ကောင်လေးနဲ့ ခွေးလေး
စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။
“ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်” တဲ့။
သည်ကြော်ငာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။
“ခွေးကလေး တစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ” သူက မေးသည်။
“ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစားရှိတယ်” ဆိုင်ရှင်က ဖြေသည်။
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေ နှိုက်ထုတ်သည်။ “ကျွန်တော့်မှာ ၂ ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ်။ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ ရမလားခင်ဗျ”
ဆိုင်ရှင်က ပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာရှိနေသည့် ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲပြေးဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင် တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံး အမွေးတွေ ဖုံးကာ လုံးနေသည်။ အဲသည်အထဲမှာ တစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူကတော့ ထော့တီးထော့နဲ့နှင့် လမ်းမလျှောက်တတ်သလို။
ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်း စိတ်ဝင်စားသွားသည်။
“ဒီခွေးလေးက ဘာဖြစ်တာလဲဟင်”
ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံအရိုးခွက် ပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရိစ္ဆာန်ဆေးကုဆရာဝန်က ပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကြီးက ရှင်းပြသည်။
ကောင်လေး ပို၍ စိတ်ဝင်စားသွာသည်။
“ဒီခွေးလေး ကျွန်တော် ၀ယ်ချင်တယ်ဗျာ” သူက ဆိုသည်။
“ဟာ…မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါပေးပါ့မယ်”
သည်စကားကြားတော့ ကောင်လေး မျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမူအရာမျိုးနှင့် ဆိုင်ရှင်ကြီးကို မော့ကြည့်ပြီး ပြန်ပြောသည်။
“အလကားပေးတာ ကျွန်တော် မလိုချင်ဘူး ခင်ဗျ၊ ဒီခွေးလေးလည်း ကျန်တဲ့ခွေးတွေနဲ့ တန်တူ တန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျော့ပါဘူး၊ ကျွန်တော် တန်ဖိုးအပြည့်ပဲပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ဒေါ်လာနဲ့ ၃၇ဆင့်ပဲ ပါတယ်၊ အခု အဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော်ဆပ်ပေးပါ့မယ်”
သို့သော် စတိုးဆိုင်ရှင်က အလျှော့မပေး။
“မလုပ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်း စိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက ပြေးနိုင် လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက် ကစားနိုင်မှာမဟုတ်ဘူး”
သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်းဘီ အောက်နားစကို လှန်၍ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။
“ကျွန်တော်လည်း ကောင်းကောင်း မပြေးနိုင်ပါဘူး၊ ပါပီလေးခမြာမှာ သူ့ကိုကိုယ်ချင်းစာမယ့်လူ တစ်ယောက်တော့ ရှိဖို့ လိုမှာပေါ့” တဲ့။
ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။
[မူရင်း။ ။ Dan Clark ၏ Puppies for Sale](ဖေမြင့်ဘာသာပြန်သည်)