https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Nov 17, 2012

အွန်လိုင်းပေါ်မှာ..ကိုယ့်အကြောင်းပြောရင်..ဘာတွေဖြစ်လာနိုင်မလဲ

သူမဖတ်လက်စ စာအုပ်ကို ဆိုဖာပေါ်ပစ်ချလိုက်ပြီး အဆာပြေတစ်ခုခု စားရင်းအွန်လိုင်းဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အွန်လိုင်းမှာ သူမရဲ့နာမည်က ByAngel1213ဖြစ်ပါတယ်။ အွန်လိုင်းမှာရှိနေတဲ့ သူမရဲ့ချက်တင်မိတ်ဆွေများကို
စစ်ကြည့်လိုက်တော့ သူမနဲ့စကားပြောနေကျ Goto123ရှိနေတာကို တွေ့ရပါတယ်။
ဒါကြောင့် မတ်ဆေ့ခ်ျတစ်ခု လှမ်းပို့လိုက်ပါတယ်။



ByAngel1213: ဟိုင်း...အွန်လိုင်းမှာရှိနေတာ ၀မ်းသာလိုက်တာ။
ဒီနေ့ ကျွန်မအိမ်ပြန်လာတော့ နောက်က တစ်ယောက်လိုက်လာသလို ထင်ရတယ်။ ကျွန်မကြောက်လိုက်တာ။


Goto123: မင်းက တီဗွီဇာတ်လမ်းတွဲတွေ ကြည့်လွန်းတယ်ထင်တယ်။
မင်းနောက်ကို ဘယ်သူက ဘာကြောင့်လိုက်ရမှာလဲ။ မင်းပတ်ဝန်ကျင်က မလုံခြုံဘူးလား။


ByAngel1213: ဟုတ်ပါရဲ့။ ကျွန်မ စိတ်ကူးယဉ်သွားတာပဲ ထင်ပါတယ်။
နောက်လှည့်ကြည့်တော့လည်း ဘယ်သူမှမတွေ့ပါဘူး။


Goto123: မင်းအွန်လိုင်းမှာ မင်းနာမည်ကို ဘယ်သူ့ကိုမှ မပြောသေးဘူး မဟုတ်လား။


ByAngel1213: ဟင့်အင်း၊ မပြောသေးပါဘူး။ ကျွန်မအဲသလောက် မအသေးဘူးဆိုတာ ရှင်သိတယ်မို့လား။


GoTo123: ဒီနေ့ ကျောင်းမှာ ဆောဖ်ဘောလ် ကစားသေးလား။


ByAngel1213: အင်းကစားတာပေါ့။ ကျွန်မတို့ အသင်းက နိုင်တယ်။


GoTo123: ဘယ်အသင်းနဲ့ ကစားရတာလဲ။


ByAngel1213: Hornts အသင်းနဲ့ကစားတာ၊ သူတို့ယူနီဖောင်းတွေက အရောင်တောက်တောက်နဲ့၊
သူတို့ကြည့်ရတာ ပျားတွေလိုပဲ။


GoTo123: မင်းတို့ အသင်းနာမည်က ဘာလဲ။

ByAngel1213: ကျွန်မတို့အသင်းက Canton Cats လေ။ ကျွန်မတို့ ယူနီဖောင်းကျောပေါ်မှာ ကျားခြေရာတွေ
တင်ထားတယ်။ ကျွန်မတို့ ယူနီဖောင်းကသိပ်လှတာ။


GoTo123: မင်းက ရှေ့တန်းကစားတာလား။


ByAngel1213: မဟုတ်ဘူး။ ကျွန်မက ဒုတိယတန်းမှာ ကစားတာပါ။ ကျွန်မ အိမ်စာလုပ်ရအုံးမယ်။
အဖေတို့ အမေတို့ ပြန်မလာခင်ပြီးအောင်လုပ်ရမှာ မပြီးသေးရင် ကျွန်မကိုဆူကြလိမ့်မယ်။
ဘိုင့် ဘိုင်.......


