အခန်း (၁)
ကျွန်မ အသက် (၂၀ ) အရွယ် သူနာပြုကျောင်းဆင်းကာစတုန်းကပေါ့..။ တစ်ရက်မှာ… ကျွန်မဟာ ကလေးဆောင် မှာ
အလုပ်ဆင်းဖို့ အလှည့်ကျပါတယ်..။ အခြားသောအဆောင်များနဲ့ နှိုင်းယှဉ်လိုက်ရင် ကလေးဆောင်က ဘာမှ အပန်းမကြီး
ပါဘူးလို့တွေးရင်း သင်တန်းဆင်းဖို့ လိုအပ်နေတဲ့ အဆင့်တစ်ဆင့်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်သွား နိုင်တော့မယ်လို့
ထင်မိလိုက်ပါတယ်။
ကလေးလူနာဆောင်လည်း ရောက်ရော… မောင်ချစ်ကို ဆိုတဲ့ကလေးနဲ့ စတွေ့တော့တာပါပဲ…။ မောင်ချစ်ကို ဟာ
အသက် (၁၁) နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး အားကစားမှာ ထူးချွန်တဲ့ကလေး တစ်ယောက် ဖြစ်တယ်လို့
သိလာရပါတယ်..။ တစ်နေ့မှာ မိဘတွေမသိအောင် အလစ်မှာ ထွက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ၀င်ကြည့်
မိချိန်မှာ ငြမ်းပြုတ်ကျလို့ လက်ကျိုးသွားခဲ့ရတာပါ။
ကံဆိုးရှာတဲ့ကလေးဟာ..ကျိုးတဲ့လက်ကို ကျောက်ပတ်တီးစည်းရင်း အရမ်းကြပ်သွားရာကနေ..ပိုးဝင်ပြီး နောက်ဆုံး
မှာ လက်တစ်ဘက် ဖြတ်လိုက်ရသူလေးပါ။ ခွဲစိတ်ကုသပြီးနောက် သူ့ကိုစောင့်ရှောက်ရသူအဖြစ် ကျွန်မက တာဝန်ချ
ထားပေးခဲ့တာပါ။ ပထမ လေးငါးရက်ကတော့ ဖျိုးကနဲ့ ဖျက်ကနဲ ကုန်သွားပါတယ်..။ ကျွန်မလည်း အရွင်လန်းဆုံးဖြစ်
အောင်လုပ်ပြီး မောင်ချစ်ကို လေးကို အတက်နိုင်ဆုံးဂရုစိုက်ပေးခဲ့ပါတယ်။ သူ့မိဘများလည်း သူ့အနားမှာ တချိန်လုံးရှိ
နေပါတယ်။ သည်လိုနဲ့ တစ်ချိန်လုံး အနာသက်သာစေတဲ့ဆေးတွေ ပေးဖို့မလိုတော့လေလေ.. မောင်ချစ်ကိုလေးရဲ့
ပတ်ဝန်းကျင် ကို ဂရုစိုက်မှုက တိုးလာလေလေ…သူ့ ဇ ကလေးကပြလာလေလေ … ဖြစ်လာပါတယ်။
တရက်မှာတော့ သူ့ကိုရေပတ်တိုက်ဖို့ ပစ္စည်းလေးတွေယူပြီး ၀င်သွားတဲ့အခါ သူကကျွန်မကို ကြည့်ပြီး အတော် နိုးကြား
တက်ကြွနေပါတယ်။ အဲ့ဒါနဲ့ ရေပတ်ဝတ်ကလေး သူ့ကိုပေးပြီး ကိုယ့်ဖာသာကိုယ် ရေပတ်ဝတ် တိုက်ခိုင်း ကြည့်ပါတယ်။
အဆင်ပြေသင့်သလောက် အဆင်ပြေပါတယ်။ နောက်တစ်ရက်ကျတော့ တစ်ကိုယ်လုံးကို ကိုယ့်ဖာသာကိုယ် တိုက်ခိုင်း
