လာခဲ့တဲ့ လမ်းမအတိုင်း အော်ဟစ်ရယ်မောရင်း၊ လမ်းပေါ်က ကျောက်ခဲတွေကို ကန်ကျောက်ရင်း ပြန်ထွက်သွားကြပါတယ်။ အဖိုးအိုဟာ လူငယ်လေးတွေ ထွက်သွားရာဘက်ကို ငေးကြည့်နေလိုက်ပြီး နောက်တော့ ရေပိုက်ကိုကောက်ကိုင်လိုက်ကာ နေရောင်ရှိတဲ့ဘက်ကို မျက်နှာမူပြီး ရေဆက်လောင်းနေလိုက်ပါတော့တယ်။ သူ့မျက်နှာပေါ်မှာ လူငယ်လေးတွေကို စိတ်တို စိတ်ဆိုးနေတဲ့ အရိပ်အယောင်မျှပင် မတွေ့ဘဲ အေးဆေးတည်ငြိမ်လို့သာ နေပါတယ်။
ဒီလိုနဲ့ နွေရာသီဟာ တဖြုတ်ဖြုတ်နဲ့ ကုန်ဆုံးသွားခဲ့ပြီး ဆောင်းဦးကို ဝင်ရောက်လာပါတော့တယ်။  အဖိုးအိုကတော့ လုပ်နေကျအတိုင်း ဥယျာဉ်ကို ပေါင်းသင်၊ ရေလောင်း၊ ပန်းပင်တွေ ပြုစု စသဖြင့် လုပ်မြဲ လုပ်နေခဲ့ပါတယ်။ လူငယ်သုံးယောက်ဟာလည်း ကြုံလျင် ကြုံသလို အဖိုးအိုထံ မကြာခဏရောက်လာကြပြီး အဖိုးအိုကို ရန်စခြင်း၊ ရန်ရှာခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဖိုးအိုကတော့ သူတို့ကို တစ်ခုမှ လက်တုံ့ပြန်တာ၊ ဆဲဆိုတာတွေ မလုပ်ခဲ့ဘဲ သည်းခံမြဲ သည်းခံလို့ပဲ နေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ သစ်ပင်တွေကို မြေဆွပေးတဲ့ သူ့ရဲ့ နောက်ကျောဘက်ကို တစ်စုံတစ်ယောက် ရောက်လို့လာတဲ့အတွက် သူ အထိတ်တလန့် ကြည့်လိုက်မိပြီး မြက်ခင်းပြင်ပေါ် ရုတ်တရက် လဲကျသွားပါတယ်။ ရောက်လာတဲ့ သူက သူ့ဆီ လာနေကျ ကောင်လေးသုံးယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ အရပ်ရှည်ရှည် လူငယ်လေးပါဘဲ။ ဒီတစ်ခါမှာတော့ ထိုကောင်လေးက “ မကြောက်ပါနဲ့ အဖိုး၊ ဒီတစ်ခါ ခင်ဗျားကို ရန်လုပ်မလို့ လာတာ မဟုတ်ပါဘူး။ ”လို့ နူးညံ့ ငြင်သာတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ ပြီးတော့ တက်တူးတွေ၊ အမာရွတ်တွေ ပြည့်နေတဲ့ သူရဲ့ ညာလက်ကိုလည်း အဖိုးအိုကို ကမ်းပေးလိုက်ပြီး နှုတ်ဆက်ဖော်ရွေလိုတဲ့ အမူအရာကို ပြနေပါတယ်။
သူဟာ လဲနေတဲ့ အဖိုးအိုကို ဆွဲထူပေးပြီးနောက် သူ့ရဲ့ အင်္ကျီအိတ်ကို နှိုက်လိုက်ပြီး တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်ကာ အဖိုးအိုကို ကမ်းပေးလိုက်ပါတယ်။ အဖိုးအိုက ယောင်နနနဲ့ လှမ်းယူလိုက်ရင်း ဘာတွေပါလိမ့်လို့ မေးလိုက်တော့ ခင်ဗျားရဲ့ ပိုက်ဆံအိတ်လေ။ ကျွန်တော် ပြန်လာပေးတာပါ။ ပိုက်ဆံအိတ်ထဲမှာ ခင်ဗျားထည့်ထားတဲ့ ငွေတွေလည်း အားလုံး ပါပါတယ်” လို့ ပြောလိုက်တော့ အဖိုးအိုက “ ဘာဖြစ်လို့  အခုလိုပြန်လာပေးတာလဲ” လို့ မေးလိုက်ပါတယ်။ အဲဒီလို မေးလိက်တော့ လူငယ်ဟာ သူ့ရဲ့ ခြေထောက်ကို ဂဏှာမငြိမ် ဟိုရွေ့ဒီရွှေ့လုပ်လိုက်ရင်း မျက်နှာပေါ်မှာလည်း ရှက်ရွံ့သလို အရိပ်အယောင်တွေ ပြေးလွှားနေတာ တွေ့လိုက်ရပါတယ်။