GoTo123: ကောင်းပြီလေ။ နောက်နေ့မှ တွေ့တာပေါ့။ ဘိုင်။




အဲဒီအချိန်မှာ GoTo123က သူ့Contact များစာရင်းကို ပြန်ဝင်ပြီးသူမနဲ့ပတ်သတ်တဲ့ အချက်အလက်များကို
ပြန်လေ့လာလိုက်ပါတယ်။ ဒါတွေကို Print Out ထုတ်လိုက်ပြီး အရေးကြီးတဲ့ အချက်တွေကို Hight Light လုပ်လိုက်
ပါတယ်။ ဘောလ်ပင်ကို ထုတ်လိုက်ပြီး သူသိသမျှအချက်အလက်တွေကို ရေးချလိုက်ပါတယ်။




အမည် - Shannon
မွေးနေ့ - ၁၉၈၅ ခုနှစ်၊ဇန်န၀ါရီလ ၃ ရက်
အသက် - ၁၃ နှစ်
နေရပ်လိပ်စာ - မြောက်ပိုင်း၊ ကယ်ရိုလိုင်းနား
ဝါသနာ - ဆော့ဖ်ဘောကစားခြင်း၊ သံပြိုင်သီချင်းဆိုခြင်း၊ စကိတ်စီးခြင်း၊ ဈေးဝယ်ထွက်ခြင်း။
သူသိထားတဲ့ ဒီအချက်အလက်တွေအပြင် Shannon ဟာ Canton မှာနေတယ်ဆိုတာကိုလည်း သူ့စကားတွေထဲက
သိထားပြီးပါပြီ။ သူမဟာ ကျောင်းဆင်းချိန်ကနေစပြီး ညနေ ၆ နာရီခွဲအချိန်ထိ အိမ်မှာတစ်ယောက်တည်းရှိနေပြီး ၆ နာရီ
ခွဲကျော်မှ မိဘတွေပြန်ရောက်လာတတ်တယ်။ ကြာသာပတေးနေ့တိုင်း ဆော့ဖ်ဘောလ် ကစားတတ်တယ်။ သူမပါဝင်
ကစားတဲ့ အသင်းနာမည်က Canton Cats ဖြစ်ပြီး၊ သူမအနှစ်သက်ဆုံး နံပါတ် ၇ ကို ကျောနံပါတ်အဖြစ်ယူထားတယ်။
အဋ္ဌမတန်းကျောင်းသူဖြစ်ပြီး Canton Junior High School မှာကျောင်းတက်နေတယ်။ ဒီအချက်အလက်တွေက သူတို့
နှစ်ယောက်ချက်တင်လုပ်ရင်းက သိလာတဲ့ အချက်အလက်တွေဖြစ်ပါတယ် အချက်အလက်စုံစုံလင်လင်ရပြီ ဖြစ်တဲ့
အတွက် သူ့အနေနဲ့ Shannon ကို ရှာဖို့ မခက်တော့ပါဘူး။




Shannon က ကျောင်းကအပြန်မှာ လူတစ်ယောက်က နောက်ကလိုက်ကြည့်သလို ခံစားရတယ်ဆိုတာကို သူ့မိဘတွေ
သိအောင် ပြန်မပြောခဲ့ပါဘူး။ မိဘတွေက စိတ်ပူတတ်လွန်းတော့ မလိုအပ်တဲ့ ကိစ္စတွေပေါ်လာမှာကို စိုးရိမ်လို့ပါပဲ။
ကြာသာပတေးနေ့ ရောက်လာချိန်မှာတော့ Shannon ရဲ့ စိတ်ထဲမှာပြီးခဲ့တဲ့အပတ်က သူ့နောက်ကို လူတစ်ယောက်
လိုက်နေတယ်ဆိုတဲ့ စိတ်မရှိတော့ပါဘူး။ အားလုံးကို မေ့ထားလိုက်ပါပြီ။




ပွဲကလည်း ကောင်းနေတယ်။ ကစားနေရင်းမှာပဲ သူ့ကို တစ်ယောက်ယောက် စိုက်ကြည့်နေတယ်လို့ ခံစားလိုက်ရတဲ့
အတွက် ပြီးခဲ့တဲ့အပတ်က ခံစားရတာမျိုးပြန်ဖြစ်လာတယ် ကစားနေရင်းက ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့
လူတစ်ယောက် သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတာ သတိထားလိုက်မိတယ်။




