ဖြစ်အောင်လုပ်စမ်းပါ
၁၉၅၇ ခုနှစ် ကယ်လီဖိုးနီးယားတွင် ဆယ်နှစ်ရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက်ပန်းတိုင် တစ်ခု ချသည်။
အဲသည်အချိန်က အမေရိကန် ကြေးစားဘောလုံး (ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူ ဖြစ်သည်။ ပိန်တာရိုးကောင်လေးက သူ့အော်တိုလက်မှတ် လိုချင်သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ ရှိနေသည်။
သူသည် လူမဲ ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းရသူ ဖြစ်သည်။ သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင် မစားရ။ အာဟာရ ချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါ ရနေသည်။ အရိုးပေါ်အရေတင်သည့် သူ့ခြေထောက် ခွင်ခွင်လေးကို သံမဏိထိန်းတံများဖြင့် ကျားကန်ပေးထားရသည်။ လောလောဆယ်လည်း ပိုက်ဆံမရှိသဖြင့် ဘောပွဲဝင်ကြည့်ရန် လက်မှတ်မ၀ယ်နိုင်။ ထို့ကြောင့် ဂျင်(မ)ဘရောင်း ကစားပြီး၍ ပြန်တက်လာသည့်အချိန် တွေ့ဆုံရန် အ၀တ်လဲခန်းနားက စိတ်ရှည်လက်ရှည် စောင့်မျှော်နေရသည်။
ဂျင်(မ)ဘရောင်းနှင့်တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည်။ ဘရောင်း လက်မှတ်ထိုးနေသည့်အချိန် ကောင်လေးက ပြောပြသည်။
“မစ္စတာဘရောင်း…. ခင်ဗျားပုံကို ကျွန်တော့်အခန်းနံရံမှာ ချိတ်ထားတယ်ဗျ၊ စံချိန်တွေအားလုံး ခင်ဗျား ချိုးထားတာ ကျွန်တော်သိတယ်၊ ခင်ဗျားက ကျွန်တော် ကြည်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ”
ဘရောင်း ပြံး၍နားထောင်ပြီး သွားရန်ပြင်သည်။ သို့သော် ကောင်လေးက မပြီးသေး။ “ကျွန်တော် တစ်နေ့ကျရင် မစ္စတာရောင်းတင်ထားတဲ့ စံချိန်တွေအားလုံးကို ချိုးမယ်ဗျ” သူက ရဲရဲဝံ့ဝံ့ ကြေငြာသည်။
ဘရောင်း ဖြုံသွားသည်။ “သားနာမည် ဘယ်လိုခေါ်လဲကွ” သူ မေးလိုက်မိသည်။
“အိုရင်သယ်ဂျိမ်း(စ)ပါ၊ သူငယ်ချင်းတွေကတော့ အိုဂျေလို့ အတိုကောက် ခေါ်ကြပါတယ်” ကောင်လေးက ပြန်ဖြေသည်။
နောက်ပိုင်းတွင်မူ အိုဂျေဆင်မဆင် ဆိုသော ထိုအရိုးပျော့နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံးသမားတစ်ဦး တကယ် ဖြစ်လာခဲ့သည်။ ထိခိုက်ဒဏ်ရာကြောင့် ဘောလုံးလောကမှ စောစီးစွာ နှုတ်ထွက်ခဲ့ရသည့်အချိန်၌ ဂျင်(မ)ဘရောင်းတင်ခဲ့သည့် စံချိန်များအနက် သုံးခုမှအပ ကျန်အားလုံးကို သူချိုးနိုင် ခဲ့သည်။
လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုးဆွပေးသည့်နေရာ ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်း လောက် အင်အားပြင်းသောအရာ မရှိပါ။ ထို့ကြောင့်…
ပန်းတိုင် ခိုင်ခိုင်ချပါ။ ပြီးလျှင် အဲသည်အတိုင်း တကယ်ဖြစ်အောင် စွမ်းဆောင်ပါ။
[မူရင်း။ ။ Dan Clark ၏ Make It Come True](ဖေမြင့်ဘာသာပြန်သည်။)