မူရင်း... Hans Christian Andersen ရဲ့ The Emperor's New Suit
ဟိုးရှေးရှေးတုန်းက လှပတဲ့ အဝတ်အစားအသစ် ဝတ်ရတာကို အရမ်းနှစ်သက်တဲ့ ရှင်ဘုရင်တစ်ပါးရှိတယ်။
ဘုရင်ဟာ လှလှပပဝတ်ဖို့အတွက် ငွေကြေးအမြောက်အများ အကုန်ကျခံလေ့ရှိတယ်။ ဘုရင်ဟာ
သူ့စစ်သားတွေကို ဂရုမစိုက်ခဲ့သလို ဇာတ်သဘင်ကိုလည်း မနှစ်သက်ခဲ့ဘူး။ ဝတ်ထားတဲ့ အဝတ်အစားကို
ကြွားဝါဖို့ကလွဲလို့ ဘုရင်ဟာ မြင်းရထားစီးပြီး အပြင်ထွက်ဖို့ကိုတောင်မနှစ်သက်ခဲ့ဘူး။ ဘုရင်ဟာ နေ့တိုင်း
တစ်နာရီခြားတစ်ခါ အဝတ်အစား အသစ်လဲလေ့ရှိတယ်။
ဘုရင်အကြောင်း ပြောတိုင်း
"
ဘုရင်ကြီး အစည်းအဝေးဆောင်မှာ ရှိနေတယ်" လို့ ပြောမယ့်အစား လူတွေက
"
ဘုရင်ကြီး အဝတ်လဲဆောင်မှာ ရှိနေတယ်"လို့ ပြောကြတယ်။
ဘုရင်အုပ်ချုပ်တဲ့ တိုင်းပြည်ကြီးဟာ စား၊ ဝတ်၊ နေရေး စည်ပင်ဝပြောသလို ပျော်စရာလည်း ကောင်းတယ်။
တိုင်းပြည်ထဲကိုတစ်ခြားတိုင်းပြည်က လူတွေ နေ့စဉ် အလည်အပတ် ရောက်ရှိလာတတ်ကြတယ်။ တစ်နေ့မှာ
တိုင်းပြည်ထဲ လူလိမ်နှစ်ဦးရောက်လာခဲ့ပြီး သူတို့ကိုယ်သူတို့ ရက်ကန်းသမားလို့ ဆိုကြတယ်။ လူတွေ
မယုံကြည်နိုင်လောက်တဲ့ အကောင်းဆုံးအထည်ကို သူတို့ရက်လုပ်နိုင်တယ်လို့ ပြောပြီး အထည်ရဲ့ အရောင်နဲ့
အပွင့်ကို အလှဆုံး ရက်နိုင်ရုံသာမက သူတို့ရက်တဲ့အထည်နဲ့ချုပ်တဲ့ အဝတ်အစားမှာလည်း ထူးခြားမှုတွေပါတယ်လို့
ပြောပြန်တယ်။ အစွမ်းအစ မရှိသူ၊ ညံ့ဖျင်းသူတွေက ဒီအဝတ်ကိုမမြင်နိုင်ဘူးလို့ ဆိုကြတယ်။
"ဒါ ငါအနှစ်သက်ဆုံး အဝတ်အစားဖြစ်မယ်" ဘုရင် စိတ်ထဲ တွေးလိုက်တယ်။
"ဒီအဝတ်အစားကို ငါဝတ်ထားရင် ငါ့တိုင်းပြည်မှာ ဘယ်သူက စွမ်းရည်မရှိဘူး၊ ဘယ်သူက ထက်မြက်တယ်၊
ဘယ်သူကညံ့ဖျင်းတယ်ဆိုတာကို ငါခွဲခြားနိုင်မယ်။ ကောင်းပြီ.. ခုချက်ချင်းပဲ သူတို့ကို ဒီလိုအထည်မျိုး
ရက်ခိုင်းလိုက်မယ်" လို့တွေးမိပြီး လူလိမ်နှစ်ဦးကို ငွေအမြောက်အများ ပေးပြီး ချက်ချင်း ရက်လုပ်စေခဲ့တယ်။
လူလိမ်နှစ်ဦးဟာ ရက်ကန်းစင်နှစ်ခုနဲ့ အထည်ရက် ဟန်ဆောင်နေခဲ့ကြတယ်။ ဒါပေမယ့် ရက်ကန်းစင်ပေါ်မှာ
ဘာပစ္စည်းမှရှိမနေခဲ့ဘူး။ လူလိမ်နှစ်ဦးဟာ ဘုရင့်ဆီ အကောင်းဆုံးပိုးထည်နဲ့ ရွှေတွေကို အဖန်တလဲလဲ
