https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 13, 2012

နိုင်ငံခြားဟာသများ

သဘောပေါက်

စာမေးပွဲဖြေပြီးနောက် ဖခင်က သားကိုပြောသည်။
“ဖေဖေ့ကို သားရဲ့ အရည်အချင်းမှတ်တမ်းကတ်ပြား ပြပါဦးကွ”
“သား သူငယ်ချင်းတစ်ယောက် ခဏ ငှားသွားပါတယ်။ သူ့အဖေကို သားရဲ့ကတ်ပြားညာပြပြီး ခြောက်လှန့်ဦးမယ်တဲ့ဗျ”




မေ့တတ်ပုံများ

သောမတ်(စ်) အက်ဒီဆင်သည် အန်ဂျေအော်ရိန်းတွင် ရထားတစ်စင်းပေါ်မှဆင်းပြီး ပလက်ဖောင်းအတိုင်း လျှောက်လာ
ခဲ့သည်။ တီထွင်သူပညာရှင်ကြီးရဲ့ မေ့တတ်ပုံကိုသိသော ဘူတာရုံအုပ်က မေးသည်။
“မစ္စတာ အယ်ဒီဆင်…ခင်ဗျား တစ်ခုခု ကျန်နေသေးသလား”
အယ်ဒီဆင်က ခရီးဆောင်အိတ်များကို အမြန်ရေရင်း ပြန်ဖြေလိုက်သည်။
“မကျန်ပါဘူးဗျာ။ အားလုံးပါပါတယ်”
ထိုသို့ပြောရင်း သူသည် ရထားပေါ်သို့ အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ထို့နောက် ခရီးဆောင်အိတ်ကိုချရင်း စီးလာခဲ့
သောရထားဆီသို့ ပြန်ပြေးသွားပါသည်။ သူ့ကို အလျင်စလိုဖြစ်အောင် သတိပေးလိုက်သောအရာမှာ ပျားရည်စမ်းခရီးမှ
သူနှင့်အတူပြန်ပါလာသော သတို့သမီး၏မျက်နှာကို ပြတင်းပေါက်တွင် တွေ့လိုက်ရသောကြောင့်ပင်…။





စောင်းမပြောနဲ့

ကျွန်မ အလုပ်လုပ်နေသော စားသောက်ဆိုင်က မန်နေဂျာမှာ ပျော်ပျော်နေတတ်သဖြင့် လူချစ်လူခင်ပေါများသည်။
သို့ရာတွင် သူ့ရှေ့၌ သူ့အရပ်နှင့်ပတ်သက်ပြီး မည်သူမှ မပြောရဲကြချေ။ အကြောင်းမှာ သူသည် အလွန်အမင်း အရပ်ပု
သောကြောင့်ပင်။ တစ်နေ့တွင် သူသည် ဆိုင်တံခါးကို ဒေါနှင့်မောနှင့်ဖွင့်ကာ ပြောလိုက်ပါသည်။
“ငါ ခါးပိုက်နှိုက်ခံရတယ်”
ကျွန်မနှင့် အပေါင်းအဖော် စားပွဲထိုးကောင်မလေးများမှာ မှင်သက်သွားကြသည်။ ထို့နောက် စားပွဲထိုးတစ်ယောက်၏
ပြောစကားကြောင့် မန်နေဂျာမှာ ပို၍ ဒေါသထွက်သွားတော့သည်။
“ဘယ်သူကများ ဒီလောက်တောင် ခါးကုန်းနိုင်ပါလိမ့်နော်” တဲ့။





တန်စေရမယ်

သွားဆေးခန်း တစ်ခုတွင်ဖြစ်သည်။
“သွားနှုတ်ခ ဘယ်လောက်ယူသလဲ”
“နှစ်ဒေါ်လာပါဆရာ”
“ဟာ..တစ်မိနှစ်တည်းနဲ့ များလိုက်တာဗျာ”
“ကောင်းပြီလေ…ခင်ဗျား ဘယ်လောက်ကြာကြာ နှုတ်ချင်သလဲ။ ခင်ဗျား ကျေနပ်အောင် အချိန်ဆွဲ နှုတ်ပေးပါမယ်ဗျာ”