ကြည့်ပါတယ်။ အဲ့အခါ မောင်ချစ်ကိုက မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ ကျွန်မလည်း ကြိုးစားပြီး တိုက်ဖို့ပြောတော့ မောင်
ချစ်ကိုလည်း သူ့ဖာသာသူ ရေပတ် တိုက်ပါတယ်။ ဒါပေမယ့် တစ်ဝက်လောက်လည်းကျရော အိပ်ယာပေါ် ပစ်လဲပြီး
"မောပြီ" လို့ပြောပါတယ်။
ကျွန်မလည်း မောင်လေးကမကြာခင်မှာ ဆေးရုံကဆင်းရတော့မှာ မောင်လေးရဲ့….ဆေးရုံကဆင်းရင် မောင်လေးဖာသာ
မောင်လေးအစစအရာရာ လုပ်ကိုင်တက်အောင် အခုကတည်းက လေ့ကျင့်ထားမှာပေါ့မောင်လေးရယ်..။ လို့ ကျွန်မ သူ့ကို
ပြောမိသွားတယ်။။
"လက်တစ်ဘက်တည်းနဲ့ ဘယ်လိုလုပ်ပြီး ကျွန်တော့်ဘာသာ ကျွန်တော်လုပ်လို့ရမလဲဗျ" လို့ သူက စူပုတ်နေတဲ့
မျက်နှာနဲ့ ပြန်ပြောတယ်။ ကျွန်မလည်း မျက်နှာကို အကြည်လင်ဆုံး ထားပြီး သူ့ကို ပြန်ပြောမိပါတယ်။။
"လုပ်နိုင်ပါတယ် မောင်ချစ်ကိုရယ်… မောင်လေးမှာ ညာလက်တစ်ဘက်လုံး အကောင်းကြီးကျန်သေးတာကိုကွယ်"
"ကျွန်တော်က ဘယ်သန်ဗျ..ဆရာမက သိလည်းမသိဘဲနဲ့ လျှောက်ပြောနေတယ်..။" ကျွန်မ စိတ်နည်းနည်းပျက်သွား
မိပါတယ်။ စိတ်ထဲမှာလည်း ကိုယ့်ကိုကိုယ် စိတ်ပျက်သွားမိတယ်။ ကလေးတစ်ယောက်အပေါ်မှာ စိတ်ကောင်းမမွေးသူ
လိုဖြစ်နေတယ်..။ အပေါ်ယံ ဟန်ဆောင်ပြီး ကိုယ့်အလုပ်ကိုပဲ မဲ လုပ်နေသူလို ဖြစ်နေတယ်။
သူဟာ ညာသန်ပါလို့ ကျွန်မက ဘယ်လိုလုပ်ပြီး အပိုင်တွက်လို့ရမှာလဲ..။ အင်း… ဒါဆိုရင်တော့ သူရော ကျွန်မပါ
သိစရာ တက်စရာတွေ အများကြီး ကျန်ပါသေးလားလို့ တွေးမိရပါတော့တယ်..။
အခန်း (၂)
နောက်တစ်ရက် မိုးလင်းလို့ မောင်ချစ်ကိုဆီသွားတဲ့အခါမှာတော့ ခါတိုင်းထက်ပို ပိုပြီးပြုံးရွှင်စွာနဲ့ ၀င်သွား လိုက်ပါတယ်။
ကျွန်မလက်ထဲမှာလည်း သားရေကွင်း တစ်ကွင်းပါသွားပါတယ်..။ မောင်ချစ်ကိုကတော့ ကျွန်မကို မသင်္ကာသလို
ကြည့်နေပါတယ်။ ကျွန်မလည်း သားရေကွင်းကို ကျွန်မလက်ကောက်ဝတ်မှာ စွပ်လိုက်ပြီးတော့သူ့ကို ပြောလိုက်ပါတယ်
"မောင်လေးက ဘယ်သန်..မမက ညာသန်နော်..။ အခု မမရဲ့ ညာဘက်လက်ကိုကျောမှာ ပစ်ထားလိုက်မယ်။ ပြီးရင်
အဲ့လက်ကို သုံးလို့ မရအောင် ဒီသားရေးကွင်းနဲ့ ကျောဘက်က အိင်္ကျီကြယ်သီးမှာ တွဲချည်ထားလိုက်မယ်။ ဟုတ်ပလား..