တောင်းဆိုခဲ့တယ်။ ပြီးတော့အဲဒီပစ္စည်းတွေကို သူတို့အပိုင် ယူထားလိုက်ကြတယ်။ သူလိမ်နှစ်ဦးဟာ
ဘာမှမရှိတဲ့ ရက်ကန်းစင်မှာ ညနက်သန်းခေါင်အထိ အလုပ်များဟန်ဆောင်ခဲ့ကြတယ်။
"သူတို့ရက်တဲ့အထည် ဘယ်လိုနေလဲ မသိဘူး ငါအရမ်းသိချင်နေပြီ" လို့ ဘုရင်က တွေးလိုက်တယ်။ အဲဒီနောက်
လူဖျင်းလူညံ့နဲ့ အရည်အချင်းမရှိသူတွေက ရက်လုပ်နေတဲ့ အထည်ကို မမြင်နိုင်ဘူးဆိုတဲ့ စကားကို သူ
သတိရလိုက်ပြီး စိတ်ထဲမှာနေမသိထိုင်မသာ ဖြစ်မိတယ်။ ဒါပေမယ့် ဒီ့အတွက် ကြောက်စရာမလိုဘူးလို့
ဘုရင်က သူ့ကိုယ်သူ ယုံကြည်လိုက်တယ်။သို့သော်ငြားလည်း တစ်ယောက်ယောက်ကို အရင်စေခိုင်းပြီး
ကြည့်ခိုင်းတာ ပိုကောင်းမယ်လို့ တွေးမိပြန်တယ်။ မြို့ထဲမှာရှိတဲ့လူတွေကလည်း အခုရက်လုပ်တဲ့ အထည်မှာ
ထူးခြားချက်တွေပါတယ်လို့ ကြားထားကြလို့ အားလုံးက အခွင့်အရေးရတာနဲ့ ကြည့်ချင်နေကြတယ်။
သူတို့ရဲ့အိမ်နီးချင်းတွေ ဘယ်လောက်တုံး အတယ်ဆိုတာကို သိချင်နေကြတယ်။
"ငါ့ရဲ့ သစ္စာအရှိဆုံး အမတ်ကြီးကို သွားကြည့်ခိုင်းမယ်" လို့ ဘုရင်က စဉ်းစားလိုက်တယ်။
"ဒီအထည်ရဲ့ ပုံစံကို သူပဲမြင်နိုင်မယ်။သူက ဥာဏ်ရည်ထက်မြက်ပြီး အရည်အချင်း ရှိသူဖြစ်တယ်"
အဲဒီနောက် သစ္စာရှိတဲ့အမတ်ကြီးဟာ လူလိမ်နှစ်ဦး ရက်လုပ်နေတဲ့ ရက်ကန်းစင်နား ရောက်သွားခဲ့တယ်။
ဘာမှမရှိတဲ့ ရက်ကန်းစင်ပေါ်မှာ သူတို့ဟာ အလုပ်ရှုပ်နေခဲ့ကြတယ်။
"ဒါ ဘယ်လိုဖြစ်ရတာပါလိမ့်?" အမတ်ကြီး တွေးလိုက်တယ်။ မျက်လုံးလည်း ကျွတ်ကျမတတ် ပြူးသွားခဲ့တယ်။
"ငါ ဘာမှမမြင်ပါလား?" ဒီစကားကို အမတ်ကြီး ပြောမထွက်ရဲခဲ့ပါဘူး။ လူလိမ်နှစ်ယောက်က အမတ်ကြီးကို
အနီးကပ်ကြည့်ဖို့တောင်းဆိုလိုက်သလို အထည်ပေါ်က အပွင့်၊ အရောင်တွေ လှရဲ့လားလို့ ဘာမှမရှိတဲ့
ရက်ကန်းစင်ကို လက်ညှိုးထိုးပြီးမေးလိုက်တယ်။
သနားစရာ အမတ်ကြီးဟာ မျက်လုံးကို ပြူးသထက်ပြူးကြည့်ပေမယ့် ဘာမှမမြင်ခဲ့ရဘူး။
တကယ်လည်း ရက်ကန်းစင်ပေါ်မှာကြည့်စရာပစ္စည်း ဘာမှမရှိခဲ့ဘူး။
"ဘုရားရေ.... ငါဟာ တကယ်ပဲ ညံ့ဖျင်းသူလား? ဒါကို ငါတစ်ခါမှ သံသယမရှိခဲ့ဘူး။
ဒီကိစ္စ လူတွေကို ပေးသိလို့မဖြစ်ဘူး။ငါဟာ တကယ်ပဲ အစွမ်းအစ မရှိသူလား?