ကျွန်တော် အဖိုးဆီက သင်ခန်းစာရလိုက်လို့ပါ။ ကျွန်တော်တို့ဟာ ငွေလိုတဲ့အတွက် ဘာမှ ပြန်မလုပ်နိုင်တဲ့ အဖိုးလို အသက်ကြီးတဲ့လူတစ်ယောက်ဆီက လုယူခဲ့တယ်။ ပြီးတော့ နာကျင်ထိခိုက်အောင်လည်း ကိုယ်ထိ လက်ရောက် လုပ်ခဲ့ပါတယ်။ အဖိုးဆီကို ကျွန်တော်တို့ ရောက်လာတိုင်းလည်း အဖိုးက အော်ဟစ်တာမျိုး ၊ ကျွန်တော်တို့ကို ပြန်ပြီး တိုက်ခိုက်တာမျိုးတွေ မလုပ်ဘဲ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တယ်။ အမုန်းတွေအစား ချစ်ခြင်းမေတ္တာကိုသာ ပြခဲ့တယ်”  လူငယ်က သူ့စကားကို ခဏ ရပ်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်ပါတယ်။ ပြီးတော့ “ကျွန်တော် အဖိုးဆီက ဒီပစ္စည်းကို ယူသွားပြီးကတည်းက အိပ်လို့မပျော်ခဲ့ပါဘူး။ ဒါကြောင့် အခုလို လာပြန်ပေးတာပါ။ ”

လူငယ်ဟာ စိတ်ကသိကအောက် ဖြစ်နေပုံနဲ့ သူ့စကားကို ခဏ ရပ်လိုက်ပြန်ပါတယ်။ သူ့ပုံစံက ဘာဆက်ပြောရမှန်း မသိတော့အောင် ဖြစ်နေသလိုပါဘဲ။ “ကျွန်တော့်ကို ဒီလိုစိတ်မျိုးဖြစ်စေခဲ့တဲ့အတွက် အဖိုးကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်ပြီး လူငယ်ဟာ ခြံထဲကနေ အပြင်ဘက်က လမ်းမကြီးပေါ်ကို ထွက်ခွာသွားပါတော့တယ်။ အဖိုးအိုဟာ သူ့လက်ထဲ ပြန်ရောက်လာတဲ့ အိတ်ကို မယုံကြည်နိုင်သလို ငုံ့ကြည့်နေလိုက်ပြီး အိတ်ကို ဖြေးညှင်းစွာ ဆွဲဖွင့်လိုက်ပါတယ်။ အိတ်ထဲမှာ သူ့နာရီလေးကို ပြန်တွေ့လိုက်တော့ ဆွဲထုတ်လိုက်ပြီး သူ့လက်ကောက်ဝတ်မှာ ပြန်ပတ်ထားလိုက်ပါတယ်။ နောက် ပိုက်ဆံအိတ်ထဲက ဓာတ်ပုံလေးတစ်ပုံကို ဆွဲထုတ်လိုက်ပြန်ပါတယ်။ အဲဒါလေးက သူငယ်ရွယ်စဉ် မင်္ဂလာဆောင်တုန်းက ဓာတ်ပုံပါ။ ဓာတ်ပုံထဲက စုံတွဲလေးကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကအတိုင်း ပြုံးရွှင်ကြည်နူးနေတဲ့ မျက်နှာတွေ သူ့ကို ကြည့်နေခဲ့ပါတယ်။  
ခရစ္စမတ်ရက်အပြီး အေးစက်နေတဲ့ တစ်ခုသော ရက်တစ်ရက်မှာ အဖိုးအိုကားလ်ဟာ သေဆုံးသွားခဲ့ပါတယ်။ ရပ်ကွက်ထဲက လူပေါင်းများစွာဟာ အေးစက်နေတဲ့ ရာသီဥတုကို မမှုဘဲ အဖိုးအိုရဲ့ အသုဘကို တက်ရောက်လာကြပါတယ်။ သင်းအုပ်ဆရာဟာ လူပေါင်းများစွာထဲကမှ သူမသိတဲ့ လူငယ်တစ်ယောက်ဟာ အဖိုးအို ကားလ်ရဲ့ အသုဘ တက်လာတာကို သတိထားမိလိုက်ပါတယ်။ သူဟာ ဘုရားရှိခိုးကျောင်းရဲ့ ထောင့်အစွန်ခုံလေးမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့ပါတယ်။ အခကြေးငွေ မယူဘဲ သေသည်အထိ ဥယျာဉ်လေးကို ပြုစုစောင့်ရှောက်သွားတဲ့ ကားလ်းရဲ့ အကြောင်းကို လူအများက ပြောဆိုနေခဲ့ကြပါတယ်။ သူတို့ဟာ ဒီဥယျာဉ်လေးကိုမြင်တိုင်း ကားလ်းကို သတိရနေကြမှာ အသေအချာပါဘဲ။