တရားခံဘယ်သူလဲ

စိုက်ပျိုးရေးဝါသနာပါသော အခင်းနားချင်း ကျွန်တော့်သူငယ်ချင်းက သူ့စိုက်ခင်းများကို ခရုတွေဖျက်သဖြင့် ညည်းရှာ
သည်။ ကျွန်တော်၏ ငါးနှစ်အရွယ်သားငယ်က ဂရုတစိုက် နားထောင်ပြီးနောက် ပြောလိုက်သည်။
"ဦးလည်း ဖေဖေလို လုပ်ကြည့်ပါလား။ ဖေဖေဆိုရင် ခရုတွေကို ခြံစည်းရိုးကျော်ပြီး ပစ်လိုက်တာပဲလေ"





ရောက်မှမရောက်သေး

"မင်းဘာလုပ်နေတာလဲ" ဟု ပီတာကမေးသည်။
"ငါ့ဆီကို ငါစာရေးနေတာပါ" ဟု ဂျက်ကဖြေသည်။
"မင်းဆီကို ဘာတွေများ ရေးနေတာလဲဟ"
"ငါဘယ်သိမလဲကွ။ စာက မနက်ဖြန်မှ ငါ့ဆီရောက်မှာလေ"





ဖြတ်တာအရင်ပေး

လူငယ်ဇနီးမောင်နှံသည် ပေးဆပ်ရမည့် လစဉ်ကြွေးများကို စစ်ဆေးရာ နောက်ဆုံးနှစ်ခုသို့ ရောက်လာပါသည်။
"အလို…ဟန်နီရေ…ကိုယ်တို့တော့ ဘိုင်ပြတ်နေပြီကွ။ မီတာကြေးနဲ့ ဆရာဝန်ကြေး ဘယ်ဟာအရင်ပေးရင်
ကောင်းမလဲ။ ကိုယ်တော့ စဉ်းစားရ ကြပ်နေပြီကွာ" ဟုခင်ပွန်းက ပြောသည်။ "အို…မီးတာကြေးပဲ အရင်ပေးရမှာပေါ့။
ဘာပဲဖြစ်ဖြစ် ဆရာဝန်ကတော့ ရှင့်ရဲ့ သွေးစီးကြောင်းတွေ ပိတ်ပစ်မှာ မဟုတ်ပါဘူး"





အာဂ ယောက်ျား

အရက်ဆိုင်တွင် လူသုံးယောက် စကားပြောနေကြသည်။ နှစ်ယောက်က သူတို့၏ ဇနီးများအပေါ် အနိုင်ယူပုံများကို
ကြွားဝါပြောဆိုကြသည်။ တတိယတစ်ယောက်ကမူ ထူးထူးခြားခြား နှုတ်ဆိတ်နေသည်။ အချိန်အနည်းငယ်အကြာတွင်
လူနှစ်ယောက်အနက် တစ်ယောက်က တတိယလူကို မေးလိုက်သည်။
"ကဲ…မင်းကရော ဘယ်လိုလဲကွ။ မင်းဇနီးကို ဘယ်လိုနည်းနဲ့ အနိုင်ယူသလဲ"
"ငါပြောပြပါမယ်ကွာ။ တစ်ညကဆိုရင် ငါ့ဇနီး ငါ့ဆီကို လေးဘက်ထောက်ပြီးတောင် လာရတာကွ" ဟု တတိယ
တစ်ယောက်က ပြောဆိုသည်။ "ဝိုး…ဒီနောက်ရော ဘာဖြစ်သေးလဲ "
တတိယလူက ဘီယာကို အားပါးတရ သောက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
"ငါ့မိန်းမက ပြောသေးတယ်ကွ။ ကုတင်အောက်က ထွက်လာပြီး ယောက်ျားပီပီ တိုက်ခိုက်စမ်းပါတဲ့"

မဆုံစည်းနိုင်တဲ့ချစ်သူ

ရင်မှာသိုသိပ်
ချစ်စကားတွေကို
ပြောချင်ပေမယ့်....
ကောင်းကင်နဲ့
မြေကြီးလို...
ခြားနားချက်ကြောင့်..
ပြောမထွက်ခဲ့ပါဘူးချစ်သူရယ်...
ကြယ်ကြွေတိုင်းဆုတောင်းချင်ပါတယ်...
ဒီဘဝမှာ.......
မဆုံစည်းနိုင်ရင်...
နောင်ဘဝမှာ..ဆုံစည်းချင်ပါတယ်..
လွမ်းပြီးအိပ်မရတဲ့ညလဲမနည်းတော့ပါဘူး
မဖြစ်နိုင်မှန်းသိပေမယ့်..
ရင်ထဲမှာအလိုလို
ဆုံးရှုံးရမှာကြောက်နေမိတယ်...
ဘာပဲလုပ်လုပ်...
အမြဲတမ်း..
ငါ့စိတ်ကူးထဲမှာ......
မင်းနေရာယူထားတာပါ..
ချစ်နေကြပေမယ့်လဲ....
ဝေးနေကြရတာ...
ငါတို့ရဲ့ ကံကြမ္မာပါပဲ....
မင်းနဲ့ငါ မဆုံဆည်းခဲ့ရင်..
သိပ်ကောင်းမှာပဲ...
ချစ်သူရယ်.........။