မဖြစ်ဘူး.. မဖြစ်ဘူး.. အထည်ကို ငါမမြင်ဘူးလို့ လူတွေကို ပြောပြလို့ မဖြစ်ဘူး"လို့ တွေးလိုက်တယ်။
"
ဘာအကြံမှ ပေးဖို့ မရှိဘူးလား? " အထည်ရက်နေတဲ့ လူလိမ်တစ်ဦးက မေးတယ်။
"
အိုး.. အရမ်းလှတယ်။ တကယ်ကို လှလွန်းပါတယ်" အမတ်ကြီးက ပြောပြောဆိုဆို မျက်မှန်တပ်ပြီး
သေချာကြည့်နေတော့တယ်။
"
လှလိုက်တဲ့အပွင့်၊ လှလိုက်တဲ့ အရောင်၊ တကယ်ပါပဲ။ ဒီအထည်ကို ကျုပ် အရမ်း သဘောကျကြောင်း ဘုရင်ကြီးဆီ
သွားလျှောက်တင်မယ်"
"
အမတ်ကြီးရဲ့ စကားကြားရတာ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်" လူလိမ်နှစ်ဦး ပြိုင်တူပြောလိုက်တယ်။
ပြီးတော့အမတ်ကြီးကို အထည်ရဲ့အရောင်၊ အပွင့်နဲ့ ပတ်သက်ပြီး စီကာပတ်ကုံး ပြောပြနေတယ်။
အမတ်ကြီးက သူတို့ပြောသလိုဘုရင်ကို ပြန်လျှောက်တင်ဖို့ ဂရုတစိုက် နားထောင်နေခဲ့တယ်။
လူလိမ်နှစ်ယောက်ဟာ အထည်အတွက် ကုန်ကျစရိတ်ဆိုပြီး ငွေကြေး၊ ပိုးထည်နဲ့ ရွှေ အမြောက်အမြားကို
တောင်းဆိုပြန်တယ်။ပြီးတော့ တောင်းဆိုသမျှကို သူတို့အိတ်ထဲ ထည့်လိုက်ကြတယ်။ အထည် ရက်လုပ်ဖို့အတွက်
တစ်ပြားမှ မသုံးခဲ့ကြဘူး။သူတို့ဟာ အရင်ပုံစံအတိုင်း ဘာမှမရှိတဲ့ ရက်ကန်းစင်မှာ အလုပ်လုပ်နေကြပြန်တယ်။
သိပ်မကြာခင်မှာပဲ ဘုရင်ကြီးဟာ အထည်ပြီးမပြီး အခြေအနေကိုသိဖို့ သစ္စာရှိတဲ့ နောက်အမတ်တစ်ဦးကို
စေလွတ်ပြန်တယ်။အရင်အမတ်ကြီးလိုပဲ ဘာမှမရှိတဲ့ ရက်ကန်းစင်ကို သူအပြန်သလဲလဲ ကြည့်မိတယ်။
ဒါပေမယ့် ဘာမှကြည့်စရာ မမြင်ခဲ့ဘူး။
"
ဒီ အထည်မလှဘူးလား ကြည့်စမ်း" လူလိမ်နှစ်ယောက်က မေးတယ်။ ဘာမှမရှိတဲ့ အပွင့်တွေကို ညွှန်ပြပြီး အမတ်ကို
သူတို့ရက်လုပ်တဲ့ အထည်အကြောင်း ရှင်းပြနေခဲ့တယ်။
"ငါ မတုံးအဘူး" အမတ်က တွေးလိုက်တယ်။ "ဒါဟာ ငါ ဒီအမတ်လုပ်ဖို့ မထိုက်တန်ဘူးဆိုတာကို ပြနေတာလား?