အဲ..မောင်လေးကို တစ်ခုခုလုပ်ခိုင်းတဲ့ အခါတိုင်းမှာ မမက မမရဲ့ ဘယ်လက်နဲ့ အရင်လုပ်ပြမယ်။ မမအရင်တုန်းက
တစ်ခါမှာ ဘယ်လက်နဲ့မလုပ်ခဲ့ဖူးဘူး။ အဲ့ဒါကိုတော့ မောင်လေး ယုံ။
ကဲ..အခု ဘာကို အရင်ဆုံးလုပ်ကြည့်ရင် ကောင်းမလဲ။"
"ကျွန်တော် အခုမှ အိပ်ယာက နိုးတာဗျ။ အဲ့တော့ သွားတိုက်ရမှာပေါ့..။ သွားတိုက်ဆေး ထည့်ပေး" လို့ မောင်ချစ်ကို
က ပြောလာပါတယ်။ အဲ့ဒါနဲ့ကျွန်မလည်း ဘယ်လက်တစ်ဘက်တည်းနဲ့ သွားတိုက်ဆေးဘူးရဲ့ ၀က်အူရစ်အဖုံးကို
အောင်အောင်မြင်မြင် ဖွင့်ပေးနိုင်သွားပါတယ်။ ပြီးတော့ မောင်ချစ်ကိုရဲ့ သွားပွတ်တံလေးကိုယူပြီး အိပ်ယာဘေးက
စားပွဲပေါ်တင် လိုက်ပါတယ်။ သွားတိုက်ဆေးကို သွားပွတ်တံထိပ်က ၀က်မင်ဘီးလေးတွေပေါ်ကို ဘယ်လက်နဲ့ ထည့်ဖို့
လုပ်တဲ့ အခါကျတော့ မလွယ်တော့ဘူး။ ဖိတ်ကျလို့ကျ..ချော်ထွက်လို့ထွက်နဲ့ ကမောက်ကမတွေဖြစ်နေတော့တာပါပဲ။
ဆယ်မိနစ်နီးပါး အချိန်ကုန်ခံ၊ သွားတိုက်ဆေး အကုန်ခံပြီး လုပ်လိုက်တော့မှ သွားပွတ်တံပေါ်မှာ သွားတိုက်ဆေးက
နေရာရသွားတော့တယ်။
"ကျွန်တော်သာ ဆိုရင် အဲ့လောက် အကြာကြီးလုပ်နေရမျာ မဟုတ်ဘူးအစ်မရဲ့" လို့ မောင်ချစ်ကိုကပြောပါတယ်။ ဒါနဲ့
ကျွန်မလည်း သူ့ကို လုပ်ခိုင်းကြည့်တော့ ဟုတ်ပါတယ်။ သူက ကျွန်မထက် မြန်မြန်သွက်သွက် လုပ်သွားနိုင်တာကိုတွေ့
ရတယ်။ သူ့မျက်နှာမှာလည်း ကျေနပ်တဲ့ အပြုံးစလေးတွေနဲ့။ ကျွန်မလည်း ကျေနပ်တဲ့ အပြုံးလေးတွေနဲ့..။
အခန်း (၃)
သည်လို့နဲ့ နောက်ထပ် (၂) ပတ်တာ အချိန်ကို ကုန်လွန်သွားပြန်ပါတယ်။ ဒီနှစ်ပတ် အတွင်းမှာတော့ မောင်ချစ်ကိုနဲ့
ကျွန်မဟာ သူ့ရဲ့ညာလက်..ကျွန်မရဲ့ ဘယ်လက် တစ်ဖက်တည်း ကိုယ်စီနဲ့ လုပ်စရာရှိသမျှ အရာအားလုံးကို စိတ်ပါ
လက်ပါ လုပ်ကြတယ်..။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်လုပ်ကြတယ်..။