နွေဦးရာသီရောက်လာချိန် တစ်ခုသောရက်မှာ လက်ကမ်းကြော်ငြာလေးတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အဖိုးအို ကားလ်း ပြုစုခဲ့တဲ့ ဥယျာဉ်ကို ဆက်လက်ပြုစု စောင့်ရှောက်မဲ့သူတစ်ယောက် အလိုရှိတယ်ဆိုတဲ့ ကြော်ငြာပါဘဲ။ ကြော်ငြာပြီး သိပ်မကြာခင်မှာ လူငယ်တစ်ယောက်က အလုပ်လာလျှောက်ပါတယ်။ အဲဒီလူငယ်ရဲ့ လက်မှာ အမာရွတ်တွေရှိပြီး တက်တူးတွေလည်း ထိုးထားပါတယ်။ 
“အဖိုးအို ကားလ်ရဲ့ ဥယျာဉ်ကို ဆက်ပြီး စောင့်ရှောက်ဖို့ ကျွန်တော့်ကို အလုပ်ခန့်မယ်ဆိုရင် ကျွန်တော် လုပ်ပါရစေ” လို့ လူငယ်က ပြောပါတယ်။ အဲဒီ လူငယ်ကို သင်းအုပ်ဆရာက ကောင်းကောင်း မှတ်မိပါတယ်။ အဖိုးအို ကားလ်ရဲ့ အသုဘကို ရောက်လာခဲ့တဲ့ လူငယ်ပါပဲ။ အဖိုးအိုကားလ်ရဲ့ ကြင်နာတတ်မှုက ဒီလူငယ်လေးရဲ့ ဘဝကို ပြောင်းလဲစေခဲ့ဟန် တူပါတယ်။ သင်းအုပ်ဆရာက ဥယျာဉ်ရဲ့ သော့ကို လူငယ်လေးရဲ့ လက်ထဲကို ပေးလိုက်ပြီး “ကဲ အခုအချိန်က စပြီတော့ ကားလ်ရဲ့ ဥယျဉ်လေးကို မင်း. သူ့ကိုယ်စား စောင့်ရှောက်ပေးပေတော့” လို့ ပြောလိုက်ပါတယ်။ လူငယ်လေးဟာ ဥယျာဉ်ကို အဖိုးအို ကားလ် ရှိစဉ်က အတိုင်း ပြုစုစောင့်ရှောက်ပါတယ်။ ဥယျာဉ်ကို ပြုစုစောင့်ရှောက်ရင်းမှာပဲ သူဟာ ကောလိပ်ကျောင်းကိုလည်း ဆက်တက်ပါတယ်။ ဘွဲ့ရပြီးတော့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။ ထို့နောက် လူမှုရေး အဖွဲ့အစည်း တစ်ခုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပါတယ်။ သို့ပေမယ့် ဥယျဉ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ကိုလည်း မပျက်ကွက်ခဲ့ပါဘူး။ ပန်းတွေ ပွင့်သထက် ပွင့်အောင်၊ စိုပြေသထက် စိုပြေအောင် သူ ကြိုးစားခဲ့ပါတယ်။
တစ်ခုသော ရက်တစ်ရက်မှာတော့ သူဟာ ဥယျာဉ်လေးကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး ဆိုတဲ့ အကြောင်းပြောဖို့ သင်းအုပ်ဆရာထံ ရောက်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ဇနီးလေးဟာ လွန်ခဲ့တဲ့ ညက သားယောက်ျားလေး မွေးဖွားခဲ့ပြီ ဖြစ်တာကြောင့် အဲဒီကလေးလေးကို ပြုစုစောင့်ရှောက်ရမှာ ဖြစ်တဲ့ အတွက် ဥယျဉ်ကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့တဲ့ အကြောင်း သင်းအုပ်ဆရာကို ရှင်းပြပါတယ်။ လူငယ်ရဲ့ မျက်နှာပေါ်မှာတော့ ရှက်ပြုံလေးနဲ့ အတူ ပီတိတွေဖြာနေတဲ့ မျက်ဝန်းတစ်စုံနဲ့ပါပဲ။ 
“မင်းရဲ့ သားလေးအတွက် ဂုဏ်ယူပါတယ်” လို့ သင်းအုပ်ဆရာက ပြန်ပြောလိုက်ပြီး လူငယ်လေး ဆီက သော့ကို လက်ခံယူလိုက်ပါတယ်။ တဆက်တည်းမှာပဲ သင်းအုပ်ဆရာက 
“ဒါနဲ့.. မင်းရဲ့ ကလေးနာမည်က ဘယ်လိုခေါ်သလဲ” လို့ပါ မေးလိုက်ပါတယ်။
“ကားလ် ပါ” လို့ လူငယ်လေးက ပြန်ဖြေပြီး သင်းအုပ်ဆရာရှေ့ကနေ အေးဆေးတည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ တရွေ့ရွေ့ ထွက်ခွာသွားပါတော့တယ်။






‎23‎:‎49CARL'S GARDEN ( AUTHOR UNKNOWN ) ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...