သူက ၀င်းထရံကို ကျောမှီရပ်နေပြီး သူနဲ့ မျက်လုံးချင်းဆုံလိုက်တော့ ပြုံးပြသေးတယ်။ သူ့ကြည့်ရတာ ကြောက်စရာ
တော့ မကောင်းပါဘူး။ Shannon က ကစားပွဲမှာစိတ်ပြန်သွင်းပြီး ဆက်ကစားနေခဲ့ပါတယ်။ ပွဲပြီးတော့ နည်းပြဆရာနဲ့
စကားပြောနေရင်း ဟိုလူရှိမယ့်ဘက်ကိုလှမ်းကြည့်လိုက်တော့ ပြုံးနေတာကိုတွေ့ရတယ်။ ဒီတစ်ခါတော့ ခေါင်းကိုပါ
မသိမသာညိတ်ပြတာ တွေ့လိုက်ရတဲ့အတွက် Shannon ကလည်း ပြန်ပြုံးပြလိုက်မိတယ်။ သူမရဲ့ အားကစားအင်္ကျီ
ပေါ်မှာ နံပါတ် ၇နဲ့တွဲပြီးနာမည်ကိုပါ တွေ့လိုက်ရတာကြောင့် သူရှာနေတဲ့လူသေချာသွားပြီဆိုတာ သိလိုက်ပါပြီ။




Shannon သွားရာနောက်ကို ခြေသံလုံလုံနဲ့ နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ ကျောင်းနဲ့မလှမ်းမကမ်းမှာရှိတဲ့ အိမ်ထဲကို
Shannon ၀င်သွားတော့မှ သူ့နောက်ကြောင်း ပြန်လှည့်ပြီး ကားရပ်ထားခဲ့တဲ့ နေရာကို ပြန်လာခဲ့ပါတယ်။ သူအချိန်
စောင့်ရဦးမယ်။ စားတော့မယ့်ကျားက အချိန်စောင့် ရဦးမယ်လေ။ ဒါကြောင့်အဆာပြေ စားသောက်လို့ရတဲ့ ဆိုင်တစ်ခု
ကိုမောင်းသွားခဲ့ပြီး သူလှုပ်ရှားရမယ့်အချိန်အထိ အချိန်ဖြုန်းနေခဲ့ပါတယ်။




သူ့အခန်းထဲမှာ ရှိနေတုန်း Shannon က ဧည့်ခန်းထဲက အသံတွေကြားလိုက်ရတယ်။
“Shannon” လာစမ်းလို့ အဖေအော်သံကို ကြားလိုက်ရတယ်။ အဖေ့အသံက တော်တော်စိတ်ပျက်နေသံပေါက်ပြီး
ဘာကြောင့်များ စိတ်ပျက်လက်ပျက်ဖြစ်ရသလဲဆိုတာကိုတော့ စဉ်းစားလို့မရပါဘူး။ ဧည့်ခန်းထဲ ထွက်လိုက်တော့
သူကစားနေတုန်းက ကြည့်နေတဲ့လူကို ဆိုဖာပေါ်မှာအခန့်သားတွေ့ရတယ်။




“ထိုင်စမ်း၊ ဟောဒီပုဂ္ဂိုလ်က သမီးနဲ့ပတ်သက်ပြီး အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုကို ပြောပြတယ်
လို”့ အဖေကဆိုတယ်။ Shannon က ၀င်ထိုင်လိုက်ပြီး သူ့ကိုကြည့်ရင်း စဉ်းစားနေမိတယ် ဒီလူကငါနဲ့မသိဘဲနဲ့
ဘာဖြစ်လို့ငါနဲ့ ပတ်သက်တဲ့အကြောင်းအရာကို ပြောပြခဲ့တာလဲ၊ သူ့ကို ဒီနေ့မှ မြင်ဖူးတာပဲ။