လမ်းမသိသောယင်ကောင်

ဒီဇတ်လမ်း ကတော်တော် ဖတ်ကောင်းတယ် ။ ကိုယ့် ခံယူချက်နဲ့ လည်း တိုင်ဆိုင်မိလို့ တင်ပေးလိုက်ပါတယ် ။ စာဖတ်သူတို့ ရဲ့ ဘ၀ မှာလည်း အလားတူအဖြစ်မျိုးတွေ ကြုံခဲ့ ဖူးမှာပါ ။ မီလ် ခရော့(ဖ) စားသောက်ဆိုင်၏ တတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာ ကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်က တိုရွန်တို့မြို့ ဘက် တစ်နာရီခြား ခရီးလောက်မှာ ရှိနေသည်။ ထင်းရှုးပင် များကြားမှာ ပုန်းလျှိုး တည်ရှိသည့် ငြိမ်းချမ်းသော နေရာကလေး။ သို့သော် ကျွန်တော်နှင့် သုံးလေးပေအကွာလောက်မှာ သေရေးရှင်ရေးတမျှ အမောတကော ကြိုးပမ်း ရုန်းကန်နေသံတစ်ခု ကျွန်တော်ကြားနေရသည်။ ယင်ကောင်လေးတစ်ကောင် ပြတင်းမှန်ချပ်ကို ဖောက်ထွက်နိုင်ရန် အသည်းသန်ကြိုးစားနေခြင်းပင်။ သူ့ ခန္ဓာကိုယ်၌ အကြွင်းကျန်သမျှ စွမ်းအားကို ဖြစ်နိုင်စရာ မရှိသည့် သည်အရေးကိစ္စကြီး အတွက် သူဖြုန်းတီးနေသည်။ ညံသထက်ညံလာသည် တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်းလှသည်။ ယင်ကောင်၏ လုပ်ငန်းစဉိကို ဖော်ပြနေသည်။ ကြိုးစား၊ မအောင်မြင်လျှင် သည့်ထက် သည့်ထက် ပိုကြိုးစား၊ ဟူသော လုံ့လ၀ါဒ လမ်းစဉ်။ သို့သော် လောလောဆယ် သည်လမ်းစဉ်က အလုပ်မဖြစ်ပေ။ အသည်း အသန် ကမူးရှူး ထိုးကြိုးစားနေခြင်းကြောင့် သူ့အတွက် လွတ်လမ်းပေါ်မလား။ ရှင်သန်မည့် အလားလာလည်း စိုးစဉ်းမျှ မမြင်ရ။ စင်စစ် မစဉ်းမစား အားထုတ်ရုန်းကန်သော်လည်း ပြတင်းမှန်ချပ်ကိုကား ဖောက်ထွက်လာနိုင်စရာ အကြောင်းမရှိ။ မည်သို့ပင်ဖြစ်စေ ၊ ယင်ကောင်လေးကတော့ သူ့ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် အသက်ပင်သေသေ ဟူသော စိတ်ဓာတ်မျိုးဖြင့် ကျားကုတ်ကျားခဲ အားထုတ်ရုန်းကန်သွားရန် စိတ်ဓာတ်ခိုင်မာလျက် ရှိနေသည်။ ၀မ်းနည်းစရာပင် ယင်ကောင်၏ ဘ၀နိဂုံးကို သိမြင်နေရသည်။ သူသည် သည်ပြတင်းပေါက် ဘောင်ပေါ်၌ ပင် သေပွဲဝင်ရမှာ သေချာလျက်ရှိသည်။ စင်စစ်၊ အခန်း၏ တစ်ဖက်ခြမ်း သည်မှန်ပြတင်းမှ ခြေဆယ်လှမ်းခန့် အကွာ၌ တစ်ခါးတစ်ခုသည် ဟင်းလင်းပွင့်လျက်ရှိသည်။ သုံးလေးစက္ကန့် ပျံသန်းရုံဖြင့် ယင်ကောင်ငယ်သည် သူမျှော်လင့်တောင့်တသည့် ပြင်ပ ကမ္ဘာသို့ လှစ်ကနဲ ရောက်ရှိသွားနိုင်၏ ။ သည်မှာ အသည်းအသန် အားထုတ်ရုန်းကန်နေသည်ကို ခဏလေးနားကာ ဘေးဘီသို့ အသာလှည့်ကြည့် ရုံမျှဖြင့် မိမိဘာသာထည့်သွင်းထားသည့် လှောင်ချိုင့် အတွင်းမှ သူလွတ်မြောက်သွားနိုင်၏။ မှန်နံရံကို ဖောက်ထွက်နိုင်သော အခွင့်အလမ်း သို့မဟုတ် သည်အခန်းတွင်းမှ လွတ်မြောက်နိုင်သော အခွင့်အလမ်းသည် ထိုအနီးနားလေးမှာပင်ရှိ၏။ သိသူအတွက်ကား လွယ်ကူလှဘိသည်။ ဇွဲကြီးလှသော ထိုယင်ကောင်သည် အဘယ်ကြောင့်နောက်တစ်မျိုး ပြောင်း၍ ကြိုးစားရကောင်းမှန်း မသိခဲ့ပါသနည်း။ သူရွေးချယ်ခဲ့သည့် တစ်ခုတည်းသော နည်းလမ်းကို အဘယ်ကြောင့် သည်မျှ သဲသဲမဲမဲ စွဲနေရသနည်း။ သည်နည်းလမ်း အတိုင်း ကျားကုတ်ကျားခဲ လုပ်ခြင်းသည်သာ အောင်မြင်မှု ရရန် အသေချာဆုံဖြစ်သည်ဟု အဘယ်ကြောင့် သည်မျှ စွဲလမ်းယုံကြည်နေရသနည်း။ သေချင်သေပစေ သည်နည်းလမ်းအတိုင်းပဲစွဲစွဲမြဲမြဲ အားထုတ်သွားမည် ဟူသော စိတ်သည်ဘယ်သို့သော ကျိုးကြောင်းဆင်ခြင်မှုမျိုးမှပေါ်ပေါက်ခဲ့ သနည်း။ ယင်ကောင်အနေနှင့် တော့ သူ၏ လုပ်ငန်းလမ်းစဉ် သည်ပင် ကျိုးကြောင်းအသင့်မြတ်ဆုံးလမ်းစဉ် ဖြစ်ချင်ဖြစ်နေပါမည်။ သို့သော် ၀မ်းနည်းဖွယ်ကောင်းသည်က သူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန်သည် အသက်ဆုံးရှုံးခြင်းဖြင့် နိဂုံးချုပ်ရမည့် အယူအဆမျိုး လုပ်နည်းလုပ်ဟန်မျိုး ဖြစ်နေခြင်းပင်။ ကြိုးစား ၊ မအောင်မြင်လျှင် သည့်ထက် သည့်ထက် ပိုကြိုးစား၊ ဟူသော နည်းသည် အမြဲသင့်တော်မှန်ကန်သည့် အဖြေ နည်းလမ်းမဟုတ်ပါ။ သည်ဝါဒတစ်ခုတည်း ကို အားကိုးပြုထားရုံဖြင့် သင်၏ဘ၀ ရည်မှန်းချက်တွေထမြောက်အောင်မြင်လမ့်မည်ဟု စိတ်ချယုံကြည်၍ မရ ပါ ။ စင်စစ် သည်လမ်းစဉ်ကို တရားသေ ကိုင်စွဲခြင်းကြောင့်ပင် ပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါသည်။ နည်းလမ်းကို ပြန်လှန်သုံးသပ်မှူု မပြု၊ ပြုပြင်ပြောင်းလဲရန်လည်း မကြိုးစား၊ ၀ီရိယကို အမြင့်ဆုံးတင်နိုင်လျှင် ရှိသမျှ အတားအဆီး ကို ဖောက်ထွက် ကျော်လွှားနိုင်ရမည် ဟူသောအစွဲဖြင့် လုပ်ကိုင်သွားမည်ဆိုက မအောင်မြင်ရုံမက အောင်မြင်သည့် အခွင့်လမ်းများစွာ ကိုပင် မိမိဘာသာ ဖျက်ဆီးပစ်မိနိုင်ပေသည်။ ကြိုးစားပါလျက် ဖောက်ထွက်၍မရသည့် အခါတိုင်း ယင်ကောင် ကို သတိရပါ ။