ကျွန်မနဲ့ မောင်ချစ်ကို အသက်ချင်းကွာခြားလှပေမယ့် ရွယ်တူတွေလိုပဲ လက်တစ်ဖက်တည်းနဲ့ လုပ်စရာရှိတာကို မရအရ
လုပ်တမ်းကစားပွဲမှာ လက်ရည်တူ ကစားဖြစ်နေပါတယ်။
ကျွန်မရဲ့ ကလေးလူနာဆောင် တာဝန်ပြီးဆုံးကာနီးကို ရောက်လာချိန်မှာ မောင်ချစ်ကိုဟာလည်း ဆေးရုံကဆင်းလို့
ရလောက်တဲ့အခြေအနေကို ရောက်လာပါပြီ။ လောကကြီးကိုရင်ဆိုင်ဖို့အတွက်လည်း သူ့ကိုယ်သူ ယုံကြည်မှု အပြည့်နဲ့
ဖြစ်နေပါပြီ။
သူဆေးရုံကဆင်းတဲ့နေ့မှာ.. ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုမိကြပါတယ်။ သံယောဇဉ်
ဆိုတာ အဲ့ဒီလိုပါပဲလေ…။ အခုဆိုရင် မောင်ချစ်ကိုနဲ့ဆုံဖူးခဲ့တဲ့ အချိန်ကို ရေတွက်ကြည့်ရင် နှစ်ပေါင်း၂၀ ကျော်ကြာခဲ့
ပါပြီ..။ ကျွန်မ ဘ၀ မှာလည်း အနိမ့် အမြင့် အတက် အကျ ပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဘာအခက်
အခဲပဲ ကြုံလာကြုံလာ ကျွန်မဟာ မောင်ချစ်ကိုလေးကို ပြန်သတိရမိပါတယ်။
လက်တစ်ဖက်တည်းရှိတဲ့ မောင်ချစ်ကိုလေးတောင် အရာရာကို မဖြစ်ဖြစ်အောင် ဖြေရှင်းနိုင်သေးတာကျွန်မမှာ
လက်နှစ်ဖက်စလုံး အကောင်းပကတိ ရှိနေသေးတာပဲ..။ ဘာအခက်အခဲကိုပဲ ဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်..။ ကိုင်တွယ်နိုင်
တယ်..ဖြေရှင်းနိုင်တယ်လို ကျွန်မ တွေးမိနေပါတယ်။
တစ်ခါတစ်လေဆိုရင် ကျွန်မရဲ့ ညာလက်ကိုနောက်ပစ်ပြီးခါးပတ်ကြားမှာ လက်မကို ညှပ်ထားလို့ ဘယ်လက်တစ်ဖက်
တည်းနဲ့ လုပ်စရာကိုင်စရာကိစ္စတွေကို ကြိုးစားလုပ်ကြည့်မိတက်တာလည်း ဒီနှစ်ပေါင်း (၂၀)အတွင်းမှာ မကြာခဏ
ဆိုသလိုပါပဲ။
ပြီးတော့ စိတ်ဆင်းရဲတဲ့အခါ ..ကိုယ့်ကိုကိုယ် ကံဆိုးတယ်လို့ ထင်မိတဲ့အခါ..ဘာမဟုတ်တာလေးနဲ့ စိတ်ပင်ပန်းသွားတဲ့
အခါကျွန်မဟာ ရေချိုးခန်းထဲသွားပြီး ဘယ်လက်တစ်ဖက်တည်းနဲ့ သွားတိုက်ဖို့ ကြိုးစားမိလိုက်တာကြီးပဲရှင်…။
Susan M. Goldberg ရေးတဲ့ You Can Do Anything! ကိုပြန်ဆို တင်ပြလိုက်တာပါ..။ လူ့ဘ၀မှာ လူတိုင်းလူတိုင်းဟာ