“ကိုယ် ဘယ်သူလဲသိလား Shannnon” လို့ အဲဒီလူကမေးလာတယ်။
“ဟင်းအင်း မသိပါဘူး ” လို့ Shannon က ဖြေလိုက်တယ်။
“ကိုယ်က ရဲအရာရှိတစ်ယောက်ပါ။ မင်းနဲ့ အွန်လိုင်းမှာ မိတ်ဆွေဖြစ်နေတဲ့ GoTo123 ပေါ့” Shannon အံ့သြသွားတယ်။
“မဖြစ်နိုင်ပါဘူး။ GoTo123 က ကျွန်မအရွယ် (၁၄ )နှစ်သားပဲရှိသေးတာ။ ပြီးတော့ သူက မစ်ချီဂန်မှာနေတာ”
ဟိုလူက ပြုံးလိုက်တယ်။



“ကိုယ်မင်းကို ဘာပြောခဲ့တယ်ဆိုတာ ကိုယ်သိတာပေါ့။ အဲဒါတွေက အားလုံးအမှားတွေချည်းပဲ။ ဒီမှာကြည့်စမ်း
Shannon အွန်လိုင်းမှာ တွေ့တဲ့သူတွေပြောသမျှဟာ အမှန်တွေချည်းပဲလို့ မယုံနဲ့။ ကိုယ်လည်းမင်းကို လိမ်ပြောခဲ့တဲ့
လူတစ်ယောက်ပဲ။ အေး အဲဒီလိုလိမ်ပြောတဲ့လူတွေက မင်းတို့လို ကလေးတွေကို နာကျင်အောင်၊ ဒုက္ခရောက်အောင်
လုပ်တတ်ကြတယ်။ ကိုယ်ကတော့ မိဘတွေနဲ့ ပူးပေါင်းပြီးကလေးတွေ ဒုက္ခမရောက်အောင် ကာကွယ်စောင့်ရှောက်
နေတဲ့ရဲအရာရှိတစ်ယောက်ပါ။ အွန်လိုင်းမှာ မင်းနာမည်ကိုမပြောခဲ့ပေမယ့် မင်းပြောတဲ့ အချက်အလက်တွေကိုစုစည်း
လိုက်ရင်မင်းကို အလွယ်တကူရှာနိုင်တယ်ဆိုတာ ကိုယ်လက်တွေ့ပြလိုက်တာ။ ကျောင်းနာမည်သိတယ်။ ကစားတဲ့
အသင်း နာမည်သိတယ်။ ဘယ်နေရာကစားတယ် ကျောနံပါတ်က ဘယ်လောက် ဒါတွေသိလိုက်တော့ အလွယ်တကူ
ရှာလို့ရတာပေါ့။




Shannon တုန်လှုပ်သွားမိတယ်။ “ဒါဆို ရှင်က မစ်ဂျီဂန်က မဟုတ်ဘူးပေါ့။”
သူက ရယ်လိုက်တယ်။ “အဲဒီလို အဝေးကြီးနေရာကိုပြောမှ မင်းကစိတ်ချလက်ချ လက်ခံစကားပြောမှာမို့
ကိုယ်က လိမ်ပြောခဲ့တာပါ။” Shannon ခေါင်းညိတ်လိုက်မိတယ်။




“ကိုယ်မိတ်ဆွေမှာ မင်းလိုအရွယ်သမီးလေးတစ်ယောက်ရှိတယ်။ အဲဒီကလေးမလေးကတော့ မင်းလို ကံမကောင်းခဲ့
ရှာဘူး၊ အွန်လိုင်းမှာမင်းလိုပဲ မိတ်ဆွေဖြစ်ခဲ့တဲ့ လူတစ်ယောက်က အလွယ်တကူရှာပြီး အိမ်မှာ တစ်ယောက်တည်းရှိ
နေတုန်းဝင်သတ်သွားတယ်။ ဒါကြောင့် မင်းတို့လို အရွယ်ကလေးတွေက အွန်လိုင်းမှာ တွေ့ကရာလူကို ကိုယ်နဲ့
ပတ်သတ်တဲ့ အကြောင်းအရာတွေ မပြောသင့်ဘူး။ တမင်တကာပြောတာ မဟုတ်ပေမယ့် စကားပြောရင်းက သိချင်တဲ့
အကြောင်းအရာတွေ ပြောပြီးသား ဖြစ်သွားတတ်တယ်။