ထူးဆန်းလိုက်တာ.. ဒါပေမယ့် ဒီကိစ္စလူတွေကို ပေးသိလို့မဖြစ်ဘူး" လို့ တွေးပြီး ဘာမှမမြင်ရတဲ့ အထည်ကို
ချီးမွမ်းပြောဆိုခဲ့တယ်။ အထည်ရဲ့အရောင်၊ အပွင့်တွေကို အလွန် ကြိုက်နှစ်သက်ကြောင်းလည်း ပြောခဲ့တယ်။
"
တကယ်ပဲ အရမ်းလှပါတယ်" လို့ အမတ်က ရှင်ဘုရင်ကို ပြန်လျှောက်တင်ခဲ့တယ်။
မြို့ထဲက လူတွေအားလုံး လှပတဲ့ ဒီအထည်အကြောင်းကို ပြောနေခဲ့ကြတယ်။ အထည်ရက်လုပ်နေတဲ့
အတောအတွင်းမှာပဲရှင်ဘုရင်က ကိုယ်တိုင်တစ်ခေါက် သွားရောက်ကြည့်ချင်ခဲ့တယ်။ ဘုရင်က
အထည်ကိုသွားကြည့်ခဲ့တဲ့ အမတ်နှစ်ဦးအပါအဝင် နောက်လိုက်တစ်ချို့ကို ရွေးပြီး အထည်ရက်လုပ်တဲ့
လူလိမ်တွေဆီ သွားခဲ့တယ်။ လူလိမ်နှစ်ဦးက ချည်တစ်ချောင်းမှမသုံးဘဲ အထည်ကို ကြိုးစားပမ်းစား
ရက်လုပ်နေခဲ့ကြတယ်။
"ကြည့်စမ်း မလှဘူးလား?" သစ္စာရှိတဲ့ အမတ်ကြီးနှစ်ဦးက ပြောတယ်။
"ဘယ်လောက်လှလိုက်တဲ့ အပွင့်နဲ့အရောင်လဲ .. အရှင်မင်းကြီး ရူစားတော်မှုပါ" လို့ပြောပြီး ဘာမှမရှိတဲ့
ရက်ကန်းစင်ကိုညွှန်ပြကြတယ်။ တစ်ခြားလူကြည့်ရင် မြင်ကြလိမ့်မယ်လို့ သူတို့ထင်နေခဲ့ကြတယ်။
"ဒါ ဘယ်လိုဖြစ်ရတာပါလိမ့်?
ဘာဖြစ်လို့ ငါမမြင်တာပါလိမ့်?
မဖြစ်နိုင်တာ.. ငါဟာ ညံ့ဖျင်းသူလား?
ငါဟာ ဘုရင် မဖြစ်ထိုက်သူလား?
ဒါဟာ ငါတစ်ခါမှ မကြုံခဲ့ဖူးတဲ့ ကြောက်စရာ ကိစ္စတစ်ရပ်ပါလား" လို့ ရှင်ဘုရင် တွေးမိတယ်။
"
အိုး.. လှလိုက်တာ" လူလိမ်ဖက်လှည့်ပြီး ဘုရင်က ပြောလိုက်တယ်။ "ကျုပ်ကိုယ်တော်မြတ် သဘောကျတယ်"
ဘုရင်က သဘောကျတဲ့ အမှုအရာနဲ့ ခေါင်းတစ်ညိတ်ညိတ် လုပ်နေခဲ့တယ်။ ရက်ကန်းစင်ကိုလည်း ဂရုတစိုက်
ကြည့်သလိုဟန်ဆောင်နေခဲ့တယ်။ သူ ဘာကိုမှ မမြင်ဘူးဆိုတဲ့အကြောင်းကို ဘုရင်က ထုတ်မပြောချင်ခဲ့ဘူး။
ဘုရင်ရဲ့နောက်လိုက်တွေကလည်း သေသေချာချာ ကြည့်နေခဲ့ကြပေမယ့် သူတို့ဘာမှ မမြင်ခဲ့ကြဘူး။ ဒါပေမယ်
သူတို့တစ်တွေလည်း ဘုရင်ကြီးအတိုင်း"လှလိုက်တာ" လို့ ပြောနေခဲ့ကြတယ်။
ဒီလို ထူးဆန်းပြီး လှပတဲ့အထည်နဲ့ အင်္ကျီချုပ်ပြီး မကြာခင်မှာ ပြုလုပ်မယ့် တိုင်းခန်းလှည့်လည်ပွဲမှာ ဝတ်ပြီး
ပါဝင်ဖို့နောက်လိုက်တွေက ဘုရင်ကြီးကို အကြံပြုကြတယ်။