အတွေ့အကြုံအမျိုးမျိုးကို နေ့စဉ်တွေ့ကြုံရင်ဆိုင်နေကြရတာပါပဲ။ အဲ့ဒီ အတွေ့အကြုံတွေထဲက တစ်ခုခုဟာ
ကိုယ့်အတွက် တစ်သက်တာ မှတ်စရာဖြစ်သွားအောင် ယူလိုက်မယ်ဆိုရင်လည်း ရတယ်ဆိုတာ.. ဒီအက်ဆေးလေးက
ပြဆိုနေတယ်လို့ ခံစားရပါတယ်။
ဘယ်သန်တစ်ယောက်အတွက်..ဘယ်လက်မရှိတော့ခြင်း..ညာသန်တစ်ယောက်အတွက် ညာလက် သုံးခွင့် ဆုံးရှုံးခြင်း
တို့ဟာ..အင်မတန်ကို စိတ်ဆင်းရဲစရာ ကောင်းမယ်ဆိုတာကို ကိုယ်ချင်းစာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မစာနိုင်ဘူးဆိုရင်လည်း သည်ဇာတ်လမ်းထဲက သူနာပြုဆရာမလေးလို သန်တဲ့လက်တစ်ဖက်ကို မသုံးဘဲ.. မသန်တဲ့
လက်တစ်ဖက်နဲ့ သုံးကြည့်လိုက်ပါ..။ ဘယ်လောက်ခက်ခဲရတယ်..ပင်ပန်းဆင်းရဲရတယ်ဆိုတာ သတိထားမိလာနိုင်
ပါတယ်..။ ဒါပေမယ့် လုပ်ကြည့်ရင် မဖြစ်ဘူးလားဆိုတော့ ဖြစ်တယ်ဆိုတာကိုလည်း တွေ့ရပါလိမ့်မယ်။ ပြီးတော့ မဖြစ်
မနေ လုပ်ရင်းနဲ့ ပင်ပန်းဆင်းရဲတာ..ခက်ခဲတာကိုလည်း ကျော်လွှားလွန်မြောက်သွားနိုင်ဦးမှာပါပဲ..။
အစပိုင်းမှာ ခက်ကောင်းခက်နိုင်ပေမယ့် တစ်ချိန်မှာတော့ အဆင်ပြေသွားမှာ အသေအချာပါ။ တစ်ခါတစ်လေတော့ လုပ်
လို့ မဖြစ်တာမျိုးလည်း ကြုံကောင်းကြုံကြမှာပါ..။ အဲ့ဒီအခါကျရင်တော့ တစ်ချိန်တုန်းက ကျွန်တော်ရေးခဲ့တဲ့ဆက်ဆေး
လေးအတိုင်း ဖန်ခွက်တွေကို ခနလောက် ပြန်ချထားပါ လို့ ပြောချင်ပါသေးတယ်။
လောကဓံဆိုတာ လူတိုင်းတွေ့ကြုံခံစား ရင်ဆိုင်နေကြရတာပါ။ လောကဓံတရား ရှစ်ပါးကတော့ ဘယ်သူမှ မလွန်ဆန်
နိုင်ပါဘူး။ ဒါပေမယ့် အားငယ်တဲ့အခါ..ငိုချင်တဲ့အခါ..အရှုံးပေးချင်လာတဲ့အခါ…ကိုယ့်ကိုကိုယ် သနားနေမိတဲ့အခါ..
ကျရင်.. ငါ့မှာ လက်နှစ်ဖက်စလုံး အကောင်းပကတိ ရှိနေသေးတာပဲ.. မောင်ချစ်ကို လေးတောင်မှ…..ဆိုတဲ့ အတွေးကို
ပြန်တွေးမိစေချင်ပါတယ်..။
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.