ဒီဖြစ်ရပ်ကတော့ စစ်ပွဲအတွင်းက ခင်ပွန်းဖြစ်သူနဲ့အတူ မိုဂျေးသဲကန္တာရအတွင်း တပ်စခန်းတစ်ခုမှာ သွားရောက်နေထိုင်
ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းပါ။ တကယ်တော့ အဲဒီနေရာကို သူမ မနှစ်မြို့ပါဘူး။ အဲဒီဒေသရဲ့ အပူချိန်ဟာ အရိပ်
ထဲမှာပင် (၁၂၅)ဒီဂရီအထိရှိနေပြီး သည်းမခံနိုင်သလောက်ပါပဲ။ လေဟာအဆက်မပြတ် တိုက်ခတ်နေတယ်။ ဘယ်နေရာ
ပဲကြည့်ကြည့် သဲပြင်ချည်းပါပဲ။
နောက်ဆုံးမှာတော့ သူမဟာ စိတ်ပျက်စွာဖြင့် အဲဒီသဲကန္တာရထဲမှာ မနေနိုင်တော့ကြောင်းနဲ့ မကြာမီ ပြန်လာတော့မည်
ဖြစ်ကြောင်း အိုဟိုင်းအိုးမှာရှိတဲ့ မိဘတွေဆီ စာရေးအကြောင်းကြားလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပင်…သူမဖခင်ဆီ
ကနေ စာနှစ်ကြောင်းတည်းပါတဲ့ ပြန်စာတစ်စောင် လေကြောင်းလိုင်းကနေ အမြန်ရောက်လာခဲ့တယ်။
“လူနှစ်ဦး ထောင်ထဲကနေ အပြင်ကို ကြည့်နေကြတယ်။
တစ်ဦးက ရွံ့တွေကို မြင်နေရပေမယ့် အခြားတစ်ဦးကတော့ ကြယ်တွေကို မြင်နေရတယ်” တဲ့။
သမီးဖြစ်သူဟာ သူမရဲ့ ဥာဏ်ပညာနဲ့ရော၊ သူမနှလုံးသားနဲ့ပါ အလေးအနက်ထား စဉ်းစားကြည့်လိုက်တယ်။
သူမ ရောက်နေရာအရပ်မှာ သည်းခံနေကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူမဟာ ဒေသခံတွေနဲ့ မိတ်ဆွေဖွဲ့တယ်။
အဲဒီနိုင်ငံကို ချစ်ခင်တတ်ဖို့ သင်ယူလေ့လာတယ်။ နောက်ဆုံးမှာတော့ သူမဟာ အဲဒီအကြောင်းကို စာအုပ်တစ်အုပ်
ရေးသားခဲ့တယ်။ သဲကန္တာရကတော့ ပြောင်းလဲမသွားပါဘူး။ သူမရဲ့ စိတ်သဘောထားကသာ ပြောင်းလဲသွားတာပါ။ သူမ
ဖခင် ပြောကြားခဲ့တဲ့ စကားတွေကို သူမနှလုံးသားက အလေးအနက်ထား လိုက်နာခဲ့တဲ့အတွက်ကြောင့် သူမအတွက်
သာယာလှပတဲ့ လောကသစ်တစ်ခုက စောင့်ကြိုနေပါတော့တယ်။
စဉ်းစား ဆင်ခြင်စရာ
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ကိုယ့်နေခဲ့တဲ့နေရာထက် လက်ရှိရောက်နေတဲ့နေရာဟာ သာလွန်ဆိုးရွားကြောင်း
သိလာတဲ့အခါ ညည်းညူမိတတ်ကြပါတယ်။ အဲဒီနေရာမျိုးမှာ တစ်စက္ကန့်လေးတောင်မှ မနေချင်တော့ဘဲ ချက်ချင်း
ပြန်ပြေးချင်စိတ်မျိုး ပေါက်လာတတ်ပါတယ်။
ဒါပေမယ့် ကိုယ်ဖြစ်ချင်သလို လက်ရှိရောက်နေတဲ့နေရာကို ပြောင်းလဲလိုက်လို့မှ မရတာ။ ကိုယ့်ဆွေမျိုး၊ မိတ်ဆွေတွေ
အားလုံးကိုလှမ်းခေါ်ပြီး၊ ကိုယ့်ဒေသအခြေအနေမျိုးစတဲ့ ကိုယ့်ဖြစ်ချင်တာတွေ ဖြစ်လို့မရပါဘူး။ အဲဒီအခါ မိဘဆွေမျိုး
တွေကိုလွမ်းလို့၊ မိတ်ဆွေသူငယ်ချင်းတွေကို သတိရလို့၊ဒေသရဲ့ ရာသီဥတုအခြေအနေမှာ မနေလို့စတဲ့ စိတ်ခံစားချက်
မျိုး ပေါ်ပေါက်လာတတ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ဟာ တစ်ခုခုကိုတော့ ပြောင်းလဲဖို့လိုလာပါတယ်။ လောကကြီးကို ပြောင်းလဲမလား။ ဒါမှမဟုတ်
ကိုယ်တိုင်ပဲ ပြောင်းလဲမလား။ လောကကြီးကို ပြောင်းလဲဖို့ထက် ကိုယ်တိုင်ပြောင်းလဲဖို့က ပိုပြီးလွယ်ကူပါတယ်။
ဒီဖြစ်ရပ်ထဲက အမျိုးသမီးလို ကျွန်တော်တို့လည်း လက်ရှိရောက်နေရာအရပ်ဟာ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊
မိတ်ဆွေသူငယ်ချင်းဖွဲ့မယ်၊ ဒေသဓလေ့ထုံးစံတွေ သင်ယူမယ်၊ တမူထူးခြားတဲ့ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်တဲ့
စိတ်ထားမျိုးရှိအောင် လုပ်မယ်ဆိုရင်တော့ နေပျော်စရာဘဝမျိုး ပိုင်ဆိုင်လာပါလိမ့်မယ်။
သင်ဟာ ထောင်ထဲကလူနှစ်ဦးလို ကောင်းကင်ကို မော့ကြည့်ပြီး ကြယ်ကိုမြင်တတ်တဲ့လူလား?
ဒါမှမဟုတ် မြေပြင်ကိုငုံ့ကြည့်ပြီး ရွံ့ပြင်ကို မြင်တတ်တဲ့လူလား? ဆိုတာကိုတော့ စဉ်းစားကြည့်စေချင်ပါတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref: A Change of Attitude by Unknown
မေးလ်မှတဆင့်