"အရမ်းလှ၊ အရမ်းကောင်း၊ အရမ်းသားနားလွန်းတယ်" လို့ လူတိုင်းက ချီးမွမ်း၊ ပျော်ရွှင်နေကြတယ်။
ဘုရင်က ရက်ကန်းသည်နှစ်ဦးကို "မြင့်မြတ်တဲ့ ရက်ကန်းဆရာ" အဖြစ် ချီးမြောက်လိုက်တယ်။
နောက်တစ်ရက် မိုးလင်းတာနဲ့ တိုင်းခန်းလှည့်လည်ဖို့က စတင်တော့မယ်။ အဲဒီညမှာ လူလိမ်နှစ်ယောက် မအိပ်ခဲ့ကြဘဲ
ဖယောင်းတိုင် ၁၆တိုင် ထွန်းညှိပြီး ဘုရင့်အင်္ကျီပြီးဖို့အတွက် အလုပ်ကို ကြိုးစားပမ်းစား လုပ်ခဲ့ကြတယ်။ အထည်ကို
ရက်ကန်းစင်ပေါ်က ယူချသယောင်ပြုပြီး ကပ်ကြေးကြီး နှစ်လက်နဲ့ လေထဲမှာ အဝတ်စကို ညှပ်နေခဲ့ကြတယ်။
အဲဒီနောက် ချည်မပါတဲ့အပ်နဲ့အဝတ်ကို ချုပ်နေကြပြန်တယ်။
"ကြည့်စမ်း ... အဝတ်သစ် ချုပ်ပြီးပြီ" လို့ သူတို့ ပြိုင်တူ ပြောနေကြတယ်။
ဘုရင်ကြီးက နောက်လိုက် အခြံအရံနဲ့ ရောက်လာခဲ့ကြတယ်။ လူလိမ်နှစ်ယောက်ဟာ လက်တစ်ဖက်စီကို မြှောက်ပြီး
တစ်ခုခုကို ကိုင်မြှောက်ထားဟန် လုပ်ထားကြတယ်။
"ကြည့်စမ်းပါဦး... ဒါက ဘောင်းဘီ၊ ဒါက အင်္ကျီ၊ ဒါက ဝတ်ရုံ" စတာတွေ ပြောပြီး "ဒီ အင်္ကျီတွေက ပင့်ကူမျှင်လိုပဲ ပေါ့ပါး
လွန်းတယ်။ ဝတ်ထားရင် ကိုယ်ပေါ်မှာ ဘာမှမရှိသလို ခံစားရလိမ့်မယ်။ ဒါဟာ ဒီဝတ်စုံရဲ့ထူးခြားချက်ပဲ" လို့ ဆိုကြတယ်။
"သိပ်မှန်တာပေါ့" နောက်လိုက်တွေ အားလုံး ထောက်ခံကြတယ်။ ဒါပေမယ့် သူတို့ ဘာမှ မမြင်ခဲ့ကြဘူး။ တကယ်လည်း
ဘာမှ ကြည့်စရာ မရှိခဲ့ဘူး။
"အရှင်မင်းမြတ်.. ကိုယ်ပေါ်က အဝတ်အစားတွေကို ချွတ်လိုက်ပါ။ ဒီမှန်ကြီးရှေ့မှာ အရှင်မင်းမြတ်ကို ဝတ်ရုံတော်အသစ်
လဲပေးမှာ ဖြစ်ပါတယ်" လူလိမ်နှစ်ဦးက ပြောတယ်။
ဘုရင်က ကိုယ်ပေါ်မှာရှိတဲ့ အဝတ်အစား အားလုံးကို ချွတ်လိုက်တယ်။ လူလိမ်နှစ်ဦးက အင်္ကျီတစ်ထည်ပြီး တစ်ထည်
ဘုရင်ကြီးကို ဆက်သနေဟန် လုပ်ခဲ့ကြတယ်။ ဘုရင်က မှန်ရှေ့မှာ ကိုယ်ကိုလှည့်ပတ်ပြီး ကြည့်နေခဲ့တယ်။
"အရှင်မင်းကြီးနဲ့ ဝတ်ရုံအသစ် လိုက်ဖက်လှပါတယ်" လို့ လူတွေက ပြောကြတယ်။
"လှလိုက်တဲ့ အပွင့်၊ လှလိုက်တဲ့အရောင်.. တကယ်ပဲ တန်ဖိုးကြီး မြင့်မြတ်တဲ့ ဝတ်စုံပါလား! "
"စီးတော်ယာဉ် အဆင်သင့် ဖြစ်ပါပြီ ဘုရား၊ အရှင် နန်းတော်က ထွက်တာနဲ့ စတင်လှည့်လည်လို့ ရပါပြီ" လို့