အခုမင်းကိုပဲ ကြည့်လေ၊ မင်းမပြောပေမယ့် မင်းကို ကိုယ်ရအောင် ရှာဖွေနိုင်တယ်မဟုတ်လား။ ဒါကို သင်ခန်းစာယူပြီး
တော့ နောက်ထပ်အွန်လိုင်းမှာ ကိုယ်နဲ့မသိတဲ့ လူတစ်ယောက်ကို စကားအလွန်အကျွံ မပြောမိအောင် သတိထားပါ။
မင်းသူငယ်ချင်းတွေကိုလည်း သတိပေးပါ။ ဒါမှမင်းတို့လို အရွယ်ကလေး ချက်တင်လုပ်ပေမယ့် လုံခြုံစိတ်ချရမယ်။”



“ဟုတ်ကဲ့ ကျွန်မ ကတိပေးပါတယ်။”




ဆောင်းပါးရှင် - ၀င်းငြိမ်း
အလင်းတန်း ဂျာနယ်


----------------------------------------


ဒီဆောင်းပါလေးကို ကျနော်ပြန်လည်မျှဝေရခြင်းက လက်ရှိတိုးတတ်နေတဲ့ ခေတ်ထဲမှာ
ယခုဆောင်းပါးထဲကလို ဆိုးကျိုးဒုက္ခတွေကြုံတွေ့လာနိုင်တဲ့အတွက် ညီငယ်၊ညီမငယ်များ အား
သတိပေးချင်မိတာကြောင့်ပါ။

တစ်ကယ်တော့ အင်တာနက်ဆိုတာ စာပေ၊ပညာ နဲ့ ဗဟုသုတတွေ ရှာဖွေလေ့လာရာ
စာကြည့်တိုက်ကြီး တစ်ခုလိုပါပဲ...... ဘာသာရေးဆိုင်ရာများ၊ နည်းပညာများစာပေများ၊ သုတရသစာပေများ၊
ပြီးတော့ နိုင်ငံရပ်ခြားမှာ ဖြစ်ပျက်နေတဲ့သတင်းများကို အင်္ဂလိပ်လို မြန်မာလို ကိုယ်ကျွမ်းကျင်ရာ ဘာသာရပ်နဲ့
Google Page မှာရှာဖွေလေ့လာနိုင်ပါတယ်။


ပြီးတော့ ပြည်ပရောက်နေတဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေများနဲ့ လည်း
အင်တာနက်ကနေတစ်ဆင့် ရုပ်/သံ နဲ့တွေ့မြင်ခွင့်ရပီး အိမ်နဲ့ဝေးနေတဲ့ သူတွေအတွက်တော့
အင်တာနက်က အောင်သွယ်တော်ကြီးပမာ.... အားဆေးတစ်ခွက်ပမာပါပဲ ခင်ဗျား..


ဒီမှာပြောချင်တာကတော့ ကျနော်တို့ မြန်မာတွေအများစုက အင်တာနက်ကို
Chatting ထိုင်ဖို့သာအများဆုံး အသိထား သုံးနေကြတာပါပဲ..
(အားလုံးကို မဆိုလိုပါ)


ကိုယ်တိုင်လဲ မမြင်ဖူး၊မတွေ့ဖူး အင်တာနက်ချတ်တင်းထဲကနေ သိကြ၊ခင်ကြရာက ယုတ်မာတဲ့သူနဲ့တွေ့ပီး
ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရွှယ်ရောက်တဲ့သူတွေမှာ စဉ်းစားသုံးသပ် ဝေခွဲနိုင်ပေမဲ့
အရွယ်မရောက်သေးတဲ့ ကျနော့် ညီငယ်၊ညီမငယ်တွေမှာ အင်တာနက်ရဲ့သားကောင်တွေ ဖြစ်လာနိုင်တယ်
တိုးတတ်လာတဲ့ခေတ်နဲ့အညီ ပြည်ပကိုအားကြကျ၊ အတုခိုးပီး ဝတ်ဆင်ကြ
ခေတ်မှီတာမသိ ၊ ခေတ်ဆန်တာမသိနဲ့ အပြိုင်ဖေါ်မှ လှနိုင်တယ်ထင်နေကြပီး (ဟီးဟီး သရေကျစရာ)
ကျနော်နဲ့ ခင်တဲ့သူတစ်ယောက် ပြောပြဖူးတယ်.... ရည်းစားထားတာတောင် အပြိုင်အဆိုင်နဲ့ 
ဘယ်နှစ်ယောက်ကို အသဲခွဲနိုင်ခဲ့ပြီးပီးလို့  အချင်းချင်း အင်တာနက်ထဲမှာ ဂုဏ်ယူစွာနဲ့ပြောနေကြပီးတဲ့ဗျား
(ခက်တယ်ဗျာ့..ဟူးးး)