မျောက်ပုံပြင်

ဦထုပ်ရောင်းသူတစ်ယောက်ဟာ တောလုပ်တစ်ခုကိုဖြတ်သွားရင်း သစ်ပင်တစ်ပင်အောက်မှာ တစ်မှေးအိပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ ဦးထုပ်ခြင်းတောင်းကို ဘေးမှာချထားလိုက်တာပေါ့ ။ အချိန်အနည်းငယ်ကြာပြီးနောက် သူအိပ်ရာမှ နိုးတော့ သူ့ဦးထုပ်အားလုံး ပျောက်ဆုံးနေကြောင်း သိလိုက်ရတယ် သူမော့ကြည့်ပြီး အံ့ အားသင့်သွားတယ် ။ သစ်ပင်တစ်ပင်လုံးမှာမျောက်တွေနဲ့ ပြည့်နှက်နေပြီး သူ့ဦးထုပ်အားလုံးကိုသူတို့ကယူထားကြတယ်။ ဦးထုပ်ရောင်းသူဟာ ထိုင်ချလိုက်ပြီး ဘယ်လိုနည်းနဲ့ ဦးထုပ်တွေ အောက်ကျလာနိုင်မလဲလို့ စဉ်းစားကြည့်တယ်။ စဉ်းစားနေရင်း သူ့ခေါင်းကို ကုတ်လိုက်မိတယ်. နောက်ခဏချင်းမှာဘဲ့ မျောက်တွေက အလားတူ လိုက်လုပ်ကြတယ်။ နောက်ထပ်ပြီး သူ့ဦးထုပ်ကိုချွတ်လိုက်တဲ့အခါ မျောက်တွေက အလားတူအတိအကျ လုပ်ကြတယ်။ သူအကြံရလာပြီး သူ့ဦးထုပ်ကို ကိုင်ကာမြေကြီးပေါ်သို့ ပစ်လိုက်ရာ မျောက်တွေကလည်း လိုက်လုပ်ကြပြန်တယ် ။ ဒီလိုနဲ့ သူ့ဦးထုပ်အားလုံးကို ပြန်ရခဲ့တယ်။ နှစ်ငါးဆယ်ကြာပြီးနောက် သူ့မြေးဖြစ်သူ ဆုခ်ဝင်ဒါ ဟာလည်း ဦးထုပ်ရောင်းသူ ဖြစ်လာပြီး ဒီမျောက်ပုံပြင်ကို သူ့ရဲ့ အဘိုးထံက ကြားနာခဲ့ရတယ် တစ်နေ့ သူ့အဘိုးလိုပဲ အလားတူ သစ်တောအုပ်ကို ဖြတ်သန်းသွားခဲ့တယ်။ အလွန်ပူပြင်းတာကြောင့် အလားတူ သစ်ပင်အောက်မှာ တမှေးအိပ်ကာ ဦးထုပ်တွေကို မြေကြီးပေါ်မှာချထားလိုက်တယ်။ သူနိုးလာခဲ့ရာ သူ့ဦးထုပ်အားလုံးမှာ သစ်ပင်ပေါ်ရှိမျောက်များက ယူဆောင်သွားကြောင်း သိလိုက်ရတယ်။ သူ့အဘိုးရဲ့ စကားကို သတိရပြီး သူ့ခေါင်းကိုစကုတ်ရာ မျောက်တွေက လိုက်လုပ်ကြတယ်။ သူ့ဦးထုပ်ကိုချွတ်ပြီး ယပ်ခတ်ရာမျောက်တွေက လိုက်လုပ်ကြပြန်တယ်။ ဒီလိုနဲ့ အဘိုးရဲ့ စကားကို အလွန်လက်ခံယုံကြည်တဲ့ ဆုခ်ဝင်ဒါဟာ သူ့ဦးထုပ်ကို မြေကြီးပေါ်သို့ ပစ်လိုက်ပေမဲ့ မျောက်တွေက ဦးထုပ်အားလုံးကို ကိုင်ထားဆဲ ရှိနေတာကြောင့် အဲ့အားသင့်သွားတယ်။ အဲဒီအချိန်မှာ မျောက်တစ်ကောင်ဟာ သစ်ပင်ပေါ်မှ ဆင်းလာခဲ့တယ်။ မြေကြီးပေါ်ရှိ ဦးထုပ်ကိုလုယူပြီး သူ့ကို ပုတ်ကာ ပြောလိုက်တာက " မင်းက မင်းတစ်ယောက်တည်းမှာပဲ အဘိုးရှိတယ်လို့ ထင်နေသလား" တဲ့

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...