အစီအစဉ်မှူးက ကြေညာလိုက်တယ်။
"ကျုပ် ကိုယ်တော်မြတ် အဆင်သင့်ဖြစ်ပြီ။ ဒီဝတ်ရုံ ကျုပ်ကိုယ်တော်နဲ့ အံကိုက်ရဲ့လား?" ဘုရင်ကြီးက ပြောပြောဆိုဆို
မှန်ရှေ့မှာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြန်တယ်။ ဝတ်ရုံကို တကယ်ပဲ သူခံစား ကြည့်ရှုနေကြောင်း လူတွေသိအောင်
ဖြစ်တယ်။ဘုရင်ရဲ့နောက်က ဝတ်ရုံကို မ,ချီကြမယ့် အခြွေအရံတွေက လက်နှစ်ဖက်နဲ့ မြေပြင်ကို ဟိုစမ်းဒီစမ်းလုပ်ပြီး
ဝတ်ရုံကိုတကယ်ကိုင်မြှောက်ထားဟန် ပြုထားကြတယ်။ သူတို့ဘာမှ မမြင်ကြောင်းကို လူတွေကို အသိမခံရဲခဲ့ကြဘူး။
ဒီလိုနဲ့ ဘုရင်ကြီးဟာ လှပတဲ့ စီးတော်ယာဉ်နဲ့ တိုင်းခန်းလှည့်လည်ခဲ့တယ်။ လမ်းပေါ်ကလူတွေ၊ ပြတင်းပေါက် လူတွေက
ဘုရင်ကြီးကို ကြည့်ပြီး "ဘုရင်ကိုယ်ပေါ်က အင်္ကျီအသစ်က လှလိုက်တာ! လွှာထားတဲ့ ဝတ်ရုံကလည်း လှလိုက်တာ!
အင်္ကျီကကိုယ်နဲ့အံကိုက်ပဲ! " လို့ ပြောကြတယ်။ ဘယ်သူကမှ သူတို့ ဘာမှ မမြင်ကြောင်း လူတွေကို ပေးမသိချင်ခဲ့ကြဘူး။
ကိုယ်အစွမ်းအစ မရှိတာ၊ ညံ့ဖျင်းတာကို လူတွေ မသိစေချင်ခဲ့ဘူး။ ဘုရင်ရဲ့ ကျန်အဝတ်အစားအားလုံး တစ်ခါမှ
ဒီဝတ်ရုံလိုချီးမွမ်းတာ မခံခဲ့ရဖူးဘူး။
" ဘုရင်က ဘာမှလည်း ဝတ်မထားပါလား! " အနောက်ဆုံးက ကလေးတစ်ယောက်ရဲ့ အသံထွက်လာတယ်။
"ဘုရားသခင် ! ဒါဟာ အပြစ်ကင်းတဲ့ ကလေးတစ်ဦးရဲ့ အသံဖြစ်တယ်" ဖခင်ဖြစ်သူက ပြောတယ်။
အဲဒီနောက် ကလေးရဲ့ စကားကို လူတွေက တီးတိုးပြောနေကြတယ်။
"ဘုရင်ကြီးက ဘာမှဝတ်မထားဘူးတဲ့.. ကလေးတစ်ယောက်က ပြောတယ် ရှင်ဘုရင်က ဘာမှ ဝတ်မထားဘူးတဲ့"
"တကယ်ပဲ ဘုရင်ကြီးက ဘာမှဝတ်မထားဘူးလေ" နောက်ဆုံးက ပြည်သူတွေက အော်ကြတယ်။
ဘုရင်ကြီး အသားတဆတ်ဆတ် တုန်နေမိတယ်။ ပြည်သူတွေပြောတဲ့ စကားက အမှန်ဖြစ်ကြောင်း သူခံစားမိတယ်။
ဒါပေမယ့်သူ့စိတ်ထဲမှာ ဒီလိုတွေးနေခဲ့တယ်။
"ဒီလှည့်လည်တာကို ပြီးတဲ့အထိ ငါလှည့်ရမယ်" ဆိုပြီး ဂုဏ်ယူတဲ့ ဟိတ်ဟန်အမှုအရာနဲ့ လှမ်းလျှောက်နေခဲ့တယ်။
နောက်လိုက် အခြွေအရံတွေကလည်း ဘုရင့်နောက်ကနေ ဘာမှမရှိတဲ့ ဝတ်ရုံကို ကိုင်ဆုတ်ပြီး လိုက်ပါခဲ့တော့တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။