နောက်တစ်ခုက Website သုံးတဲ့သူတွေအနေနဲ့ 
ကိုယ့်ရဲ့ ဓါတ်ပုံ ၊ ကိုယ့်ရဲ့ကိုယ်ရေး ရာဇဝင်တွေကို အလွယ်တကူမတင်စေချင်ပါဘူး။
မမြင်နိုင်တဲ့ အန္တရယ်က အချိန်မရွေးေ၇ာက်လာနိုင်ပါတယ်။
သုံးတာတော့ သုံးပေါ့ဗျားး .... အသိ နဲ့ သတိတော့ ယှဉ်ထားပေါ့
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားတာတော့ ကောင်းပါတယ် .... ဒါပေမဲ့ တစ်ဖက်က စိတ်ကို
ကိုယ့်ရဲ့ စိတ်သဘောထားရိုးသားမှုနဲ့  ထပ်တူကျနေမယ်လို့  ဘယ်တော့မှမတွေးမိစေနဲ့ ဗျာ့
အင်တာနက်ကိုသုံးလို့  ကျင်လည်လာလေလေ သူအတွက်အရာရာတိုင်းက လွယ်ကူလာလေလေပါပဲ..


ကျနော့ စေတနာသတိပေးစကားကို ဆရာကြီးလားလို့ မေးချင်နေကြပီးထင်တယ်
ကျနော် ဆရာကြီး မဟုတ်ပါဘူးခင်ညာ့ ... စာဖတ်ဝါသနာအိုးလေး တစ်ယောက်မို့ 
စာပေထဲက အသိနဲ့  အင်တာနက်ထဲက ဗဟုသုတပေါင်းပြီး ကျနော့မှာရှိတဲ့ ဦးနှောက်လေးနဲ့ 
ဝေဖန်ခွဲခြား ညီ၊ ညီမငယ်များကို သတိပေးရခြင်းပါ။


ဘယ်လိုပဲထင်ထင်ဗျား ..... ကျနော့ဆန္ဒလေးကတော့
အွန်လိုင်းချတ်တင်းလောကထဲမှာ ပျော်မွေ့နေကြတဲ့ ကျနော့ ညီအစ်ကိုမောင်နှမတွေရဲ့
အသိ နဲ့ ခံစားချက်မှာ .......... အင်တာနက်ဆိုတာ သုံးတတ်ရင်ဆေး တစ်ခွက်ပါပဲ
မသုံးတတ်ရင် ဘေးဖြစ်တတ်တာကိုပြောရင်း နဲ့ အနာဂတ်မျိုးဆက်သစ် ပန်းပွင့်များစွာရဲ့ အသိမှာ
တို့ နိုင်ငံအတွက်၊ တို့ လူမျိုးအတွက်၊ တို့ ဘာသာသာသနာအတွက် အကျိုးပြုနိုင်မဲ့
စာပေတွေကို ဖြန့် ဝေသူ ၊ မျှဝေသူ ၊ ရေးသားသူမဟုတ်ရင်တောင် မှ
အင်တာနက်ကနေ ကိုယ့်အတွက်အကျိုးရှိစေနိုင်မဲ့ ဗဟုသုတ၊စာပေတွေကို ရှာဖတ်ကြရင်း
အမျိုးဂုဏ် ၊ ဇာတိဂုဏ် ၊ ပညာဂုဏ်တို့ ဖြင့် ပြည့်ဝနိုင်တဲ့သူများ ဖြစ်ကြပါစေဗျား..


မေလ်းမှတဆင့်......
 

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...